လူငယ်နှင့်စာဖတ်ခြင်း (စာကြည့်တိုက်ယဉ်ကျေးမှုအစ စာသင်ကျောင်းက)
စာကြည့်တိုက်သည် စာအုပ်ပေါင်းများစွာတို့၏ နေအိမ်ဖြစ်၏။ စာအုပ်များစွာရှိရာ နေရာဖြစ်၏။ မြန်မာအဘိဓာန်၌ စာကြည့်တိုက်ကို “ကြည့်ရှုလေ့လာရန်၊ ငှားရမ်းရန်စာအုပ်များသိမ်းဆည်းထားရာ အဆောက်အအုံ”ဟု အနက်ဖွင့်သည်။ စာကြည့်တိုက်တွင် အကြောင်းအရာပေါင်းများစွာ၊ ပညာရပ်ပေါင်းများစွာပါရှိသော စာအုပ်စာစောင်၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတို့သာမက စာအုပ်မဟုတ်သော အခြားလေ့လာစရာအရာများ စနစ်တကျစုစည်းထားသည်။ စာကြည့်တိုက်ကို အံ့ဩဖွယ်ရာအပေါင်းနှင့် ပြည့်လျှမ်းနေသောကမ္ဘာကြီးဟု ဆိုနိုင်၏။
