နေပြည်တော် ဖေဖော်ဝါရီ ၂၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုးသည် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်အတွင်း ယမန်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျေးရွာများသို့ သွားရောက်၍ ထောက်ပံ့ငွေများ ပေးအပ်သည်။
ဦးစွာ ဒုတိယဝန်ကြီးက လယ်ဝေးမြို့နယ် မှန်တောကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ ရပ်ကွက် (၁) ရပ်ကွက် ကျေးရွာအုပ်စု ၁၈ စုမှ ပြိုကျနေအိမ် ၁၅ လုံး၊ အမိုးလန်နေအိမ် ၂၅၀ အတွက် ထောက်ပံ့ငွေကျပ်သိန်း ၁၄၀ ကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက လယ်ဝေးမြို့နယ် သက္ကယ်ကျင်းကျေးရွာအုပ်စုရှိ အမိုးလန်အိမ် ၇၇ လုံးအတွက် ထောက်ပံ့ငွေကျပ် ၃၈၅၀၀၀၀ ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ပြီး ဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားသည်။
ယင်းနောက် ဒက္ခိဏသီရိမြို့နယ် ဆည်စုကျေးရွာ ဆည်စုကျေးရွာခန်းမ၌ လေဘေးသင့်ပြည်သူများအား တွေ့ဆုံကာ ဒုတိယဝန်ကြီးက ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာအုပ်စုလေးစုမှ ပြိုကျနေအိမ် ၁၄ လုံး၊ အမိုးလန်နေအိမ် ၈၁ လုံးအတွက် ထောက်ပံ့ငွေကျပ် ၅၄၅၀၀၀၀ ကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ကျွန်းတပဲ့ကျေးရွာအုပ်စုမှ ပြိုကျနေအိမ် လေးလုံး၊ အမိုးလန် ၆၉ လုံးအတွက် ထောက်ပံ့ငွေကျပ် ၃၈၅၀၀၀၀ ကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်က ရန်အောင်မြင်ကျေးရွာမှ ပြိုကျနေအိမ်နှစ်လုံး၊ အမိုးလန်အိမ် ကိုးလုံးတို့အတွက် ထောက်ပံ့ငွေကျပ် ၆၅၀၀၀၀ ကိုလည်းကောင်း၊ တာဝန်ရှိသူများက ပန်းပေါင်းစုံဘုရားများကိုလည်းကောင်း ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ကာ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
