Skip to main content

(၁၀၂) ကြိမ်မြောက် တောင်သူနည်းပညာပေးဆွေးနွေးပွဲတွင် သီးနှံများအထွက်နှုန်း တိုးတက်စေရေးအတွက် ဂေဟစနစ်ဖွံ့ဖြိုးရေးနှင့် ဝတ်မှုန်ကူးမှုအထောက်အကူပြုသော ပျားနှင့် အင်းဆက်/သတ္တဝါများ၏အခန်းကဏ္ဍခေါင်းစဉ်ဖြင့် ဆွေးနွေး

နေပြည်တော် ဖေဖော်ဝါရီ ၂၁

(၁၀၂)ကြိမ်မြောက် တောင်သူ နည်းပညာပေးဆွေးနွေးပွဲကို ယနေ့တွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း (AERDTC)ခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က အွန်လိုင်းမှ တက်ရောက်သည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က သီးနှံများ အထွက်တိုးရေးအတွက် ဂေဟစနစ် ဖွံ့ဖြိုးရေးနှင့် ဝတ်မှုန်ကူးမှု အထောက်အကူပြုသော ပျားနှင့် အင်းဆက် / သတ္တဝါများ၏ အခန်း ကဏ္ဍသည် အရေးကြီးကြောင်း၊ ပျားနှင့် အင်းဆက်ပိုးမွှားများသည် စိုက်ပျိုးသီးနှံများ၏ ဝတ်မှုန် ကူးမှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ ယင်းတို့၏ ဝတ်မှုန်ကူးဆောင်ရွက်မှုကြောင့် သီးနှံအထွက်နှုန်းများ သိသိ သာသာ တိုးတက်လာကြောင်း၊ ယနေ့တွင် ပညာရှင်များက ပျားနှင့် အင်းဆက်/သတ္တဝါများ၏ ဂေဟစနစ်အတွင်း အရေးပါမှုနှင့် စိုက်ပျိုးရေးထွက်ကုန် တိုးတက် ရေးအတွက် မည်ကဲ့သို့ အထောက်အကူပြုကြောင်းတို့ကို ဆွေးနွေး မျှဝေသွားမည်ဖြစ်သည့်အတွက် သေချာစွာ လေ့လာမှတ်သားပြီး သိလိုသည်များကို ဆွေးနွေးကြရန် ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးတက္ကသိုလ် ကိမိလဗေဒဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာ ခင်မိမိက “သီးနှံအထွက်တိုးဖို့ ပျားနှင့် အင်းဆက်များထိန်းသိမ်းစို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ ဒေါက်တာလှိုင်မင်းဦးက “တောင်သူအကျိုးပြု ပျားမွေးမြူ ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ကိမိလဗေဒဌာန တွဲဖက်ပါမောက္ခ ဒေါက်တာဖြူဖြူစမ်းက “သီးနှံများ အထွက်နှုန်း တိုးတက်စေရန် ဝတ်မှုန်ကူးပေးသော အင်းဆက် ပိုးများနှင့် အခြားသတ္တဝါများ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးကြရာ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

အဆိုပါဆွေးနွေးပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့မှ ပညာရှင်များနှင့် သုတေသီများ၊ စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ နေပြည်တော်ကောင်စီနယ်မြေ မြို့နယ်ရှစ်မြို့နယ်မှ တောင်သူစုစုပေါင်း ၁၁၅ ဦးတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှ စိုက်ပျိုးရေး ပညာရှင် ၁၅၀ တို့ကလည်း Zoom Point ၁၀၀ မှ ပါဝင်တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်