Skip to main content

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၂) သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပပြုလုပ်

နေပြည်တော် ဖေဖော်ဝါရီ ၁၈

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၂) တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ ရောက်ရှိ၍ လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၂) သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားကြသည်။

အဆိုပါသင်တန်းဖွင့်ပွဲများသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယတိုင်းမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၂) မှ သင်တန်းသားများအား တွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ကြပြီး သင်တန်းသားများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ အဆိုပါပြည်သူ့စစ်မှုထမ်းသင်တန်းများမှ သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သားကောင်းများသည် တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဦးလည်မသုန်ကျေပွန်စွာ ထမ်းဆောင်နေကြပြီဖြစ်သည်။

ယနေ့တွင် ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၂) မှ နိုင်ငံ့သားကောင်းလူငယ်များအဖြစ် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်ရန် သင်တန်းတက်ရောက်ကြမည့် သင်တန်းသားများ၏ စကားသံများကိုလည်း ကြားသိရပါသည်-

၁။ ကျွန်တော်က ဒီပြည်သူ့ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၂) ကို မည်သူတစ်ဦးတစ်ယောက်ရဲ့ တိုက်တွန်းချက်၊ တားမြစ်ချက်နဲ့ မဟုတ်ဘဲနဲ့ မိမိရဲ့သဘောဆန္ဒအလျောက်နဲ့ လာတက်ရောက်ခြင်းဖြစ်ပါတယ်။ ကျွန်တော်က ပြည်သူ့စစ်မှုထမ်းသင်တန်းကို မြန်မာနိုင်ငံသား တစ်ယောက်ဖြစ်တဲ့အတွက် ကိုယ့်တိုင်းပြည်ကို ကိုယ်ကျရာ အခန်းကဏ္ဍကနေကာကွယ်ချင်တဲ့ စိတ်ဆန္ဒတစ်ခုနဲ့ လာတက်တာပါ။ တပ်မတော်အင်အားရှိမှ တိုင်းပြည်ကလည်း အင်အားရှိလာမှာပါ။ နိုင်ငံသားတိုင်းမဖြစ်မနေတက်ရောက်ရမယ့် ပြည်သူ့စစ်မှုထမ်းသင်တန်းဖြစ်တဲ့အတွက်ကို နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။ အဲအတွက် နောင်လာမယ့် ညီငယ်လေးတွေကိုလည်း ဒီနေရာကနေ ဖိတ်ခေါ်ပါတယ်။ ကိုယ့်နိုင်ငံအတွက်၊ ကိုယ့်လူမျိုးအတွက်၊ ကိုယ့်မိသားစုအတွက်ကို ကာကွယ်ရာရောက်ပါတယ်။ ဒီသင်တန်းမှာ ပို့ချတဲ့အရာတွေကို စည်းကမ်းတကျနဲ့ သေချာလေ့ကျင့်လိုက်နာဆောင်ရွက်မယ်ဆိုရင် နိုင်ငံတော်အတွက် တကယ်အားကိုး အားထားရတဲ့ နိုင်ငံ့သားကောင်းတွေ ဖြစ်လာမယ်ဆိုတာကိုလည်း ယုံကြည်ပါတယ်။ ရဲရဲဝံ့ဝံ့လည်း အာမခံပါတယ်။

၂။ ကျွန်တော်ကတော့ ဒီပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၂၂) ကို ကျွန်တော့်စိတ်ဆန္ဒ၊ ကျွန်တော့်သဘောနဲ့ ဝါသနာပါလို့ဝင်ရောက်လာခြင်းဖြစ်ပါတယ်။ ပြီးတော့ ပြည်သူ့စစ်မှုထမ်းဆိုတာကလည်း နိုင်ငံသားတိုင်းပါဝင်ဆောင်ရွက်ရမယ့် အရာတစ်ခုဖြစ်တဲ့အတွက်ကို မြန်မာနိုင်ငံသားတိုင်းအတွက် ဂုဏ်လည်းရှိတယ်။ နိုင်ငံ့သားကောင်းတစ်ယောက်ဖြစ်ဖို့အတွက်ကိုလည်း ကျွန်တော်တို့ကို ဒီသင်တန်းကျောင်းကြီးကနေပြီးတော့ အကောင်းဆုံးပို့ချသင်ကြားပေးတာဖြစ်တဲ့အတွက် ယောကျ်ားကောင်းတစ်ယောက်ဖြစ်ဖို့၊ နိုင်ငံ့သားကောင်းတစ်ယောက်ဖြစ်ဖို့အတွက် ပြည်သူ့စစ်မှုထမ်းဆိုတာ မဖြစ်မနေပါဝင်ဆောင်ရွက်ရမယ့် အရာတစ်ခုဖြစ်ပါတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ တပ်မတော်သားတစ်ယောက်ဖြစ်ဖို့ဆိုတာကတော့ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ အရင်တုန်းက အရပ်သားဘဝမှာ နေချင်သလိုနေခဲ့တယ်။ စားချင်သလိုစားခဲ့တယ်။ သွားလာနေထိုင်ခဲ့တယ်။ ဒါပေမယ့် တပ်မတော်သားတစ်ယောက်ဖြစ်ဖို့အတွက် ဆိုရင်တော့ စည်းကမ်းတကျနဲ့ စစ်စည်းကမ်းအရနေရမယ်။ ဘယ်လိုအခက်အခဲမျိုးပဲရှိရှိ ကိုယ်ဝါသနာပါလို့ ဝင်ရောက်လာတယ်။ နိုင်ငံတော်ကို ကာကွယ်ချင်တယ်၊ ကိုယ့်မိသားစုကို ကာကွယ်ချင်တယ်ဆိုရင်တော့ ဘယ်လိုအခက်အခဲမျိုးကိုမဆို အကောင်းဆုံးကြိုးစားပြီးတော့ ဆောင်ရွက်သွားရမယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။

သတင်းစဉ်