Skip to main content

အနုပညာအထက်တန်းကျောင်း (ရန်ကုန်) ၂၀၂၅-၂၀၂၆ ပညာသင်နှစ် သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၅

အနုပညာအထက်တန်းကျောင်း (ရန်ကုန်) ၂၀၂၅-၂၀၂၆ ပညာသင်နှစ် သင်တန်းဆင်းအောင်လက်မှတ်ပေးအပ်ပွဲနှင့် စွမ်းရည်ပြပဒေသာကပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ (ရန်ကုန်) ၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပန်းချီ၊ ပန်းပုဌာနမှ သင်တန်းဆင်းကြမည့် ကျောင်းသား ကျောင်းသူများ၏ လက်ရာမွန်ပန်းချီပန်းပုပြခန်းကို ကြည့်ရှုအားပေးကြပြီး သင်တန်းဆင်းအောင်လက်မှတ်ပေးအပ်ပွဲအခမ်း အနားတွင် ဒုတိယဝန်ကြီးက ကျောင်းသား ကျောင်းသူမောင်မယ်များ၏ ကျောင်းဆင်းပွဲ အခမ်းအနားဖြစ်သကဲ့သို့၊ အနုပညာစွမ်းရည်များ၊ လက်ရာမွန်များကို ဖော်ညွှန်းပြသည့်ပွဲဖြစ်သည့်အတွက် များစွာဂုဏ်ယူပါကြောင်း၊ မိမိတို့ သင်ယူတတ်မြောက်ထားသော ပညာရပ်များအပြင် ပြောင်းလဲတိုးတက်နေသော ဆက်စပ်ပညာရပ်များကိုပါ ဆည်းပူးလေ့လာ၍ အနုပညာရပ်များ ထာဝရရှင်သန်စေရန် ဆောင်ရွက်နိုင်မည့် အနုပညာရှင်များဖြစ်အောင် စဉ်ဆက် မပြတ် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် သင်တန်းဆင်းကြမည့် ကျောင်းသား ကျောင်းသူ ၂၈ ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီး ပန်တျာဌာနမှ ကျောင်းဆင်းစွမ်းရည်ပြပဒေသာကပွဲကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်