Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း AHA Centre ၏ အမှုဆောင်ဒါရိုက်တာ မစ္စတာလီယန်မင်းအား လက်ခံတွေ့ဆုံ

နေပြည်တော် ဖေဖော်ဝါရီ ၂၅

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် AHA Centre ၏ အမှုဆောင်ဒါရိုက်တာ မစ္စတာလီယန်မင်းအား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် AHA Centre က မန္တလေးငလျင်ဘေးအတွက် ASEAN ERAT အဖွဲ့များ စေလွှတ်၍ ငလျင်ဘေးကယ်ဆယ်ထောက်ပံ့ရေးတွင် ပူးပေါင်းဆောင်ရွက်ခဲ့မှု၊ ပြန်လည်ထူထောင်ရေး အပိုင်းတွင် AHA Centre က အလှူရှင်နိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရတို့၏ အလှူငွေများဖြင့် အသင့်တပ်ဆင်အသုံးပြုနိုင်သော စာသင်ကျောင်းဆောင် (Prefabricated School)၊ ကျေးလက်ကျန်းမာရေးဌာန (Prefabricated Rural Healthcare Centre) နှင့် RCC တစ်ထပ်ဘုန်းတော်ကြီး ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်လှူဒါန်းမှုအခြေအနေ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ငလျင်ဘေးကူညီထောက်ပံ့ခဲ့မှုများနှင့် ပြန်လည်ထူထောင်ရေးအတွက် ပညာရေးဆိုင်ရာ ကျောင်းအဆောက်အအုံများ ဆက်လက်လှူဒါန်းရန် ညှိနှိုင်းထားရှိမှု၊ AHA Centre အနေဖြင့် မြန်မာနိုင်ငံရှိ အကူအညီလိုအပ်သူများအား အစားအစာ (Food) နှင့် အစားအစာမဟုတ်သောပစ္စည်းများ (Non-food Items) ထောက်ပံ့ပေးခဲ့မှု၊ AHA Centre နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဘာသာရပ်ဆိုင်ရာ အရာထမ်းများနှင့် AHA Centre ရုံးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်