Skip to main content

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ အမျိုးသား ၁၄၁ ဦးနှင့် အမျိုးသမီး ၉ ဦး၊ ပေါင်း ၁၅၀ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်

နေပြည်တော် ဖေဖော်ဝါရီ ၁၃

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ အမျိုးသား ၁၄၁ ဦးနှင့် အမျိုးသမီး ၉ ဦး၊ ပေါင်း ၁၅၀ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြပြီး တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့တွင် မန္တလေးမြို့၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရန်အောင်မြင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံအဖွဲ့ဝင်များသည် မိသားစုဝင်ဆွေမျိုးများနှင့်အကျပ်ကိုင်၍ အတင်းအဓမ္မစုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက် အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာနေထိုင်ရခြင်းနှင့် တပ်မတော်၏တိုက်စစ်ကို ခုခံနိုင်ခြင်းမရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင်နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အားစွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်မှ အမျိုးသား (၁၂) ဦး၊ အမျိုးသမီး (၃) ဦး၊ အမရပူရမြို့နယ်မှ အမျိုးသား (၁၃) ဦး၊ အမျိုးသမီး (၂) ဦး၊ တံတားဦးမြို့နယ်မှ အမျိုးသား (၇) ဦး၊ ငါန်းဇွန်မြို့နယ်မှ အမျိုးသား (၁) ဦး၊ စဉ့်ကိုင်မြို့နယ်မှ အမျိုးသား (၁၂) ဦး၊ နွားထိုးကြီးမြို့နယ်မှ အမျိုးသား (၅) ဦး၊ သပိတ်ကျင်းမြို့နယ်မှ အမျိုးသား (၂၈) ဦး၊ အမျိုးသမီး (၁)ဦး၊ မိုးကုတ်မြို့နယ်မှ အမျိုးသား (၁) ဦး၊ စဉ့်ကူးမြို့နယ်မှ အမျိုးသား (၃၈) ဦး၊ အမျိုးသမီး (၃) ဦး၊ တောင်သာမြို့နယ်မှ အမျိုးသား (၂) ဦး၊ ချောက်မြို့နယ်မှ အမျိုးသား (၄) ဦး၊ ပွင့်ဖြူမြို့နယ်မှ အမျိုးသား (၇) ဦး၊ စလင်းမြို့နယ်မှ အမျိုးသား (၂) ဦး၊ စေတုတ္တရာမြို့နယ်မှ အမျိုးသား (၄) ဦး၊ အောင်လံမြို့နယ်မှ အမျိုးသား (၁) ဦး၊ သရက်မြို့နယ်မှ အမျိုးသား (၁) ဦး၊ မင်းတုန်းမြို့နယ်မှ အမျိုးသား (၃) ဦး၊ စုစုပေါင်းအမျိုးသား (၁၄၁) ဦးနှင့် အမျိုးသမီး (၉) ဦးတို့အား တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့တွင်အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ ရန်အောင်မြင် ခန်းမ၌ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းမှူးက တရားဥပဒေပုဒ်မများနှင့်ပတ်သက်၍ အသိပညာပေးစကားများ ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူပါရှိလာသည့် မောင်းပြန်ရိုင်ဖယ် ၁၅ လက်၊ RPG ၁ လက်၊ လက်လုပ်သေနတ်၂ လက်၊ လက်ပစ်ဗုံးနှင့် ဗုံးသီးမျိုးစုံ ၁၉ လုံး၊ စကားပြောစက် ၅ လုံး၊ ကျည်အိမ် ၃၅ ခု၊ ကျည် ၉၇၂ တောင့်နှင့် ကျည်ကာအင်္ကျီ ၄ ထည်တို့အား လွှဲပြောင်းအပ်နှံရာ တိုင်းမှူးကလက်ခံရယူသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား မောင်းပြန်ရိုင်ဖယ်တစ်လက်နှုန်းအတွက် ဆုကြေးငွေသိန်း ၅၀ နှုန်းဖြင့် ၁၅ လက်အတွက် ငွေကျပ် သိန်း ၇၅၀၊ RPG သေနတ် ၁ လက်အတွက် ဆုကြေးငွေကျပ် ၇၅ သိန်း၊ လက်လုပ်သေနတ် တစ်လက်နှုန်းအတွက် ဆုကြေးငွေ ၅ သိန်းနှုန်းဖြင့် သေနတ် ၂ လက်အတွက် ငွေကျပ် ၁၀ သိန်း၊ လက်ပစ်ဗုံးနှင့် ဗုံးသီးမျိုးစုံတစ်လုံးစီအတွက် ဆုကြေးငွေ ကျပ် ၃ သိန်းနှုန်းဖြင့် လက်ပစ်ဗုံးနှင့် ဗုံးသီးမျိုးစုံ ၁၉ လုံးအတွက် ငွေကျပ် ၅၇ သိန်း၊ စကားပြောစက် တစ်လုံးနှုန်းအတွက် ဆုကြေးငွေ ၂ သိန်းနှုန်းဖြင့် စကားပြောစက် ၅ လုံးအတွက် ဆုကြေးငွေကျပ် ၁၀ သိန်း၊ ကျည်ကာအင်္ကျီ တစ်ထည်နှုန်းအတွက် ဆုကြေးငွေ ၂ သိန်းနှုန်းဖြင့် ကျည်ကာအင်္ကျီ ၄ ထည်အတွက် ဆုကြေးငွေကျပ် ၈ သိန်းနှင့် လက်နက်မပါသူများအား တစ်ဦးလျှင် ငွေကျပ် ၁ သိန်းနှုန်းဖြင့် ၁၃၃ ဦးအတွက် ဆုကြေးငွေကျပ် ၁၃၃ သိန်း၊ စုစုပေါင်းငွေကျပ် ၁၀၄၃ သိန်းနှင့် ထောက်ပံ့ပစ္စည်းများကို ထပ်မံထောက်ပံ့ပေးအပ်ကာ ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများမှ အပ်နှံထားသောလက်နက်ခဲယမ်းများအား ကြည့်ရှုစစ်ဆေး၍ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပြီး စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့်ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဥပေဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများနှင့် ၎င်းတို့၏ မိဘများထံမှ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-

၁။ အကြမ်းဖက်အဖွဲ့အစည်းထဲ ရောက်ရှိရတဲ့အကြောင်းရင်းက ကျွန်တော်အလုပ်လုပ်မယ်ဆိုပြီးတော့ သူငယ်ချင်းတွေနဲ့ချိတ်ထားပါတယ်။ သူငယ်ချင်းတွေက အကြမ်းဖက်အဖွဲ့အစည်းထဲသွားမယ် လုပ်ထားပါတယ်။ မသိခဲ့ပါဘူး။ ဟိုရောက်တော့ အကြမ်းဖက်အဖွဲ့အစည်းဖြစ်နေပါတယ်။ ကျွန်တော့်အိမ်ပြန်ချင်တယ်ပြောတော့ ကျွန်တော့်ကို ပြန်မပို့ပါဘူး။ အရှင်ထွက်မရှိဘူး အသေထွက်ပဲရှိတယ်လို့ ပြောပါတယ်။ နောက်ပြီး ကျွန်တော့်ကိုလည်း ပြေးရင်ပစ်သတ်မယ်၊ မိဘတွေကိုလည်းလိုက်ရှာပြီး သတ်မယ်လို့လည်းပြောပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်အကြမ်းဖက်အဖွဲ့အစည်းထဲ ဝင်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။ အကြမ်းဖက်အဖွဲ့အစည်းနဲ့ တပ်မတော်နဲ့တိုက်ပွဲတွေ ထိတွေ့မှုတွေရှိပါတယ်။ ဆုတ်ခွာရတဲ့နယ်မြေတွေ လည်းများပါတယ်။ ကျွန်တော်တို့ကို ဆက်ကြေးတွေကောက်ခိုင်းပါတယ်။ နွားထိုးကြီးမြို့နယ် ဘေးနားက ရွာနီးစပ်ရာရွာတွေ အိမ်တွေဆိုရင်လည်း ကောက်ရပါတယ်။ တစ်လကို ငါးသောင်း၊ ခုနစ်သောင်း၊ တစ်သိန်း အဲဒီလို ကောက်ရပါတယ်။ နိုင်ငံခြားမှာသွားပြီးအလုပ်လုပ်တဲ့ သူတွေကိုလည်း ကောက်ရပါတယ်။ အဲဒါတွေဆိုရင်တစ်လကို ၁၀ သိန်း၊ ၁၂ သိန်း၊ သိန်း ၃၀ ကောက်ရ ပါတယ်။ အဲလိုမျိုးမပေးဘူး။ သူတို့တောင်းတဲ့အချိန် မပေးဘူး၊ မကြည်ဖြူတဲ့ ပုံစံတွေလုပ်ရင် အဲဒီလူကို ဒလန်ဆိုပြီး သတ်ပါ တယ်။ ပြီးရင် မီးရှို့ဖျက်ဆီးပါ တယ်။ ဒလန်ဆိုပြီးသတ်တဲ့နေရာ မှာလည်း သတ်တဲ့အဖွဲ့က သတ် သတ်ကို ရှိပါတယ်။ အဲဒါကြောင့် မလို့ သူတို့ရဲ့လုပ်ဆောင်ချက် တွေကို ကျွန်တော်မကြိုက်ပါ ဘူး။ တပ်မတော်ထံလာရင် သတ်မယ်၊ မိဘတွေကို နှိပ်စက် မယ်၊ ကောင်းကောင်းမနေရဘူး၊ ကောင်းကောင်း မစားရဘူး၊ အဲဒီ လိုမျိုးတွေလည်း ပြောပါတယ်။ တကယ်တမ်း မဟုတ်ပါဘူး။ လိုလေသေးမရှိအောင် ထားပါတယ်။ နောက်တစ်ခုက ကိုယ့်ညီအစ်ကို မောင်နှမလို၊ ကိုယ့်တူကိုယ့်သားလိုလည်း စောင့်ရှောက်ပါတယ်။ ကျွန်တော်တို့ အလင်းဝင်လာတော့လည်း သူတို့က နွေးနွေးထွေးထွေးနဲ့ ကြိုဆိုပါတယ်။ ဒါကတော့ ကျွန်တော်မျက်မြင်ကိုယ်တွေ့ပါ။ တောထဲကညီအစ်ကိုမောင်နှမတွေ အားလုံးကိုလည်း ကျွန်တော်မှာချင်ပါ တယ်။ နီးစပ်ရာစစ်ကြောင်း၊ နီးစပ်ရာ ဌာနဆိုင်ရာ၊ နီးစပ်ရာ အရပ်တွေကိုသွားပြီးတော့ အမြန် ဆုံးချိတ်ဆက်ပြီး အလင်းဝင်ဖို့ ဖိတ်ခေါ်ပါတယ်။

၂။ သင်တန်းတက်နေစဉ် ကာလအတွင်းမှာပဲ သင်တန်းဆရာတွေရဲ့ ခွဲခြားဆက်ဆံတာတွေကိုလည်း ခံခဲ့ရပါတယ်။ အဲဒီအထဲမှာလည်း ထွက်ပြေးဖို့တော့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကိုယ့်အရှေ့မှာ ‌ပြေးတဲ့သူတွေကလည်းရှိတယ်။ ဒါပေမယ့် သူတို့လည်းပြန်မိတယ်။ ပြန်မိတော့ကြိုးတွေနဲ့တုပ်ပြီး သေလောက်အောင် ရိုက်နှက်တာတွေလည်း ကိုယ်တိုင်မြင်ခဲ့တွေ့ခဲ့ရပါတယ်။ မြင်တွေ့တော့ ငါလည်းပြေးမယ်ဆိုလို့ရှိရင် သူတို့လိုပဲပြန်မိမယ်ဆိုပြီးတော့ သင်တန်းကို ကြိတ်မှိတ်ပြီးတော့တက်ခဲ့ရပါတယ်။ တာဝန်ထမ်းဆောင်တဲ့ အချိန်မှာလည်း အဲဒီအကြမ်းဖက် ခေါင်းဆောင်တွေရဲ့ ပြည်သူတွေကို နှိပ်စက်မှုတွေ၊ မတရားငွေကြေးကောက်ခံမှုတွေပြီးတော့ ရရှိလာတဲ့ ငွေကြေးတွေကို ပြည်သူတွေအတွက် ပြန်လည် အသုံးပြုတာမရှိဘဲနဲ့ သူတို့ရဲ့ ကိုယ်ကျိုးအတွက် အသုံးပြုတာတွေကိုလည်းမြင်တွေ့ခဲ့ရပါတယ်။ တာဝန်ထမ်းဆောင်နေတဲ့ အချိန်မှာလည်း ကျွန်မအဲဒီအကြမ်းဖက် အဖွဲ့အစည်းက ထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်းမအောင်မြင်ခဲ့ပါဘူး။ အဲဒီကနေတစ်ဆင့် တကောင်းဘက်ကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ တကောင်းဘက်မှာလည်း အဲဒီလိုပဲ အကြမ်းဖက်ခေါင်းဆောင်တွေရဲ့ ပြည်သူတွေအပေါ် နှိပ်စက်မှုတွေ၊ ငွေကြေးကောက်ခံမှုတွေကိုလည်း အရင်နည်းအတိုင်းပဲ မြင်တွေ့ခဲ့ရပါ တယ်။ အဲဒီမှာပဲ ကျွန်မအနေနဲ့အရဲစွန့်ပြီး မန္တလေးဘက်ကိုထွက်ပြေးလာခဲ့ပါတယ်။ လမ်းမှာလည်း ကိုးရက်လောက် အချိန်ကြာမြင့်ခဲ့ပါတယ်။ ခက်ခက်ခဲခဲကျော်ဖြတ်လာပြီးတော့ တပ်မတော်ထံမှာ အလင်းဝင်ခဲ့ပါတယ်။ တပ်မတော်မှာ အလင်းဝင်တဲ့အခါမှာလည်း ကျွန်မတို့ကို နွေးနွေးထွေးထွေးကြိုဆိုပါတယ်။ တကယ့်မိသားစု အရင်းအချာတွေလိုလည်း ဆက်ဆံပါတယ်။ သူတို့ဟိုမှာ အကြမ်းဖက်အဖွဲ့အစည်းထဲမှာ နေတုန်းကလိုမျိုး သူတို့မှိုင်းသွင်းထားတာတွေရှိပါတယ်။ မင်းတို့တပ်မတော်မှာ အလင်းဝင်မယ်ဆိုလို့ရှိရင် မင်းတို့ကိုသတ်မယ်။ မိန်းကလေးတွေဆိုလို့ရှိရင်လည်း အတင်းအဓမ္မ မုဒိမ်းကျင့်တာတွေရှိမယ်။ မိသားစုတွေကိုလည်း သတ်ဖြတ်တာတွေရှိတယ်ဆိုပြီးတော့ သူတို့မှိုင်းသွင်းထားတာတွေ ရှိပါတယ်။ ဒါပေမယ့် တပ်မတော်ထံမှာအလင်းဝင်တဲ့အခါမှာ အဲဒီလိုမျိုးတွေမရှိပါဘူး။ ကျွန်မတို့ကို နွေးနွေးထွေးထွေးဆက်ဆံပါတယ်။ တောထဲမှာကျန်ခဲ့တဲ့ ကျွန်မရဲ့ သူငယ်ချင်းတွေကိုလည်း အမြန်ဆုံးအမြင်မှန်ရပြီးတော့ တပ်မတော်နဲ့ ပူးပေါင်းဖို့၊ တပ်မတော်ထံအလင်းဝင်ဖို့လည်း ဖိတ်ခေါ်ချင်ပါတယ်။

၃။ ကျွန်မသားလေးက လွန်ခဲ့တဲ့ နှစ်လ၊ သုံးလလောက်ကပျောက်သွားပါတယ်။ ပျောက်တဲ့တစ်ရက်ကတော့ လိုက်မရှာခဲ့ပါဘူး။ ဒီလိုပဲအပေါင်းအသင်းတွေနဲ့ သွားတယ်လို့ပဲ မှတ်ခဲ့ပါတယ်။ နောက်နေ့တစ်ရက် သွားရှာကြတော့ အနောက်ဘက်ကလူတွေက ပြောပါတယ်။ ဒီကလေးတွေ အနောက်ဘက် ကူးသွားတယ်ပြောတော့ ကျွန်မတို့လိုက်မသွားရဲ တဲ့အတွက် အုပ်ချုပ်ရေးမှူးကို အကြောင်းကြားပါတယ်။ အုပ်ချုပ်ရေးမှူးကနေ အဲဒါဆိုရင် သက်ဆိုင်ရာကိုသွားပြီး သတင်းပေးမယ်ဆိုပြီး ကျွန်မတို့ကိုခေါ်သွားပါတယ်။ ခေါ်သွားတဲ့အတွက် ဆရာတွေကလည်း အဲဒါဆို အစ်မကြီးရဲ့သားလေးက အသက်က ၁၂၊ ၁၃ နှစ်ပဲရှိသေးတာကြောင့် အသက် မပြည့်သေးတဲ့အတွက် အဆက်အသွယ်လုပ်လာရင် ကျွန်တော် တို့ကို အကြောင်းကြားပါဆိုပြီး ကျွန်မတို့ကို အိမ်ကိုပြန်ပြီး အေးအေးဆေးဆေး နေထိုင်ခွင့်ပေးပါတယ်။ လွန်ခဲ့တဲ့ ငါးရက်လောက်က ကျွန်မသားလေး ကျွန်မဆီကို ပြန်လာခဲ့ပါတယ်။ သူပြန်လာတော့ ကိုယ့်သားသမီး ကိုယ့်ရင်ခွင်ထဲကို ပြန်လာတဲ့အတွက် ကျွန်မ ဝမ်းလည်းသာပါတယ်။ ဒါပေမယ့် ကျွန်မတစ်ချက် စဉ်းစားတာက ကျွန်မသားလေးက အမှောင်နယ်မြေက ပြန်လာတဲ့အတွက် သူတို့ပြောသလိုပဲ ရိုက်မယ်၊ နှက်မယ်ထင်ခဲ့ပါတယ်။ တစ်ညလုံးအိပ်မပျော်ခဲ့ပါဘူး။ စဉ်းစားပြီး မနက်လင်းတော့ ကျွန်မအုပ်ချုပ်ရေးမှူးနဲ့ရာအိမ်မှူးတို့ကို တိုင်ပင်ပါတယ်။ တိုင်ပင်တော့ ဒါဆိုရင် ဒီကလေးတွေကို တို့သက်ဆိုင်ရာကိုပို့မယ်။ စိတ်ချကလေးတွေ ဘာမှမဖြစ် စေရပါဘူးလို့ အုပ်ချုပ်ရေးမှူးကို ကတိပေးပါတယ်။ အဲဒါနဲ့ ကျွန်မတို့ အပ်လိုက်ပါတယ်။ အပ်လိုက် ပြီး ၄၊ ၅ ရက်လောက်ကြာတော့ သူများတွေပြောသလိုပဲ ကျွန်မသားတွေ ခေါ်သွားပြီးတော့ ဒီအချုပ်ထဲမှာပဲထားပြီး ရိုက်မယ်နှက်မယ်မှတ်ပြီး ကျွန်မတို့ စိုးရိမ်ပြီးတော့ အုပ်ချုပ်ရေးမှူးကို ဦးလေး ကျွန်မတို့ ကလေးတွေနဲ့ တွေ့ချင်ပါတယ်လို့ပြောပါတယ်။ ပြောတော့ လိုက်ပို့ပါတယ်။ ဒါပေမယ့် ကျွန်မတို့ကလေးတွေဆီရောက်သွားတော့ သူတို့ပြောသလို မဟုတ်ဘဲနဲ့ ကလေးတွေကို ဆရာတွေက ကိုယ့်အိမ်လို သဘောထားပြီး နွေးနွေးထွေးထွေးနဲ့ကြို ဆိုပါတယ်။ ဆရာစားသလိုကျွေးပါတယ်။ ကလေးတွေကိုမေးပါတယ်။ မေးတော့သားက “သားကိုဆရာက ရိုက်လားမေးတော့ ကလေးတွေက မရိုက်ပါဘူးလို့ ဖြေပါတယ်။ အဲဒီအတွက် ကျွန်မဝမ်းသာပါတယ်။ သူတို့လေးတွေ လွတ်လွတ်လပ်လပ်နေ တာမြင်တော့လည်း ကျွန်မပီတိဖြစ်ပါတယ်။ ဒီအခမ်းအနားပွဲပြီးရင် ကျွန်မသားလေးနဲ့တွေ့ရတော့ မယ့်အတွက် ကျွန်မအတိုင်းမသိ ဝမ်းသာပါတယ်။ ကျွန်မအရင် တုန်းကဆိုရင် ကျွန်မသားလေး သေသလား ရှင်သလားတောင် ကျွန်မမသိပါဘူး။ အခုကျွန်မသားလေးကို နွေးနွေးထွေးထွေးကြိုဆိုတယ်။ ကျွန်မတို့သားအမိတစ်တွေ လည်း ပျော်ပျော်ရွှင်ရွှင် နေထိုင်ခွင့်ပေးတဲ့ ကျွန်မတို့ရွာက အုပ်ချုပ်ရေးမှူးကိုရော ဒီကအရာရှိ/ အရာခံ/ ဗိုလ်ကြီးတွေကိုလည်း ကျွန်မအထူးကျေးဇူး တင်ရှိပါတယ်။

သတင်းစဉ်