ကျွဲနွားများ၏ အစာအိမ်ရှိအစာချေဖျက်သော အကျိုးပြုဗက်တီးရီးယားများအကြောင်း
ဒေါက်တာ ခင်ဥမ္မာလွင် (တိရစ္ဆာန်ဆေးကုဆရာဝန်)
ကျွဲနွားများသည် စိုက်ပျိုးရေးဘေးထွက် ပစ္စည်းများဖြစ်သည့် ကောက်ရိုး၊ အခြားသော ပဲမျိုးစုံတို့၏ ဘေးထွက်များနှင့် မြက်များကို စားသုံးပြီး လူတို့အတွက် တန်ဖိုးရှိသော အာဟာရများကို ထုတ်လုပ်ပေးနေသဖြင့် အစာချေဖျက်မှုတွင် မရှိမဖြစ်ပါဝင်သော အစာအိမ်ထဲရှိ အကျိုးပြုအဏုဇီဝပိုးများ၏ အခန်းကဏ္ဍကိုလည်း လက်လွတ်ထား၍ မရပေ။ ရှုပ်ထွေးဆဲဖြစ်သော စားမြုံ့ပြန် တိရစ္ဆာန်များ၏ အစာအိမ်ဇီဝဖြစ်စဉ်တွင် ဗက်တီးရီးယားများ၊ မက်သနိုဂျင်ဗက်တီးရီးယားများ၊ ပရိုတိုဇိုးဝါးများ၊ ဖန်ဂျီများ၊ ဗက်တီးရီးယားစားသော ဗိုင်းရပ်စ်များနှင့် ဗိုင်းရပ်စ်များ ပါဝင်ကြသည်။ အကျိုးပြုအဏုဇီဝပိုးများဖြစ်သည့် ဗက်တီးရီးယား (Rumen bacteria)၊ ဖန်ဂျီ (Rumen fungi)၊ ပရိုတိုဇိုးဝါး (Protozoa)နှင့် မက်သနိုဂျင်ဗက်တီးရီးယားများ (Methanogen) သည် အစာချေဖျက်မှုဖြစ်စဉ်ကို ဦးဆောင်နေကြသည်။
အစာချေဖျက်မှုအတွက်အကျိုးပြုသော အဏုဇီဝပိုးများ
အစာအိမ်ထဲတွင် ဗက်တီးရီးယားမျိုးစိတ်ခန့်မှန်းခြေ ၇၀၀၀ ကျော်၊ မက်သနိုဂျင်ဗက်တီးရီးယားမျိုးစိတ် ၁၇၀၀ နှင့် ဖန်ဂျီ ၁၀ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြကြသည်။ အစာအိမ်ထဲရှိ အစာချေရည် (၁) မီလီမီတာ၌ ဗက်တီးရီးယားကောင်ရေ သန်း ၂၅၀၊ ပရိုတိုဇိုးဝါး ၁၀ သန်း၊ ဖန်ဂျီ ၀ ဒသမ ၀၁ သန်းပါရှိကြောင်း သုတေသနပြု ထားပါသည်။ ၎င်းတို့အားလုံးသည် အစာချေဖျက်မှုဖြစ်စဉ်အတွက် အကျိုးပြုသော အဏုဇီဝပိုးများ ဖြစ်ကြသည်။ နွားတစ်ကောင်၌ အစာအိမ်ထဲတွင် အကျိုးပြု အဏုဇီဝပိုးပေါင်း (၁၀၀၀၀၀၀၀၀၀၀၀၀၀၀၀) ရှိသည်။
အကျိုးပြုအဏုဇီဝပိုးများ၏ အရေအတွက် အနည်းအများကို ဖြစ်ပေါ်စေသည့် အရေးကြီးသည့် အဓိကအချက်နှစ်ချက်မှာ အစာကျွေးမွေးမှုစနစ်နှင့် အစာကျွေးပြီးနောက် အချိန်အပိုင်းအခြားအလိုက် ပေါ်မူတည်၍ ပြောင်းလဲဖြစ်ပေါ်နေခြင်းဖြစ်သည်။
အကျိုးပြုအဏုဇီဝပိုးများဖြစ်သည့် ဗက်တီးရီးယား၊ ဖန်ဂျီ၊ ပရိုတိုဇိုးဝါးနှင့် မက်သနိုဂျင်ဗက်တီးရီးယားများသည် အပင်မှရရှိသော ဖိုင်ဘာများကို အသုံးဝင်သော ကာဗွန်ဟိုက်ဒရိုက်နှင့် အသားဓာတ်များအဖြစ် ပြောင်းလဲပေးသည်။ အကျိုးပြုအဏုဇီဝပိုးများ သေဆုံးသွားပါကလည်း ခန္ဓာကိုယ်အတွက် အသားဓာတ်ကို ဖြည့်ဆည်းပေးပြီး အသားဓာတ်ရရှိသော အရင်းအမြစ်၏ (၂/၃) ကို ရရှိစေသည်။
ကျွဲနွားများ၏ အစာအိမ်ထဲ၌ ဗက်တီးရီးယားပါဝင်မှု ၉၅ ရာခိုင်နှုန်းရှိပြီး အစာကိုတွယ်ကပ်သော ဗက်တီးရီးယား၊ အရည်ကို တွယ်ကပ်သော ဗက်တီးရီးယား၊ အစာအိမ်နံရံများကို တွယ်ကပ်သော ဗက်တီးရီးယားများနှင့် ဆဲလ်များကို တွယ်ကပ်သော ဗက်တီးရီးယားများအဖြစ် တည်ရှိနေကြသည်။ အစာအိမ်ထဲတွင် ဖိုက်ဘာကို ချေဖျက်နိုင်စွမ်း အကောင်းဆုံးဗက်တီးရီးယားမျိုးစုများမှာ Fibrobacter ၊ Rumino-coccus နှင့် Butyrivibrio တို့ ဖြစ်ကြပြီး Cellulolytic ဗက်တီးရီးယားများ ဟုလည်း ခေါ်ကြသည်။ တိရစ္ဆာန်အစာပင်များတွင် ပါဝင်သော Cellulose နှင့် Hemicellulose တို့ကို အဆိုပါ ဗက်တီးရီးယားများက အဓိကချေဖျက်၍ ခန္ဓာကိုယ်အတွက် လိုအပ်သော စွမ်းအင်ကိုဖြစ်စေပါသည်။ Cellulose ၏ polymer တစ်ခုတွင် ဂလူးကို့စ် (၇၀၀၀ မှ ၁၅၀၀၀) ခန့်ရှိပြီး polymer ပြိုကွဲမှုများမှ ဂလူးကို့စ်များစွာကို ရရှိစေ၍ ကျွဲနွားအတွက် လိုအပ်သောစွမ်းအင်ကို ရရှိစေသည်။
နို့စားနွား မွေးမြူရေးတွင် အထောက်အကူပြု
ကျွဲနွားများ၏ အဓိကအစာဖြစ်သော ကောက်ရိုးသည် Lignin ပမာဏများသောကြောင့် တစ်ခုတည်းကျွေးပါက ဗက်တီးရီးယားအရေအတွက် တိုးမလာခြင်းကို တွေ့ရသောကြောင့် အစာချေဖျက်မှုလွယ်ကူစေရန် အပိုင်းငယ်များ ပိုင်းဖြတ်၍လည်းကောင်း၊ သကာရည်ထည့်၍ လည်းကောင်းကျွေးမွေးခြင်းဖြင့် ဗက်တီးရီးယားများ၏ ပမာဏများလာ စေနိုင်သည်။ အစာခြောက်ကျွေးခြင်းထက် အစာစိုကျွေးခြင်းသည်လည်း ဗက်တီးရီးယားများ၏ပမာဏကို တိုးစေပါသည်။ ထို့ပြင် ကောက်ရိုးကို ချဉ်ဖတ်ပြုလုပ်ကျွေးမွေးခြင်း၊ မြက်ချဉ်ဖတ်ပြုလုပ်ကျွေးမွေးခြင်းများတွင် ဗက်တီးရီးယားများ၏အရေအတွက် တိုးလာစေပြီး အာဟာရရရှိမှုမြင့်မားကြောင်း သုတေသနများအရ သိရှိရသည်။ နို့စားနွား မွေးမြူရေးလုပ်ငန်းတွင်လည်း အကျိုးပြုအဏုဇီဝပိုးများ၏ အခန်းကဏ္ဍသည် နို့ထုတ်လုပ်မှုမြင့်တက်စေခြင်းနှင့် နို့အာဟာရတန်ဖိုးမြင့်တက်ခြင်းကို အထောက်အကူပြုပါသည်။
သုတေသနပြုလုပ်ချက်များအရ ကျွဲနှင့်နွားများကို နေဗီယာမြက်နှင့် အစာနုကို တူညီသောအချိုးဖြင့် ကျွေးမွေး၍ Cellulolytic ဗက်တီးရီးယားများဖြစ် သည့် Fibrobacter နှင့် Ruminococcus တို့၏ ပမာဏကို တိုင်းတာရာတွင် နွားများတွင် ပိုမိုများသည်ကို လေ့လာတွေ့ရှိခဲ့ရသဖြင့် နွားများသည် အစာနုနှင့် အစာကြမ်းကို အလျော့အတင်းလုပ်၍ ထုတ်လုပ်မှုကောင်းစေရန်ဆောင်ရွက်နိုင်ကြောင်း တွေ့ရသည်။ ကျွဲများသည် အစာကြမ်းပမာဏများများ ကျွေးရန်လိုအပ်ပြီး ပိုမိုကျွေးသော အစာကြမ်းများအတွက် ဖန်ဂျီအရေအတွက်များလာပြီး ချေဖျက်မှုစွမ်းအင် ပိုကောင်း၍ လိုအပ်သော အာဟာရစွမ်းအင်ကို ထောက်ပံ့နိုင်ကြောင်း လေ့လာခဲ့ရပါသည်။ ထို့ပြင် Cellulolytic ဗက်တီးရီးယားများမှ Ruminococcus မျိုးစုကို ကျွဲနွားများတွင် ပိုမိုတွေ့ရှိရကြောင့် လေ့လာခဲ့ရသည်။ အာဟာရရရှိမှုပမာဏကို နှိုင်းယှဉ်ရာတွင် နွားများ၌ ဂလူးကို့စ်ပိုမိုရရှိခဲ့သည်။ သို့သော် အစာချေဖျက်မှုဖြစ်စဉ်မှ ထွက်ရှိသော မီသိန်းပမာဏသည် ကျွဲ များ၌ လျော့နည်းသည်ကို လေ့လာခဲ့သည်။ အဆိုပါသုတေသနကို ကောက်နုတ်ကြည့်ပါက နွားများသည် အစာကြမ်းနှင့်အစာနုကို အချိုးကျရောနှောကျွေးခြင်းဖြင့် ထုတ်လုပ်မှုကို ကောင်းစေခြင်း၊ ကျွဲများတွင် အစာကြမ်းကို အဓိကထားကျွေးမွေးနိုင်ခြင်းနှင့် ကျွေးမွေးခြင်း ဖြင့် မီသိန်းထုတ်လုပ်မှု သိသိသာသာ တိုးတက်လာခြင်းမရှိသည်ကို လေ့လာခဲ့ရပါသည်။ သို့သော် အစာကျွေးမွေးမှုစနစ်သည် မျိုးကွာခြားခြင်းထက် ကျွဲနွားများ၏ အသားနှင့် နို့ထုတ်လုပ်မှုတိုးစေခြင်းတွင် ပိုမိုအကျိုးသက်ရောက်ကြောင်း တွေ့ရှိရသည်။
အစာအိမ်၏ pH ကို ပုံမှန်ထိန်းသိမ်းနိုင်စွမ်းရှိ
ကျွဲနွားများကို စပါးဘေးထွက် အခြေခံနှင့် အစာနု၊ ဂျုံဘေးထွက် အခြေခံ နှင့်အစာနု၊ မြက်ခြောက်နှင့် အစာနု၊ မြက်စိုနှင့်အစာနုများကို အချိုးကျကျွေး ခြင်းဖြင့် ဗက်တီးရီးယားများ၏ ပမာဏကို ပုံစံအမျိုးမျိုးတိုးလာစေခြင်းများ လေ့လာတွေ့ရှိရသော်လည်း အစာနုအချိုးကို တိုးမြှင့်ကျွေးခြင်းသည် အစာအိမ် pH ကျလာပြီး ဗက်တီးရီးယားများ၏ ပမာဏကို လျော့နည်းစေသည်။ ကျွဲနွားများ၏ အစာအိမ်၏ pH မှာ ၆ ဒသမ ၂ မှ ၇ ဒသမ ၀ ရှိရပါမည်။ pH ကျဆင်းသွားပါက အစာချေဖျက်နိုင်သော ဗက်တီးရီးယားပမာဏကို လျော့နည်းစေသည်။ ဥပမာ - pH ၆ ဒသမ ၂ ထက် လျော့နည်းပါက ဗက်တီးရီးယားအရေအတွက် နည်းလာခြင်းနှင့် pH ၅ ဒသမ ၂ အောက်ရောက်ပါက ဗက်တီးရီးယားများကို သေစေနိုင်ပါသည်။ အစာများကို အပိုင်းပိုင်းပြုလုပ်၍ မစဉ်းဘဲကျွေးခြင်းထက် အပိုင်းပိုင်းစဉ်း၍ ကျွေးမွေးခြင်းသည် စားမြုံ့ပြန်ရာတွင် ထွက်ရှိသော တံတွေးများ၏ အကူအညီဖြင့် buffer ကို ရရှိစေပြီး အစာအိမ်၏ pH ကို ပုံမှန်ရရှိစေရန် ထိန်းသိမ်းနိုင်စွမ်းရှိကြသည်။
ယခုဆိုလျှင် အသား၏ အရည်အသွေးနှင့်အရသာ ပိုမိုကောင်းမွန်လာစေရန် အစာချေဖျက်သော ဗက်တီးရီးယားများ ပမာဏတိုးလာစေရန် သုတေသနအများအပြား ပြုလုပ်လာကြသည်။
ကျွဲနွားများကို လှောင်အိမ်စနစ်ဖြင့် မွေးမြူခြင်းဖြင့်ရှိနိုင်သော ဗက်တီးရီးယားအရေအတွက်၊ လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူသောကြောင့်ရှိနိုင်သော ဗက်တီးရီးယားအရေအတွက်၊ အစာကျွေးမွေးမှုစနစ်မှ ရှိနိုင်သော ဗက်တီးရီးယားအရေအတွက် စသဖြင့်သော သုတေသနများကို ရှာဖွေလာကြသည်။ ဗက်တီးရီးယားပမာဏပြောင်းလဲမှုပေါ် မူတည်၍ ခန္ဓာကိုယ်ကို ထောက်ပံ့ပေးနိုင်သော အာဟာရစွမ်းအင်အရင်းအမြစ်ဖြစ်သော Short Chain Fatty Acid (SCFA) ၊ Long Chain Fatty Acid (LCFA)နှင့် Ammonia (NH3) ထွက်ရှိမှု ကွာခြားကြသည်။
ထို့ကြောင့် မိမိဒေသမှထွက်ရှိသော အစာကုန်ကြမ်းများ၊ လွှတ်ကျောင်းထိန်းသိမ်းမှုများ၊ မိမိဒေသနှင့် သင့်တင့်သောကျွဲ၊ နွား၊ သိုး၊ ဆိတ်မျိုးများသည် အသားထုတ်လုပ်မှုကွင်းဆက်၊ နို့ထုတ်လုပ်မှုကွင်းဆက်နှင့် ကုန်ကျစရိတ်ကွင်းဆက်များမှာ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လာကြသည်။ ဒေသမှ အများဆုံးရရှိနိုင်သည့် အစာကုန်ကြမ်းများအပေါ် အခြေခံ၍ ကျွဲနွားများ၏ အစာအိမ်ထဲရှိ အကျိုးပြုအဏုဇီဝပိုးများအကြောင်း၊ အကျိုးပြုဗက်တီးရီးယား များအကြောင်းကို သုတေသနပြုဆောင်ရွက်ရန်လိုအပ်လျက်ရှိသည်။ အပင်မျိုးစုံ ပေါက်ရောက်ရာ မြန်မာနိုင်ငံအနေဖြင့် အမျိုးမျိုးသော ဘေးထွက်များသည် ကျွဲနွားများ၏ အစာအတွက် အသုံးပြုနိုင်ရန် အကျိုးပြုအဏုဇီဝပိုးများ၏ ဇီဝဖြစ်စဉ်နှင့် အစာချေဖျက်မှုဖြစ်စဉ်တွင် ပါဝင်ဆောင်ရွက်နိုင်မှုများကို သိရှိ၍ ခန္ဓာကိုယ်အတွက် အာဟာရစွမ်းအင်ထောက်ပံ့နိုင်မှု သုတေသနပြု ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။
