ကာကွယ်ဆေးထုတ်လုပ်မှု မှတ်တိုင်အသစ် Myancopharm
ယခင်က တစ်ဦးနှင့်တစ်ဦး တွေ့ဆုံရာတွင် နေကောင်းလား၊ ထမင်းစားပြီးပြီလားဟု နှုတ်ဆက် လေ့ရှိပါသည်။ ယခု Omicron ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့နေသည့်ကာလတွင် လူနှစ်ဦးတွေ့သည်နှင့် မေးလေ့ရှိသည်မှာ “ဖျားပြီးပြီလား” ဟု မေးရသည် အထိ Omicron ကိုဗစ်-၁၉ ရောဂါမှာ ကူးစက်မှု မြန်လှကြောင်း တွေ့ရှိရပါသည်။ Omicron ကိုဗစ်၁၉ ရောဂါမျိုးကွဲဇဗိုင်းရပ်စ်သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှစ၍ တရုတ်နိုင်ငံ ဝူဟန်မြို့၌ စတင်ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ရောဂါ ဗိုင်းရပ်စ်ပိုးမှတစ်ဆင့် မျိုးရိုးဗီဇပြောင်းလဲဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ ကိုဗစ်-၁၉ ရောဂါ စတင် ဖြစ်ပွားခဲ့သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှ ယခုအချိန်ထိဆိုလျှင် အချိန်ကာလအားဖြင့် နှစ်နှစ်နှင့် သုံးလနီးပါး ကြာမြင့်ပြီဖြစ်သော်လည်း ယခုချိန်ထိ ကိုဗစ်-၁၉ ရောဂါအား ကမ္ဘာပေါ်မှ လုံးဝပျောက်ကွယ်သွားအောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း တွေ့ရှိရပါသည်။ ကိုဗစ်-၁၉ ရောဂါ ဗိုင်းရပ်စ်၏မျိုးကွဲများ ထပ်မံပေါ်ထွက်လာမှု၊ ကာကွယ်ဆေးများ ထပ်မံထိုးနှံလာ နိုင်မှုတို့နှင့် ယခုမျက်မှောက်ကမ္ဘာကြီးသည် ကိုဗစ်-၁၉ရောဂါနှင့် အတူယှဉ်တွဲနေထိုင်ရေးလမ်းကြောင်းသို့ ပြောင်းလဲလာကြောင်း တွေ့ရှိရသည်။
