နေပြည်တော် ဖေဖော်ဝါရီ ၂၅
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အလုပ်သင်နှင့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ရှိ အဆိုပါတက္ကသိုလ်ဘက်စုံသုံးခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ သင်ကြား/ စီမံဌာနမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအောက်တွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် သန်လျင်နှင့် စစ်ကိုင်းဟူ၍ တက္ကသိုလ်နှစ်ခုရှိပြီး ကောင်းမွန်သောစီမံအုပ်ချုပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒနှင့်အညီ အရည်အချင်းပြည့်ဝသည့် လူမှုစီးပွားရေးဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်များကို နှစ်စဉ်မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ သန်လျင်တက္ကသိုလ်အနေဖြင့် ၂၀၀၀-၂၀၀၁ ပညာသင်နှစ်မှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အထိ တက္ကသိုလ်ဘွဲ့ရပေါင်း ၈၇၂၃ ဦး မွေးထုတ်ပေးခဲ့ပြီး ၈၄ ရာခိုင်နှုန်းမှာ အစိုးရဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းများ၊ ကိုယ်ပိုင်လုပ်ငန်းများနှင့် ပြည်ပအလုပ်အကိုင်များ ဆောင်ရွက်နေပါကြောင်း၊ ကျောင်းသား ကျောင်းသူများသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ဖြစ်သဖြင့် မိမိတို့၏အရည်အချင်းမြင့်မားရေး၊ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် ယခုအခမ်းအနားမှ ရရှိလာသည့် အလုပ်အကိုင်အခွင့်အလမ်းများကို အကျိုးရှိရှိအသုံးချ၍ အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်များဖြစ်အောင် အစဉ်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် UMFCCI မှ Secretary General ဒေါ်ခိုင်ခိုင်နွယ်က Moderator အဖြစ်ဆောင်ရွက်ပြီး ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း၊ အငြိမ်းစားပါမောက္ခချုပ် ဒေါက်တာသိန်းထွန်း၊ သီရိသုဓမ္မသိင်္ဂီ ဒေါ်စန်း စန်းရီ၊ ဦးရဲမြင့်အောင်၊ ဒေါက်တာခင်ဆွေအေးတို့က “From Campus to Career: Preparing for Professionalism” ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုနှင့် တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများနှင့် ဧည့်သည်တော်များ၏ သိရှိလိုသည်များ ဆွေးနွေးဖြေကြားမှုများကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် ပါမောက္ခချုပ်တို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ကြပြီး ဖိတ်ကြားထားသော အဖွဲ့အစည်းများမှ တာဝန်ရှိသူများက Organization Profile အကြောင်းအရာများ ရှင်းလင်းပြောကြားကာ အလုပ်သင်နှင့် အလုပ်အကိုင်အခွင့်အလမ်းပြခန်းများကို လိုက်လံလှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ပါမောက္ခချုပ်၊ သင်ကြားရေးနှင့် စီမံရေးရာဌာနမှူးများ၊ ဆရာ ဆရာမများနှင့်တွေ့ဆုံ၍ လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်သော လူမှုအဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုတက္ကသိုလ်ဖြစ်စေရန်ဟူသည့် တက္ကသိုလ်ရည်မှန်းချက်နှင့်အညီ လေ့ကျင့်သင်ကြားပျိုးထောင်ပေးကြရန်၊ ဆရာ ဆရာမများ၏ အရည်အသွေးတိုးတက်မြင့်မားရေးအတွက် ပညာဝမ်းစာဖြည့်တင်းကြရန်နှင့် သင်ရိုးညွှန်းတမ်းဖွံ့ဖြိုး တိုးတက်ရေးအတွက် တက္ကသိုလ်ပညာရေးအဖွဲ့၊ ပြင်ပပညာရှင်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်း၍ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်မှာကြားကာ ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ယင်းနောက် ဒက္ခိဏစာသင်ဆောင်ရှိ ကွန်ပျူတာ စာသင်ခန်းများသို့ သွားရောက်၍ သင်ကြားပို့ချနေမှု အဆင်ပြေချောမွေ့မှုရှိ/မရှိ၊ လာမည့်ပညာသင်နှစ်၌ ဘွဲ့ယူကြမည့် ကျောင်းသား ကျောင်းသူများအတွက် ဘက်စုံသုံးခန်းမ အဆင်ပြေမှုရှိ/ မရှိ ကြည့်ရှုစစ်ဆေးကာ ပထမနှစ်တက်ရောက်နေကြသော ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးစကားပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် သန်လျင်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးသို့ သွားရောက်၍ ဝန်ကြီးဌာနအောက် ဦးစီးဌာနလေးခုမှ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင်ရေး၊ မိမိတို့ဘဝတိုးတက်မြင့်မားရေးအတွက် ကြိုးပမ်းကြရေး၊ ဝန်ထမ်းကျင့်ဝတ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရေး တိုက်တွန်းမှာကြားကာ ဝန်ထမ်းများ၏ အခက်အခဲ များနှင့် ဝန်ထမ်းသက်သာချောင်ချိရေးအတွက် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
