Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဇင်ယော်ရေယာဉ်များ အကြီးစားပြင်ဆင်ပြီးစီးမှု လှည့်လည်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၂၃

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် Yangon Innovation Centre (YIC) ရှေ့ရှိ ကျန်းမာရေးဆိပ်ခံတံတား၌ ဆိုက်ကပ်ထားသော ရေကြောင်းဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ဆောင်ရွက်သည့် ဌာနပိုင်ဇင်ယော်ရေယာဉ်များကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အကြီးစားပြင်ဆင်ပြီးဖြစ်သည့် ဇင်ယော်ရေယာဉ် (၁)၊ (၂)၊ (၃) စသည့် ရေယာဉ်သုံးစင်းပေါ်သို့ တက်ရောက်ကာ ရေယာဉ်တစ်စင်းချင်းအလိုက် ဝန်ထမ်းများ တာဝန်ထမ်းဆောင်မှု၊ ရေယာဉ်စက်ခန်းနှင့် တက်မခန်းများအခြေအနေ၊ ရေယာဉ်လူဝင်မှုစစ်ဆေးရေးတာဝန် ထမ်းဆောင်မည့် ကုန်းပတ်များနှင့် ဝန်ထမ်းများအနေဖြင့် ရေယာဉ်ပေါ်တွင် လိုက်ပါစီးနင်းဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ထားရှိမှု၊ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးနိုင်ရေး စိစစ်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးအား လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် ရေဆိပ်တာဝန်ခံအရာရှိက ဇင်ယော်ရေယာဉ်များ အကြီးစားပြင်ဆင်ဆောင်ရွက်ခဲ့မှု၊ လက်ရှိ ရေဆိပ်လူဝင်မှုစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဇင်ယော်ရေယာဉ်များရှေ့ရှိ ဆိပ်ခံတံတား၌ ရေယာဉ်ဝန်ထမ်းများနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆေးဆောင်ရွက်သည့် ဝန်ထမ်းများအားတွေ့ဆုံ၍ ယခု အခါ ဇင်ယော်ရေယာဉ်သုံးစင်းကို အကြီးစားပြင်ဆင်ဆောင်ရွက်ပြီးဖြစ်သည့်အတွက် ရေကြောင်းဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင်လည်း ဆက်စပ်ဌာနများနှင့်ပေါင်းစပ်ကာ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အဓိကထားဆောင်ရွက်ကြရန်လိုကြောင်း၊ ဇင်ယော်ရေယာဉ်များဖြင့် တာဝန်ထမ်းဆောင်ကြသည့် ဝန်ထမ်းများအနေဖြင့် ရေကြောင်းဆိုင်ရာနှင့် သင်္ဘောသားဆိုင်ရာ ပညာရပ်များလေ့လာဆည်းပူးကာ လုပ်ငန်းများ ကျွမ်းကျင်မှုရှိစေရေး အမြဲမပြတ် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ အကြီးစားပြင်ဆင်ပြီးဖြစ်သည့် ဇင်ယော်ရေယာဉ်များ အမြဲကြံ့ခိုင်ကောင်းမွန်မှုရှိစေရေး၊ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေး၊ ဝန်ထမ်းများနှင့် ရေယာဉ်များလုံခြုံမှုရှိစေရေး၊ အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ် မဖြစ်ပွားစေရေးတို့အတွက် တာဝန်ရှိသူအဆင့်ဆင့်က အမြဲကြပ်မတ် စစ်ဆေးဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတကာမှ ဆိုက်ကပ်လာသည့် ပင်လယ်ကူးသင်္ဘောများအတွက် ရေကြောင်းဆိုင်ရာ လူဝင်မှုစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီစစ်ဆေး၍ ယဉ်ကျေးပျူငှာစွာ ဝန်ဆောင်မှုပေးကြရန်လိုကြောင်း ရှင်းလင်းမှာကြားပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်