Skip to main content

အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်ရိက္ခာအစီအစဉ်-၃ (၂၀၂၅) အရ ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသော ဆန်တန်ချိန် ၁၆၂၀ အား စိုက်ပျိုးရေးဦးစီးဌာနမှတစ်ဆင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ လွှဲပြောင်းပေးအပ်

မန္တလေး ဖေဖော်ဝါရီ ၂၂

အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်ရိက္ခာ (APTERR) အစီအစဉ်-၃ (၂၀၂၅) အရ ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသော ဆန်တန်ချိန် ၁၆၂၀ ကို မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှတစ်ဆင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ချမ်းမြသာစည်မြို့နယ်ရှိ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ APTERR အတွင်းရေးမှူးချုပ်ရုံးနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး APTERR အတွင်းရေးမှူးချုပ်ရုံး အထွေထွေမန်နေဂျာနှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများက လှူဒါန်းမှုနှင့်ပတ်သက်၍ ပြောကြားသည်။

ထို့နောက် အာဆီယံအပေါင်းသုံးအရေးပေါ်ဆန်ရိက္ခာ (APTERR) အစီ အစဉ်-၃ (၂၀၂၅) အရ ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသော ဆန်တန်ချိန် ၁၆၂၀ ကို စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ပေးအပ်ပြီး APTERR အတွင်းရေးမှူးချုပ်ရုံး အထွေထွေမန်နေဂျာနှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများက ငလျင်ဘေးသင့်ပြည်သူများထံ ပေးအပ်ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က APTERR အတွင်းရေးမှူးချုပ်ရုံး အထွေထွေမန်နေဂျာနှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများထံ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး ငလျင်ဘေးသင့်ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။ အဆိုပါဆန်တန်ချိန် ၁၆၂၀ ကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များကို စနစ်တကျ ခွဲဝေပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်