ရန်ကုန် ဖေဖော်ဝါရီ ၂၀
နဝမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေး ဒုတိယနေ့ကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီးတွင် ယနေ့နံနက် ၈ နာရီ၌ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ်(စီမံ)နှင့် တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။
အစည်းအဝေး၏ သဘာပတိဆရာတော်အဖြစ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒက ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူး ဆရာတော်အဖြစ် တွဲဖက်အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောဝိဒက ဆောင်ရွက်တော်မူသည်။
ယင်းနောက် အခမ်းအနားမှူးဆရာတော်က အစည်းအဝေးစတင်ကြောင်းနှင့် ကြွရောက်တော်မူလာကြသော နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေး အထမြောက်အောင်မြင်ကြောင်းနှင့် ယနေ့ဖြန့်ဝေဆက်ကပ်ထားသော အစီအစဉ်တွင်ပါရှိသည့်အတိုင်း အစည်းအဝေး ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သော အစီရင်ခံစာနှင့်ပတ်သက်၍ ဝိနိစ္ဆယရေးရာကဏ္ဍတွင် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားလှယ် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသောဘိတ၊ စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားလှယ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဣန္ဒာဝုဒ၊ ပဲခူးတိုင်းဒေသကြီးကိုယ်စားလှယ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပညာဇောတတို့ကလည်းကောင်း၊ သာသနာရေးရာကဏ္ဍတွင် မန္တလေးတိုင်းဒေသကြီး ကိုယ်စားလှယ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်စေတိယင်္ဂဏ၊ အစိုးရဓမ္မာစရိယ ဘဒ္ဒန္တနေမိန္ဒာဘိဝံသ၊ ရွှေကျင်ဂိုဏ်းကိုယ်စားလှယ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသုဇနိန္ဒာလင်္ကာရာဘိဝံသ၊ မဟာဒွါရဂိုဏ်းကိုယ်စားလှယ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် သာသနဓဇ ဓမ္မာစရိယ၊ ဝိနယဓရ ဘဒ္ဒန္တမေတ္တာနန္ဒတို့ကလည်းကောင်း၊ ပညာရေးရာကဏ္ဍတွင် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားလှယ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်သာသနဓဇဓမ္မာစရိယ ဘဒ္ဒန္တကောသလ္လ၊ ဝေဠုဝန်ဂိုဏ်း ကိုယ်စားလှယ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် သာသနဓဇဓမ္မာစရိယ၊ ဝိနယဝိဒူ ဘဒ္ဒန္တအရိယ၊ ရှမ်းပြည်နယ်ကိုယ်စားလှယ် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်ဆရာတော် အ.စ ဓမ္မာစရိယ၊ သာမဏေကျော်၊ ဝိနယဝိဒူ၊ အင်္ဂုတ္တရ နိကာယဝိဒူ ဘဒ္ဒန္တကေသရာလင်္ကာရာဘိဝံသတို့ကလည်းကောင်း ဆွေးနွေးတော်မူကြပြီး နံနက်ပိုင်းအစည်းအဝေးကို ရပ်နားခဲ့သည်။
မွန်းလွဲ ၁ နာရီတွင် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့အစည်းအဝေးကို ဆက်လက်ကျင်းပပြီး တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သည့် အစီရင်ခံစာအပေါ် ဝေဖန်ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ တွဲဖက်အကျိုးတော်ဆောင် ဆရာတော်များဖြစ်ကြသော အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဇောတိဿရက ပြန်လည်ရှင်းလင်းလျှောက်ထားပြီး အတည်ပြုချက်ရယူသည်။
ဆက်လက်၍ လုပ်ထုံးလုပ်နည်းစသည်များ စိစစ်ပြင်ဆင်ရေးအဖွဲ့က စိစစ်ပြင်ဆင်ဖြည့်စွက်ထားသော လုပ်ထုံးလုပ်နည်းစသည်များ၏ ပြင်ဆင်ဖြည့်စွက်ချက်များကို စိစစ်ပြင်ဆင်ရေးအဖွဲ့ အကျိုးတော်ဆောင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံသာ လင်္ကာရာဘိဝံသက တင်ပြလျှောက်ထား၍ မူကြမ်းအဖြစ် အတည်ပြုချက်ရယူပြီး ဒေသဆိုင်ရာ ကတိကဝတ်များကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ကိုယ်စား တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ ဒွိပိဋကဓရ၊ ပိဋကတ္တယပါရဂူ ဘဒ္ဒန္တသိရီကဉ္စနာဘိဝံသက တင်သွင်းအတည်ပြုချက်ရယူကာ ဒုတိယနေ့အစည်းအဝေးကို ရပ်နားသည်။
ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော ဆရာတော်များအား တစ်နေ့တာ ဆွမ်းအလှူရှင်အဖြစ် ကွယ်လွန်သူ ဗိုလ်ကြီးတင်ဌေး(ငြိမ်း)အား ရည်စူး၍ ဇနီး ဒေါ်တိုးတိုး၊ သား-ဦးကျော်ဖုန်းဝင်း (အကောက်ခွန်မှူး)၊ ဦးမျိုးကျော်ကျော် (သသန) + ဒေါ်အိသူဇာကို၊ မြေး - မယွန်းပန်းမြတ်ဟေသီ၊ မောင်ကျော်ဇင်ဟိန်း မိသားစုက ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
သတင်းစဉ်
