နေပြည်တော် စက်တင်ဘာ ၃
ကြက်သွန်နီ စိုက်ပျိုး ထုတ်လုပ်သူတောင်သူများနှင့် ကုန်သည် လုပ်ငန်းရှင်များအနေဖြင့် အကျိုးတူပူးပေါင်း ထုတ်လုပ်မှုနှင့် ဈေးကွက်အခြေအနေ ထိန်းညှိနိုင်ရေးကို ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ စက်ကိရိယာ အသုံးပြုခြင်း၊ စိုက်ပျိုးရေ စီမံခန့်ခွဲခြင်းနှင့် သွင်းအားစုကို စနစ်တကျသုံးစွဲ၍ စရိတ်လျှော့ချခြင်းနှင့် အထွက်နှုန်း ကောင်းမွန်ရေး နည်းပညာများ လိုက်နာ အသုံးပြုခြင်း စသည်တို့ကို စနစ်တကျလုပ်ကိုင်ဆောင်ရွက်ကြမှသာ ဈေးကွက် ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း၊ အရည်အသွေး မထိခိုက်စေရန် သိုလှောင်နိုင်သည့် အဆင့်မြင့် သိုလှောင်ရုံများ အသုံးပြုနိုင်ရေး၊ တန်ဖိုးမြှင့် ကုန်ချောများအဖြစ် ထုတ်လုပ် နိုင်ရေးအတွက် ရင်းနှီးမြုပ်နှံမှုများကို နိုင်ငံတော်အစိုးရက အားပေးဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။
စက်တင်ဘာ (၁)ရက်က ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်နှင့် ကူမဲမြို့များမှ ကြက်သွန်စိုက် တောင်သူများ၊ ကြက်သွန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ်ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ကြက်သွန်နီ စတင်စိုက်ပျိုးသည်မှ ရိတ်သိမ်းပြီးနောက်ပိုင်း လုပ်ငန်းစဉ်များတွင် လုပ်ငန်း တွင်ကျယ်ပြီး စရိတ်သက်သာစေရန် စက်ကိရိယာများ အသုံးပြုနိုင်ရေး၊ ရေသွင်းစနစ်နှင့် ဓါတ်မြေသြဇာ အသုံးပြုမှုစနစ်များ ပြုပြင်ပြောင်းလဲ အသုံးပြုနိုင်ရေး တို့အတွက် သက်ဆိုင်ရာဌာနများက အကူအညီများ ဆောင်ရွက်ပေးခြင်း၊ လိုအပ်သော လက်တွေ့ အသုံးချ သုတေသန လုပ်ငန်း များ ဆောင်ရွက်ခြင်းနှင့် နည်းပညာပေးလုပ်ငန်းများကို ဌာနဆိုင်ရာများအပိုင်းက ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး၊ ထွက်ရှိလာ သည့် ပမာဏနှင့် သိုလှောင်ရုံ မျှတမှုရှိစေရန်၊ ကြက်သွန် အဆင့်အတန်းခွဲခြားစက်များ၊ တန်ဖိုးမြှင့်ကြက်သွန်ခြောက်နှင့် ကြက်သွန် အမှုန့် ထုတ်လုပ်ခြင်း လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ခြင်း၊ ဈေးကွက်သေချာမှုရှိစေရန် ကြိုတင် လေ့လာခြင်းနှင့် ချိတ်ဆက်ခြင်း လုပ်ငန်းများကို စီးပွားရေးလုပ်ငန်းရှင်များအပိုင်းက ဆောင်ရွက်နိုင်ရေး လိုအပ်ချက်များကို ကျောက်ဆည်ခရိုင် အတွင်းရှိ ကြက်သွန်နီ စိုက်ပျိုး ထုတ်လုပ်မှု ကွင်းဆက် တစ်လျှောက် သက်ဆိုင်သူများနှင့် ညှိနှိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)
