Skip to main content

အလုပ်အကိုင်ကျွမ်းကျင်မှု ‘စံ’ သတ်မှတ်ခြင်းနှင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် စက်တင်ဘာ

အလုပ်အကိုင်ကျွမ်းကျင်မှုစံသတ်မှတ်ခြင်းနှင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျည်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက နေပြည်တော် ဒက္ခိဏသီရိ စက်မှုဇုန်တွင်ရှိသည့် လုပ်သားများကို အလုပ်အကိုင် ကျွမ်းကျင်မှုစံသတ်မှတ်ခြင်းနှင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နောင်အနာဂတ်တွင် နေပြည်တော်၌ စက်မှုကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးနိုင်ရေးအတွက် သင်တန်းကျောင်းများ တည်ထောင်ရေးကိုလည်း စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခုအချိန်တွင် နေပြည်တော်ကောင်စီနယ်မြေ၌ စက်မှုလုပ်ငန်း အကြီး၊ အလတ်၊ အငယ် စုစုပေါင်း (၆၆၈)ခုရှိကြောင်း။

မိမိတို့ဌာနရှိ စက်မှုသင်တန်းကျောင်းများတွင် တစ်နှစ်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးပြီး လုပ်ငန်းခွင်ဝင်နိုင်အောင် စီစဉ်ပေးလျက်ရှိကြောင်း၊ တစ်ဖက်မှလည်း NSSA Level အလိုက် ဝင်ရောက်ဖြေဆိုခွင့် ရရန်အတွက် လမ်းကြောင်းများ ဖန်တီးပေးထားပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြစ်သည့် နေပြည်တော်၊ ဒက္ခိဏသီရိ စက်မှုဇုန်တွင် ရှိသည့် လုပ်သားများကို ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ရေး ဆောင်ရွက်ရန်နှင့် MNQF ရေးဆွဲရာတွင် စက်မှုဇုန်/ လုပ်ငန်းခွင်မှ ကျွမ်းကျင်လုပ်သားများအတွက်ပါ Lifelong Learning အခွင့်အလမ်း ရရှိစေမည့် နည်းလမ်းများကို ထည့်သွင်းစဉ်းစားနိုင်ရေး ဆွေးနွေးညှိနှိုင်းပေးရန် တိုက်တွန်းပါကြောင်း  ပြောကြားသည်။

ဆက်လက်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကျော် က ဒက္ခိဏသီရိ စက်မှုဇုန်ရှိလုပ်သားများအတွက် ကျွမ်းကျင်မှု စံသတ်မှတ်ခြင်းနှင့် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးရေးဆိုင်ရာကိစ္စရပ်များတွင် အပြည့်အဝပါဝင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသည့် ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ် များက ဝန်ကြီးဌာနအလိုက် အလုပ်အကိုင်ကျွမ်းကျင်မှုဆိုင်ရာ စံသတ်မှတ်ခြင်းနှင့် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးလျက်ရှိသည့် အခြေအနေများနှင့် ဒက္ခိဏသီရိ စက်မှုဇုန်တွင်ရှိသော လုပ်သားများအတွက် ကျွမ်းကျင်မှုစံသတ်မှတ်ခြင်းနှင့် အသိအမှတ် ပြုလက်မှတ်များ ထုတ်ပေးနိုင်ရေးအတွက် မူဝါဒများချမှတ်ခြင်း၊ လုပ်ငန်းစဉ်များ သတ်မှတ်ခြင်းတို့ကို ဆွေးနွေးညှိနှိုင်းကြပြီး ပြည်ထောင်စုဝန်ကြီးများက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးက နေပြည်တော်ရှိ ဒက္ခိဏသီရိ စက်မှုဇုန်သို့ သွားရောက်ပြီး Pilot Project အနေဖြင့် စက်မှုလုပ်သားများ၏ ပညာအရည်အချင်း၊ ကျွမ်းကျင်မှု၊ အသိအမှတ်ပြု လက်မှတ်များရရှိမှု၊ စက်မှုဇုန်အတွင်းရှိ စက်မှုလုပ်ငန်းများအတွက် လိုအပ်သော လုပ်သားအမျိုးအစားတို့နှင့် ပတ်သက်၍ သန်းခေါင်စာရင်း စတင်ကောက်ယူနေမှု အခြေအနေတို့ကို လှည့်လည် အားပေးကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

(သတင်းစဉ်)