ဆီထွက်သီးနှံပန်းတိုင်အထွက်တိုးရေး ဖျက်ပိုးဘက်စုံကာကွယ်ပေး
ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီမုန်ညင်း၊ ပန်းနှမ်း) များ ပန်းတိုင်အထွက်နှုန်းရရှိရန် ဖျက်ပိုးများ(ပိုးမွှား၊ ရောဂါ၊ ပေါင်း) ကာကွယ်နှိမ်နင်းခြင်းများကို စတင်မျိုးစေ့ချချိန်မှစ၍ ရိတ်သိမ်းချိန်တစ်လျှောက်လုံး အချိန်ကိုက်ဆောင်ရွက်သွားရန် အထူးလိုအပ်လှပါသည်။ စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲအနေဖြင့် ရာသီအလိုက်ကျရောက်တတ်သော ဖျက်ပိုးများကို သီးနှံစိုက်တောင်သူများ သိရှိစေရန်နှင့် ကြိုတင်ကာကွယ်နှိမ်နင်းမှုများ အချိန်မီဆောင်ရွက်နိုင်ရန် ကြိုတင်သတိပေးချက် (Early warning) များကို တိုင်းဒေသကြီး/ ပြည်နယ်များသို့ ထုတ်ပြန်ပေးပို့ခြင်း၊ သီးနှံကာကွယ်ရေးဌာနခွဲဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ကြေညာခြင်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပါသည်။
