မြစ်ရေကြီးမှုသဘာဝဘေးနှင့် မြစ်ရေကြီးမှုကာကွယ်ရေး
သပြေထွန်း
မိုးရာသီကာလအတွင်း မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးများဖြစ်သည့် ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်နှင့် စစ်တောင်းမြစ်များ၏ အထက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နှစ်စဉ် မြစ်ရေကြီးမှုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိပါသည်။ ထိုသို့ မြစ်ရေကြီးမှုဖြစ်ပေါ်လာပါက ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ရေဝင်ဒေသများ၊ ရေဘေးကာကွယ် ဧရိယာပြင်ပအနိမ့်ပိုင်းမြို့ရွာများ၊ နိုင်ငံအထက်ပိုင်းရှိ မြစ်ကြီးနား၊ ဗန်းမော်၊ ကသာဒေသများ၊ အလယ်ပိုင်းရှိ မန္တလေးနှင့်ပုဂံ-ညောင်ဦးဒေသများနှင့် အောက်ပိုင်းရှိ ပြည်၊ မိုးညို၊ သာယာဝတီ၊ လက်ပံတန်း၊ ဟင်္သာတ၊ မြန်အောင်၊ ကြံခင်း၊ သာပေါင်းနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ တိုက်ကြီး အစရှိသည့် မြို့နယ်ဒေသများတွင် ရေကြီးနစ်မြုပ်မှုကို နှစ်စဉ်နီးပါး တွေ့ကြုံရင်ဆိုင်ရလေ့ ရှိပါသည်။
အဓိကမြစ်ကြီးလေးစင်းရှိ
မြန်မာနိုင်ငံအတွင်း အဓိကမြစ်ကြီး လေးစင်းရှိသည့်အနက် ဧရာဝတီမြစ်သည် မိုင်ပေါင်း ၁၂၃၈ မိုင် ဝန်းကျင် ရှည်လျားပြီး ၎င်း၏ ၅၇ ရာခိုင်နှုန်းသော ရေဆင်းဧရိယာမှ မိုးရေများမြစ်အတွင်း သို့ စီးဆင်းလျက်ရှိရာ မြစ်ရင်း၊ မြစ်ညှာပိုင်းဖြစ်သည့် မေခနှင့်မလိခ၊ မြစ်လယ်ပိုင်းဖြစ်သည့် ပခုက္ကူအထိ ရေဆင်းဧရိယာကျယ်ပြန့်သည်။ ၎င်းမြစ်အတွင်း အခါအားလျော်စွာ မိုးရေချိန် လက်မ ၁၆၀ ရွာသွန်းသောဒေသများနှင့် လက်မ ၃၀ အောက် ရွာသွန်းသောဒေသများလည်း ပါဝင်လျက်ရှိသည်။
အဆိုပါ ရွာသွန်းသောမိုးရေများစုပေါင်း၍ အထက်ပိုင်းရှိ မိုးကောင်းမြစ်၊ တာပိန်မြစ်၊ ရွှေလီမြစ်၊ ချောင်းမကြီးမြစ်၊ မြစ်ငယ်မြစ်၊ ချင်းတွင်းမြစ်၊ မူးမြစ်၊ အလယ်ပိုင်းရှိ ယောချောင်း၊ စလင်းချောင်း၊ မုန်းချောင်း၊ မန်းချောင်း၊ မင်းတုန်းချောင်း စသောချောင်းမကြီးများမှတစ်ဆင့် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်ကြသဖြင့် မြစ်ရေကြီးချိန်တွင် အောက်ပိုင်းဒေသများအတွက် ရေစီးမှုပုံစံမှာ မြစ်ကြောင်း အကျယ် ပေ ၆၀၀၀ ခန့်၊ အနက်ပေ ၆၀ မှ ၈၀ ခန့်ရှိပြီး ရေစီးနှုန်းမှာ ၁၃၀၀၀ ကုဗမီတာ/စက္ကန့်နှုန်းဖြင့် စီးဝင်လျက်ရှိကြောင်း သိရသည်။
မြစ်ရေကြီးချိန်တွင် မြစ်ဝကျွန်းပေါ်ရှိ ကုန်းပိုင်းဒေသများ ရေဖုံးလွှမ်းလျက် ရှိကာ နုန်းအနည်အနှစ်များ အနည်ထိုင် ကျရောက်ခဲ့သဖြင့် စိုက်ပျိုးရန်ကောင်းမွန် သော (သဘာဝမြေဩဇာ) ဖြစ်သည့် နုန်းတင်မြေနု လယ်မြေ၊ ကိုင်းမြေများ ဖြစ်ပေါ်ကျန်ရစ်ခဲ့ပါသည်။ ထို့ကြောင့် မြစ်ဝကျွန်းပေါ်တွင် စပါးသီးနှံစိုက်ပျိုးရန် လယ်မြေများရရှိခဲ့သကဲ့သို့ တစ်ဖက်တွင် လည်း ၎င်းမြစ်ရေကြီးမှုကို ကာကွယ်ရန် ၁၈၆၀ ပြည့်နှစ်ဝန်းကျင်မှစ၍ ရေဘေးကာကွယ်ရေးတာများ စတင်တည်ဆောက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံအတွင်း ရေဘေးကာကွယ်ရေးတာများ စတင်တည်ဆောက်ရာတွင် လူဦးရေထူထပ်များပြားသည့် ဧရာဝတီအနောက်ဘက်ခြမ်း(ဟင်္သာတနယ်)တွင် စတင်ခဲ့ရာ ကြံခင်းတာတည်ဆောက်ပြီး လယ်မြေဧက ၄၂၀၀ ကို ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ခဲ့ပါသည်။ ထို့နောက် ဧရာဝတီအနောက်ဘက်ကမ်းတာဖြစ်သည့် ကြံခင်း-ဟင်္သာတတာကို ဆက်လက်တည်ဆောက်ခဲ့ရာ ၁၈၆၈ ခုနှစ်တွင် ပြီးစီးခဲ့ပြီး အလားတူ ဧရာဝတီ (ဟင်္သာတဘက်ကမ်းတာ) တာအလျား ၇၅ မိုင် ၇ ဖာလုံအား ဆက်လက်တည်ဆောက်ခဲ့ရာ ၁၈၇၁-၁၈၇၆ ခုနှစ် အတွင်း ပြီးစီးခဲ့ပါသည်။
တစ်ချိန်တည်းမှာပင် ဧရာဝတီ အရှေ့ဘက်ကမ်းတွင်လည်း ဒေသခံလယ်သမားများ၊ ဒေသနေသူများ၊ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ ပူးပေါင်း၍ ကျေးရွာတာ များကို တည်ဆောက်ခဲ့ကြရာ နည်းစနစ်ကျနသေသပ်မှု အားနည်းချက်များ ရှိခဲ့သည့်အပြင် တာတစ်ခုနှင့်တစ်ခု ဆက်သွယ်မှုလည်းမရှိခဲ့သဖြင့် နိုင်ငံတော် အစိုးရအစီအစဉ်ဖြင့် ဝင်ရောက်ဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ခဲ့ရာ ထိန်တောမှ မိုးညို၊ ထိုမှတစ်ဆင့် ၂၁ မိုင်အရှည်ရှိ ဘုရားကြီးကုန်း-ခအောင်းပင်တာကို တည်ဆောက်ခဲ့ရာ ၁၉၆၂-၁၉၆၃ ခုနှစ်တွင်လည်းကောင်း၊ ခအောင်းပင်မှ အထက်ရွှေတောင်မြို့နယ်အထိ မြို့မကွေ့တာ အရှည်မိုင် ၁၂၀ ကျော်ရှိ ဧရာဝတီအရှေ့ ဘက်ကမ်းတာကို လည်းကောင်း တည်ဆောက်ပြီးစီးခဲ့သဖြင့် ၎င်းဒေသအတွက် ရေဘေးကာကွယ်ရေးလုပ်ငန်း များ အထိုက်အလျောက် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
လယ်မြေဧကအသစ်များ ပေါ်ထွန်းလာရေး
အဆိုပါမြစ်ရေကြီးခြင်း၊ တာကျိုး တာပေါက်ခြင်း၊ တာပျက်စီးခြင်းများအား ကြိုတင်တားဆီး ကာကွယ်ထိန်းချုပ်ရန်မှာ ယေဘုယျအားဖြင့် မစွမ်းသာသော သဘာဝဘေးဆိုးတစ်ခုဟု ဆိုဖွယ်ရှိသော်လည်း ၎င်းသဘာဝပြောင်းလဲမှုဖြစ်စဉ် ဖြစ်ပေါ်လာရသည်ပင် လူတို့သည် မိမိတို့ အလိုတစ်ခုတည်းကိုသာ ရှေးရှုလုပ်ဆောင်တတ်သည့် လုပ်ဆောင်ချက် (လူတို့၏ ဖန်တီးမှု) ကြောင့် အနည်းနှင့်အများ ပြောင်းလဲလာရခြင်းဟုဆိုသော် ငြင်းဖွယ်မရှိပေ။ သာဓကအားဖြင့် လယ်မြေဧကအသစ်များ (စိုက်ပျိုးမြေများ) ပေါ်ထွန်းလာ ရေးအတွက် ဧရာဝတီမြစ်နှစ်ဖက်စလုံးတွင် ရေကာတာများတည်ဆောက်ခြင်း၊ တည်ဆောက်ပြီး ရေကာတာများကို ထိန်းသိမ်းမှုအားနည်းခြင်း၊ တာတမံဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း မလိုက်နာ၍ ကျိုးပေါက်မှုများဖြစ်ပေါ် ခြင်းကြောင့် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်လေ့ရှိပါသည်။
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် မြစ်ရေကြီးခြင်းနှင့် ရေကာတာများကျိုးပေါက်ခြင်းများကြောင့် မြစ်ရေများပြား မြင့်တက်ခြင်း၊ မိုးရွာသွန်းချိန်ကြာမြင့်ခြင်းနှင့် မိုးရေချိန်ပမာဏများပြားခြင်းတို့ကြောင့်လည်း ရေကြီးနစ်မြုပ်မှု သဘာဝဘေးကို ဖြစ်ပေါ်စေတတ်ပေ သည်။
ထိုသို့မြစ်ရေကြီးချိန်တွင် ရေဘေး ကာကွယ်ထားသည့် တာတမံ၏ ကိုယ်ထည်အတွင်း (တာရိုး၊ တာပေါင် အတွင်း)သို့ ရေစိမ့်ဝင်ရောက်မှုဖြစ်ပေါ်ပြီး တက်ရေပမာဏ မြင့်မားလာသည်နှင့်အမျှ ရေကြီးကာလ အချိန်ကြာမြင့်ခြင်း၊ ရေစိမ့်ဝင်မှုပမာဏများခြင်းများ ဖြစ်ပေါ်လေ့ရှိပြီး ထိုရေကာတာ ကိုယ်ထည်အတွင်းသို့ ရေစိမ့်ဝင်မှုကြောင့် ၎င်း၏ တောင့်ခံနိုင်မှုပမာဏ (Strength) မှာ ယခင်ရေစိမ့်မဝင်မီကထက် ၅၀ ရာခိုင် နှုန်းခန့် ကျဆင်းသွားကာ ကျိုးပေါက် နိမ့်ကျမှုများ ဖြစ်ပေါ်စေတတ်ပါသည်။
ရေကာတာများ ပျက်စီးရသည့် အကြောင်းရင်း များစွာရှိသည့်အနက်
(၁) ရေကာတာများ တည်ဆောက် ရာတွင် လိုအပ်ချက်များရှိခြင်း၊
(၂) ၎င်းအား ထိန်းသိမ်းရာတွင် အားနည်းချက်များရှိခြင်း၊
(၃) ဒေသနေသူတို့၏ ဂရုမဲ့၊ တာဝန် မဲ့ နေထိုင်ခြင်းများနှင့်
(၄) ထူးကဲသော သဘာဝဖြစ်စဉ်များ ဖြစ်ပေါ်ခြင်း စသည့်အချက်များကြောင့်လည်း ထိခိုက်ပျက်စီး၍ အန္တရာယ်ကြုံတွေ့ရနိုင်ပါ သည်။
မြေသားဖြင့် တည်ဆောက်ထားသော ရေကာတာများသည် ၎င်း၏မျက်နှာပြင် (တာထိပ်) ပေါ် ရေကျော်ခြင်းကို ခံနိုင်ရည်မရှိသဖြင့် ထိုအားနည်းချက်ကို ကာကွယ်နိုင်ရန် ၎င်းတာ၏ ထိပ်မျက်နှာ ပြင်အမြင့်ကို ယင်းဒေသ၏ ရေကြီးမှု မှတ်တမ်းအရ ရေအကြီးဆုံးတက်ခဲ့သည့် နှစ်၏ အမြင့်ဆုံးရေမှတ်ထက် လုံလောက် သော ရေလွတ်ဘောင်ရှိရမည်ဖြစ်သကဲ့ သို့ ယင်းအားပျက်စီးမှု၊ ကျွံ့ကျမှု၊ နိမ့်ကျမှု မရှိအောင် နှစ်စဉ် ထိန်းသိမ်းပြုပြင်နေရ မည်ဖြစ်ပါသည်။ ထို့ပြင် မြေသားတာများ ဖြစ်သည့်အလျောက် ရေစိမ့်ဝင်လေ့ရှိရာ မြေအမျိုးအစားအလိုက် ရေမြင့်တက်မှု (ရေအမြင့်)အလိုက် ရေစိမ့်ဝင်မှုကို ခံနိုင်ရည်ရှိသည့် လုံလောက်သော တာကိုယ်ထည်ပမာဏ ရှိရမည်ဖြစ်ပါသည်။ တာကိုယ်ထည်သည် လုံလောက်သော ထုထည်မရှိပါက စိမ့်ရေတိုက်စားပြီး ရေပေါက်ဖြစ်ပေါ်လာကာ တာကျိုးပေါက် ပျက်စီးခြင်းနှင့် လေပြင်းတိုက်ခတ်မှု ကြောင့်ဖြစ်ပေါ်လာသည့် လှိုင်းပုတ်ခတ် မှုကြောင့်လည်း တာများပျက်စီးစေတတ် ပါသည်။
ထို့ပြင် နိုင်ငံတော်အစိုးရ၏ တိုက်ရိုက်စီမံကွပ်ကဲမှုအစီအစဉ်၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၏ အစီအစဉ်၊ သက်ဆိုင်ရာတာဝန်ရှိအဖွဲ့ အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များဖြင့် ရေဘေးကာကွယ်ရေး လုပ်ငန်းများ ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်လျက်ရှိသော်လည်း တစ်ဖက်တွင် ကျေးရွာဒေသအများစုမှ ဒေသ နေသူများသည် တာပေါင်များကို ဆက်သွယ်ရေးလမ်းအဖြစ် အသုံးပြုခြင်း (ကား၊ ထော်လာဂျီ၊ သံဘီးတပ်လှည်း) အစရှိသည့် စက်ယာဉ်ယန္တရားများ အသုံးပြုသွားလာမှုကြောင့် တာချိုင့်ခြင်း၊ နိမ့်ကျခြင်းများ ဖြစ်ပေါ်မှုများပြားလာ ခြင်း၊ တာတမံနယ်နိမိတ်အတွင်း လူနေအိမ်များအပါအဝင် လူသုံးအခြား အဆောက်အအုံများ ဆောက်လုပ်နေထိုင် အသုံးပြုခြင်း၊ စားကြွင်းစားကျန်နှင့် အမှိုက်များ စည်းကမ်းမဲ့စွန့်ပစ်ခြင်းကြောင့် ကြွက်၊ မြွေ၊ ခြအစရှိသည့် တွင်းအောင်း သတ္တဝါများ အုံဖွဲ့နေထိုင်လာခြင်းတို့ကြောင့် တာတမံများ၊ တာပေါင်များ ကျိုးပေါက်သည်အထိ ဖြစ်ပေါ်လာရသည့် အခြေအနေများလည်း ကြုံတွေ့ရနိုင်ပါသေးသည်။
အထူးသဖြင့် ဧရာဝတီအရှေ့ဘက် ကမ်းနှင့် အနောက်ဘက်ကမ်းတို့၌ မြစ်ခွဲ၊ ချောင်းခွဲများရှိပြီး ၎င်းမြစ်ခွဲ၊ ချောင်းခွဲများကို အခြေပြုဖြစ်ပေါ်လာသည့် ရေလျှံပေါက်သုံးခုမှတစ်ဆင့် မြစ်ရေများခွဲဖြာ စီးဆင်းလေ့ရှိရာ (၁) မြန်အောင်တစ်ဖက်ကမ်းတွင် ဆင်ခေါင်းရေလျှံပေါက်၊ (၂) ကနောင်မြို့တစ်ဖက်ကမ်းတွင် မြစ်သာရေလျှံပေါက်နှင့် (၃) ဟင်္သာတဘက်ကမ်း တွင် ထိန်တော (ခ) ထွဋ်မြတ်ရေလျှံပေါက်တို့မှ မြစ်ရေများ ခွဲဖြာစီးဆင်းမှုကြောင့် မြစ်ဝကျွန်းပေါ် ရေဖုံးလွှမ်းမှုများ ဖြစ်လေ့ရှိပါသည်။
အဆိုပါ ရေလျှံပေါက်များမှ မြစ်ရေများ သည် မြစ်မခမြစ်မှတစ်ဆင့် လှိုင်မြစ်(ခ)ရန်ကုန်မြစ်ထဲသို့ စီးဝင်သဖြင့် ဟင်္သာတဘက်ကမ်းအတွက် ဧရာဝတီမြစ်ရေကြီးမှု ကို သိသာစွာ လျော့နည်းသက်သာစေ ခဲ့ပါသည်။ ယခုကဲ့သို့ ဧရာဝတီမြစ်ရေ ကြီးမြင့်မှုသဘာဝဘေးကို သက်သာစေနိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ (မြစ်ရေပမာဏများပြားမှုအား ထိန်းသိမ်း ထုတ်လွှတ်ခြင်း) (Regulation Of Flow Discharge) (နည်းလမ်း)ပင်ဖြစ်သည်ဟု ယူဆအကြံပြုချင်ပါသည်။ မြစ်ကြောင်းများ၏ အထက်ဘက်တွင် ရေသိုလှောင် သော ရေလှောင်တမံကြီးများ တည်ဆောက်၍ မိုးရာသီတွင်ရေကို စနစ်တကျ ထိန်းသိမ်းသိုလှောင်ထားပြီး မြစ်ရေလျော့နည်းကျဆင်းချိန်တွင် ထိန်းညှိလွှတ်ပေးခြင်းနည်းဖြင့် မြစ်ရေ ကြီးမှုကိုကာကွယ်ရာတွင် ထိရောက်စေမည်ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံနိုင်သော ငွေကြေးပမာဏ တစ်ခုအပေါ်မူတည်၍ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံး သို့မဟုတ် ထိခိုက်မှုလုံးဝမရှိသည့် မြစ်ဝှမ်းဆိုင်ရာ အချက်အလက်များ စနစ်တကျ စုဆောင်းစိစစ်၍ နှစ်ရှည်စီမံကိန်း သို့မဟုတ် လိုအပ်မှုအခြေအနေအရ သင့်တော်သည့်လုပ်ငန်း ဆောင်ရွက်ခြင်းဖြင့်လည်း အလားတူကာကွယ်လျှော့ချပေးနိုင်မည် ဖြစ်ပါသည်။
အကယ်၍ ရေဘေးအန္တရာယ်များ ကြုံတွေ့ခံစားခဲ့ရပါက လုံလောက်သော အစီအမံမဟုတ်ခဲ့သည့်တိုင် အောက်ဖော်ပြပါအချက်များအား လိုက်နာဆောင်ရွက် ခြင်းဖြင့်လည်း ရာနှုန်းပြည့်နီးပါး သက်သာမှုရရှိနိုင်မည်ဖြစ်ပါသည်။
(၁) မြစ်ရေမြင့်တက်နေသော ရေကြီး မှုကာလတွင် ထိန်းသိမ်းရေး ဝန်ထမ်းများစုစည်း၍ စနစ်တကျ နေရာချထားကာ တာများအား မပြတ်စစ်ဆေးစေခြင်း၊
(၂) တာအခြေအနေများ အရေးပေါ် ဖြစ်လာပါက လိုအပ်သော တည်ဆောက်ရေးပစ္စည်းများ သဲ၊ မြေအိတ်၊ သစ်၊ ဝါးထရံ စသည်တို့ကို သတ်မှတ်နေရာအသီးသီးတွင် အသင့်ကြိုတင်စုဆောင်းထားရှိခြင်း၊ အချိန်မီ ရွှေ့ပြောင်းနိုင်ရေးအတွက် ယာဉ်၊ စက်လှေ အသုံးပြုနိုင်ရန် အသင့်ထားရှိခြင်း၊
(၃) အချိန် အနည်းငယ်အတွင်း လိုအပ်သည့်နေရာသို့ လုံလောက်သည့်ဝန်ထမ်း (တာလုပ်သား) များ ရောက်ရှိစေရန် စီမံထားရှိခြင်း၊
(၄) မြစ်ရေကြီးခြင်းသတင်း ခန့်မှန်း ချက် စနစ်တကျရှိခြင်းနှင့် ဖြစ်ပေါ်လာပါက ချက်ချင်းလုပ်ငန်းဆောင်ရွက်နိုင်ရန် စည်း စနစ်ကျနသော အဖွဲ့အစည်းစီမံထားရှိ၍ အရေးပေါ်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ခြင်း တို့ဖြစ်ပါသည်။
ထို့အပြင် ခရိုင်၊ မြို့နယ်နှင့် ကျေးရွာအုပ်စုစီမံအုပ်ချုပ်ရေးအဖွဲ့များမှ ၎င်းတို့နှင့် နီးစပ်ရာဒေသအသီးသီးရှိ ပြည်သူလူထုကို ကြိုတင်ရွေးချယ်စုဖွဲ့လေ့ကျင့်ထားပြီး သဘာဝဘေးအန္တရာယ် တစ်စုံတစ်ရာပေါ်ပေါက်လာပါက လူထုအင်အားရယူပြီး ဌာနဆိုင်ရာများနှင့် ပူးပေါင်းပါဝင်ကာကွယ်မှုများ ဆောင်ရွက်ရန်မှာလည်း အရေးကြီးကိစ္စတစ်ခုပင် ဖြစ်ပါ သည်။
အချုပ်အားဖြင့်ဆိုရပါမူ ဧရာဝတီ မြစ်ရေကြီးမှုကို ရေရှည်ကာကွယ်ရန်မှာ ဧရာဝတီမြစ်မကြီးပေါ်တွင်လည်းကောင်း၊ မြစ်လက်တက်ကြီးများတွင် လည်းကောင်း၊ မိုးရာသီမြစ်ရေကို စနစ်တကျသိုလှောင်၍ နွေရာသီတွင် ထိန်းညှိလွှတ်ပေးနိုင်သည့်ရေအား အဆောက်အအုံများဆောက်လုပ်၍ ရေကို လိုသလို (River Water Management) အစီအမံဖြင့် စနစ်တကျဆောင်ရွက်သင့် ပါကြောင်းနှင့် ဖြစ်ပေါ်ကြုံတွေ့ခဲ့သော သဘာဝဘေးကို အခြေခံလေ့လာ၍ ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးမှကင်းလွတ်ရန် နည်းပညာပိုင်း၊ အချိန် သုံးစွဲမှု၊ ငွေကြေးအင်အား မှန်ကန်စွာအသုံးချရင်းနှီးမြှုပ်နှံမှု စသည့်အစီအမံကောင်းများ အချိန်မီအခါမီ ကြိုတင်စီမံဆောင်ရွက်သင့်ပါကြောင်း အကြံပြုတိုက်တွန်းရေးသားလိုက်ရပါ သည်။ ။
ကိုးကား -
ဦးဇော်ဇော် (ညွှန်ကြားရေးမှူး)၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၏ ဖြေကြားချက်များအတိုင်း ၎င်း၏ ခွင့်ပြုချက်ဖြင့် ရေးသားတင်ပြခြင်းဖြစ်ပါသည်။
