Skip to main content

ရေအသက် တစ်မနက်

ဒေါက်တာ မောင်ကျော် ပါမောက္ခချုပ် (ငြိမ်း)

ရေဟာ ရုက္ခသတ္တလောကတို့ရဲ့ အသက်အတွက် အခြေခံအရင်းအမြစ်ပဲ။ ကျန်းမာရေးစားနပ်ရိက္ခာနဲ့ စီးပွားရေးဖွံ့ဖြိုးမှုတို့ရဲ့ ဇာစ်မြစ်ဖြစ်ပါတယ်။ ရေအသက် တစ်မနက် ဆိုသလို ရေမရှိပါက သစ်ပင်နဲ့သစ်တော မရှိနိုင်၊ တိရစ္ဆာန်နဲ့ လူတို့လည်း ရှိနိုင်မှာမဟုတ်။ စဉ်းစားကြည့်ရင် သဘာဝတရားကြီးဟာ လူသတ္တဝါအပေါင်းရဲ့ လိုအပ်ချက်ဖြစ်တဲ့ရေကို လူသားတို့အသက်ရှင်နိုင်ဖို့သာမက လူနဲ့လူ့ပတ်ဝန်းကျင်မှာရှိတဲ့ သက်ရှိသက်မဲ့ အားလုံးအတွက် ဖြည့်ဆည်းလျက်ရှိနေတယ်လို့ ပြောနိုင်ပါတယ်။

ကမ္ဘာ့မြေပြင်ရဲ့ ၇၀ ရာခိုင်နှုန်းဟာ ရေနဲ့လွှမ်းခြုံထားတော့ ရေဟာ ပေါကြွယ်ဝတယ်လို့ ထင်ရပါတယ်။ တကယ်တော့ ပင်လယ်ရေဟာ သောက်သုံးရေ၊ အိမ်သုံးရေနဲ့ စိုက်ပျိုးရေအဖြစ် တိုက်ရိုက်သုံးလို့ မရဘူးဆိုတာ လူအတော်များများ နားမလည်ကြပါဘူး။ ကမ္ဘာမှာ သဘာဝအလျောက် သောက်သုံးလို့ရတဲ့ ရေပမာဏဟာ ၂ ဒသမ ၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ထုထည်အားဖြင့် သန်းပေါင်း ၃၅ ကုဗကီလိုမီတာ ရှိပါတယ်။ ဒီပမာဏဟာလည်း နေရာတကာမှာ ရနိုင်တာမဟုတ်၊ ဒီပမာဏရဲ့ ၅၀ ရာခိုင်နှုန်းကို ခုနစ်ဘီလီယံလူထုဟာ မျှဝေသုံးစွဲနေရသလို ဖြစ်ပါတယ်။

နောင်အနှစ်၂၀-၃၀ကြာရင် ရေသုံးစွဲမှု ပမာဏဟာ၄၀ရာခိုင်နှုန်းအထိ မြင့်တက်လာမယ်လို့ ခန့်မှန်းပါတယ်။ လူသတ္တဝါတွေရဲ့ သဘောသဘာဝအရ ရေကြည်ရာ မြက်နုရာဆိုသလို ရေကြွယ်ဝတဲ့ နေရာဒေသတွေကို ရွှေ့ပြောင်းလုပ်ကိုင်လိုကြတဲ့ ဆန္ဒရှိပါတယ်။ ဒါကြောင့် ရေအရင်းအမြစ်ပေါကြွယ်တဲ့ဒေသတွေက သုံးစွဲနိုင်တဲ့ ရေအရင်းအမြစ် အခြေခံအဆောက်အအုံတွေဟာ ရေအခက်အခဲနဲ့ ကြုံတွေ့လာနိုင်ဖွယ်ရှိပါတယ်။ ရေကို ချွေတာသုံးစွဲရမယ်ဆိုတာ သဘောပေါက်လာပါလိမ့်မယ်။

ရေဟာ သာမန် ဒြပ်ဝတ္ထုတစ်ခုကဲ့သို့မဟုတ်

ရေရဲ့ ဓာတုဗေဒသင်္ကေတက H2O၊ လွန်စွာ ရှင်းလင်းတဲ့ဖော်မြူလာ ဖြစ်ပါတယ်။ ရေဟာ သာမန်ဒြပ်ဝတ္ထုတစ်ခုလို မဟုတ်တာကို လူတိုင်းနားလည်လိမ့်မှာမဟုတ်။ အရောင်အဆင်း၊ အနံ့အရသာ မရှိပေမယ့် ရေကိုသောက်ချင်နေပါတယ်။ လူဦးနှောက်မှာ ရေဓာတ် ၇၅ ရာခိုင်နှုန်း၊ လူသွေးမှာ ၈၃ ရာခိုင်နှုန်း၊ အဆုတ်မှာ ၉၀ ရာခိုင်နှုန်း ရှိနေဖို့ လိုအပ်ပါတယ်။ သောက်သုံးရန်၊ ချက်ပြုတ်ရန်၊ သန့်စင် ခန်း၊ ရေချိုးရန်အတွက် လူတစ်ဦးချင်း နေ့စဉ်လိုအပ်ချက်မှာ ၂၅-၅၀ လီတာ ဖြစ်တယ်ဆိုတာ လူတိုင်းမသိလောက်ဘူး။ သိပ္ပံသဘော၊ ဓာတုဇီဝသဘော နားလည်ရင်ပဲဖြစ်စေ၊ နားမလည်ရင်ပဲဖြစ်စေ၊ လူနဲ့သတ္တဝါအပေါင်းဟာ ရေကို သောက်သုံးရမှန်း၊ ရေဟာ လွန်စွာအရေး ကြီးမှန်း၊ ရေမရှိရင်မဖြစ်ဘူးဆိုတာသိကြပေတယ်။

အပူကို အများဆုံးသိုလှောင်နိုင်

အပူစုပ်ယူနိုင်တဲ့ ပစ္စည်းတွေကတော့ ဒြပ်ဝတ္ထုပစ္စည်းများ အားလုံးပါပဲ။ သို့သော် ကမ္ဘာမြေကို ရေက ၇၀ ရာခိုင်နှုန်းနဲ့ ဖုံးလွှမ်းထားတော့ ရေဟာ အပူကို အများဆုံးသိုလှောင်နိုင်ပါတယ်။ အပူချိန်မြင့်လာတာနဲ့ ရေခိုးရေငွေ့အဖြစ် အပေါ်လေထုဆီသို့ ပြန်တက်သွားတဲ့ သဘောဟာ သဘာဝတရားပါပဲ။ မိုးတွေ ပို၍ရွာလာခဲ့ပါတယ်။

မြန်မာတို့ဟာ ဧရာဝတီ၊ စစ်တောင်းနဲ့ သံလွင်မြစ်ကြီးသုံးသွယ် စီးဆင်းရာ လွင်ပြင်ကျယ်ကြီးရှိတာကြောင့် မိုးရာသီမှာ ရေစတုရန်းကီလိုမီတာ ခြောက်သောင်း (60,000 sqkm) ဖြင့် လွှမ်းခြုံနေပါတယ်။ နွေရာသီမှာသာ ရေရှားပါးမှုကို ကြုံရတတ်ပါတယ်။ မြန်မာပြည် မြို့ပြများမှာ စိတ်ချရတဲ့ သောက်သုံးရေဖူလုံမှုဟာ ၇၀ ရာခိုင်နှုန်းခန့်ရှိပြီး တောအရပ် ကျေးလက်ဒေသတွေမှာတော့ ၅၀ ရာခိုင်နှုန်း ရှိပါတယ်။ အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် မြန်မာတို့ဟာ သဘာဝရေ ရှားပါးမှုမရှိ သေးဘူးလို့ ပြောနိုင်ပါတယ်။

ဧရာဝတီ၊ စစ်တောင်းနဲ့ သံလွင်မြစ်ကြီးတွေသာမက မြန်မာနိုင်ငံမှာရှိတဲ့ အချို့သောမြစ်လက်တက်တွေက ရနိုင်တဲ့ရေဟာ စိုက်ပျိုးရေးအတွက် အလွန်အဖိုးတန်လျက်ရှိပါတယ်။ မြစ်ရေဆိုတာ တောင်စွယ်တောင်တန်းကြီးတွေက စီးဆင်းလာတာပဲဖြစ်ပါတယ်။ မိုးရွာသွန်းခြင်း၊ ရေခဲတွေ အရည်ပျော်ခြင်းက မြစ်ထဲချောင်းထဲသို့ စီးဆင်းလာတာပဲ ဖြစ်ပါတယ်။ ဒီလိုစီးဆင်းလာတဲ့ လမ်းခုလတ်မှာ အင်းအိုင်ကြီးများ၊ ဆည်ကြီးများ အသွင်နဲ့ ထိန်းထားနိုင်ခြင်းဖြင့် မြေပေါ်မှာ ရေကောင်းရမယ်။ ထိုဆည်ကြီး၊ ရေအိုင်ကြီးများက မြေအောက်သို့ ယိုစီးဆင်းမယ်ဆိုရင် မြေအောက်ရေဟာ သောက်သုံးလို့ရတဲ့အဆင့် ဖြစ်ပါတယ်။

မြန်မာတို့ဟာ ကံကောင်းနေပါသေးတယ်။ ကမ္ဘာ့ရေရှားပါးမှုနဲ့ ကြုံတွေ့နေရတဲ့ နိုင်ငံပေါင်း ၂၅ နိုင်ငံရှိတဲ့အနက် နိုင်ငံ ၁၉ နိုင်ငံဟာ အာဖရိကတိုက်မှာ ရှိနေပါတယ်။ ၁ ဒသမ ၄ ဘီလီယံ ကမ္ဘာ့လူထုဟာ ရေကောင်းရေသန့်နဲ့ အလှမ်းမမီ ဖြစ်နေပါတယ်။ ရေမသန့်ရှင်းမှုရောဂါ (Waterborne Disease) ကြောင့် လူခုနစ်သန်းဟာ အသက်ဆုံးရှုံးလျက် ရှိပါတယ်။ ရေနဲ့ဆက်နွှယ်တဲ့ ရောဂါပိုးမွှားကြောင့် အာဖရိကန်အများအပြားရဲ့ ‘သေနှုန်း’ ဟာ အမြင့်မားဆုံးဖြစ်ရတယ်လို့ ဆိုပါတယ်။

 တကယ်တမ်း စစ်စစ်တွေးလေ ရေးရေးသာမြင်ကြမယ့် သူများဟာ အလကားနီးပါးရတဲ့ ရေနဲ့လေဟာ တန်ဖိုးကြီးမားကြောင်း မသိမြင်တာ အဆန်းတော့မဟုတ်ပါဘူး။ ဒါ့ကြောင့် အလွန်တရာတန်ဖိုးကြီးတဲ့ သဘာဝကပေးတဲ့ လေနဲ့ရေ သန့်ရှင်းကြည်လင်ပြီး မညစ်ညမ်းစေဖို့ လူထုနဲ့ အဖွဲ့အစည်းတွေဟာ ရှေးရှု၊ ဂရုစိုက်လာကြတာ တွေ့ရပါတယ်။ မြို့ရွာတွေရဲ့ လေထုရေထုတွေ ဘယ်လောက်သန့်ရှင်းမှုရှိသလဲ၊ အဆိပ်အတောက်ဓာတ်ငွေ့တွေ၊ ပိုးသတ်ဆေးတွေ၊ အဆိပ်ဓာတ်ရှိတဲ့ လေးလံသတ္တု (Heavy Metals) တွေကို ဓာတ်ခွဲကာ ပြည်သူတို့အား အသိပေးနေတာတွေ့ရပါတယ်။ ရေနဲ့လျှပ်စစ် ခြိုးခြံချွေတာဖို့ဆိုတာ အားလုံးကောင်းဖို့ နှိုးဆော်နေရပါတယ်။ ကျွန်တော်တို့တစ်တွေဟာ နေ့စဉ်နေ့တိုင်းလေကိုလီတာတစ်သောင်းနဲ့ နှစ်သောင်းကြားမှာ ရှူရှိုက်ပါတယ်။ လူတို့ဟာ နိစ္စဓူဝကိစ္စတွေ လုပ်ကိုင်ကြရင်း အများအားဖြင့် ဂဏန်းပေါင်းစက်မှာ အာရုံစိုက်နေကြပါတယ်။ လိုအပ်တာထက် လောဘတွေကြီးနေပါတယ်။ လေဝအောင်ရှူဖို့၊ ရေသောက်ဖို့ အများစုဟာ မေ့နေတတ်ပါတယ်။

သိပ္ပံသဘော၊ ဓာတုဇီဝသဘော နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ၊ လူနဲ့သတ္တဝါအပေါင်းဟာ ရေဟာ သောက်သုံးရမှန်း၊ ရေဟာ လွန်စွာအရေး ကြီးကြောင်း ရေမရှိရင် မဖြစ်ဘူးဆိုတာ သိကြပေတယ်။ ရေကို ချွေတာသုံးစွဲရ မယ်ဆိုတာ သဘောပေါက်လာပါလိမ့်မယ်။

စိတ်ပူခဲ့ရ

၁၉၆၀-၁၉၈၈ ခုနှစ်အတွင်း နွေရာသီကျောင်းပိတ်ရက်တွေမှာ မိဘရပ်ထံရထားနဲ့ ပြန်လေ့ရှိတဲ့ခေတ်ကို သတိရမိပါတယ်။ ရထားလမ်း၊ ကားလမ်းဘေး၊ ရထားရပ်နားချိန်မှာ ကလေးငယ်လေး တွေဟာ “ရေရမယ်၊ ရေရမယ်” ဆိုပြီး ခေါင်းပေါ် ရေအိုးလေးတွေရွက်ကာရေရောင်းတာတွေဟာ သတိရစရာဖြစ်ခဲ့ပါတယ်။ ‘‘ရေရမယ်၊ ရေရမယ်’’ လို့ တကြော်ကြော်အော်ပြီး ရေ‌ရောင်းနေတဲ့ ကလေးငယ်လေးတွေရဲ့ဘဝကို တစေ့တစောင်းကြည့်မိပါတယ်။ တစ်နေ့လုပ် တစ်နေ့စားဘဝနဲ့ ကျောင်းမတက်ရရှာဘဲ မိဘများကို ကူညီလုပ်ကိုင်ပေးနေရတယ်။ ကလေးငယ်တချို့ဆိုရင် ကျောင်းမတက်နိုင်ဘဲ ရေရောင်းရတဲ့ကိစ္စနဲ့ ဘဝကို ရုန်းကန်ခဲ့ရပါတယ်။

အိန္ဒိယနဲ့ အာဖရိကနိုင်ငံတွေမှာ မိသားစုအတွင်း ကလေးမိန်းကလေး တစ်ဦးဟာ နေ့စဉ်ရေကောင်းရေသန့် ရရှိဖို့နှစ်မိုင်၊ သုံးမိုင် (၄-၇ ကီလိုမီတာ) ခန့် သွားရောက်ပြီး ရေခပ်ရတဲ့အလုပ် ကိုလုပ်နေရပါတယ်။ ဒီရေပြဿနာဟာ အမျိုးသမီးများနဲ့ မိန်းကလေးငယ်လေးများအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်နေပါတယ်။ ဒီပြဿနာဟာ ပညာမသင်နိုင်၊ ရောဂါထူပြောပြီး ဆင်းရဲတွင်းက ရုန်းမထွက်နိုင်တဲ့ သံသရာတစ်မျိုးပါပဲ။

၁၉၈၈ ခုနှစ်နောက်ပိုင်း တိုင်းရင်းသားလုပ်ငန်းရှင်တွေနဲ့ သောက်ရေသန့် ထုတ်တဲ့စက်ရုံတွေ ဖွံ့ဖြိုးလာလို့ ဘယ်လိုခရီးပဲသွားသွား ပလတ်စတစ်ရေပုလင်းတွေကြောင့် ခရီးသွားပြည်သူဟာ အဆင်ပြေခဲ့ပါတယ်။ ရေရမယ်လို့ တကြော်ကြော်အော်ရောင်းတဲ့ ကလေးငယ်တွေဟာလည်း ရပ်ထားတဲ့ ရထားဘေးက ပျောက်ကွယ်သွားကာ ကျောင်းနေဖို့ဖြစ်လာတော့ တိုးတက်မှုကြီးဖြစ်ခဲ့ပါတယ်။

သမ္မာအာဇီဝလုပ်ငန်း

ပုဂံခေတ်ကစလို့ ရှေးမြန်မာဘုရင်များလက်ထက်မှာ ဆည်မြောင်းတာတမံတွေ တူးဖော်၊ မိုးခေါင်တဲ့ဒေသများမှာ ပင်ကိုယ်စားမယ့် ဆန်စပါးကိုစိုက်ပျိုးပြီး ကိုယ့်နိုင်ငံကိုတည်ထောင်၊ စေတီပုထိုးတွေတည်ထောင်၊ အလှူမင်္ဂလာတွေ ပေးနိုင်တာဟာ ပြောရရင် ရေအကြောင်းကို နားလည်လို့ပဲ ဖြစ်ပါတယ်။

လယ်ယာစိုက်ပျိုးရေးအတွက် ရေသုံးစွဲမှုမှာ ၇၀ ရာခိုင်နှုန်းရှိပါတယ်။ မိုးလေးတဖွဲ့ဖွဲကျရင် တောင်သူလယ်သမားတို့ဟာ လယ်တောဆင်းဖို့ ပျော်ရွှင်နေကြတာကို တွေ့ရပါတယ်။ စွတ်စိုနေတဲ့ လယ်ယာ၊ ဗွက်ထနေတဲ့ လယ်ခင်းမှာ ပျိုးကြဲ၊ ပျိုးချ၊ ပျိုးစိုက် ရိတ်သိမ်း၊ စပါးလှေ့တဲ့တောင်သူလယ်လုပ် ဓားမခုတ်ဟာ၊ “သမ္မာအာဇီဝ”မှန်စွာသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်လို့ မူးယစ်ဆေးဝါးထုတ်လုပ် ရောင်းဝယ်သူများနဲ့ မတူဘူး။

မြန်မာ့တောင်သူလယ်သမားတို့ဟာ ရေနဲ့မြေကို ‘‘မတည်’’ ဝီရိယနဲ့ ဉာဏ်ကိုရင်းနှီးပြီး ဘုရားကျောင်းကန်သွား၊ သီတင်းသီလ စောင့်ကြသူတွေဖြစ်တယ်။ ရာသီဥတုမိုးလေမှန်ရင် တစ်နှစ်လောက် နားနေလို့ရတဲ့ သူဌေးလေးတွေ ဖြစ်ပါတယ်။ နည်းပညာနဲ့ စက်မှုလယ်ယာတို့ကို ပေါင်းလိုက်ရင်၊ မွေးမြူရေးပါထည့်လိုက်ရင် အမေရိကန်၊ ဂျပန်နဲ့ ထိုင်းက လယ်သမားသူဌေးကြီးတွေလို ဖြစ်လာလိမ့်မယ်လို့ ပြောချင်ပါတယ်။ ရေနည်းနည်းနဲ့ အထွက်တိုးအောင်၊ အချိန်တိုတိုနဲ့ သီးထွက်ကောင်းအောင်၊ ပိုးမွှားဒဏ်ခံနိုင်တဲ့ သီးနှံပင်တွေ အလျှံပယ်ထွက်ပေါ်လာပါလိမ့်မယ်။

၂၀၅၀ မှာ ကမ္ဘာ့လူဦးရေဟာ ၁၀ ဘီလီယံကျော်မယ်လို့ ကုလသမဂ္ဂလူဦးရေနဲ့ ရန်ပုံငွေအေဂျင်စီက ခန့်မှန်းပါတယ်။ လူဦးရေ အလွန်အမင်းတိုးပွားမှုဟာ အစားအစာ၊ ရေကောင်းရေသန့်နဲ့ လျှပ်စစ်ဓာတ်အားတွေ ပို၍လိုအပ်မယ်ဆိုတာ ထင်ရှားပါတယ်။ နောင်အနှစ် ၂၀ ကျော်လာရင် အာဟာရပြည့်ဝတဲ့အစား အစာ၊ ရေနဲ့စွမ်းအင်တွေ ပိုလိုအပ်ပါမယ်။

နိုင်ငံတကာရဲ့ စံချိန်စံညွှန်းကတော့ စိုက်ပျိုးရေးအတွက် ရေလိုအပ်ချက် ရေအရင်းအမြစ်လိုအပ်ချက် ၆၀ မှ ၈၀ ရာခိုင်နှုန်းအထိရှိတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာတော့ ၈-၁၀ ရာခိုင်နှုန်းသော ရေကိုသာ ရေသွင်းဆည်မြောင်းများမှ စိုက်ပျိုးရေးအတွက် သုံးနေပါသေးတယ်။ မြန်မာတို့ရဲ့ ရေအရင်းအမြစ်ဟာ စက်မှုနဲ့စိုက်ပျိုးရေးအတွက် ဖူလုံနေတယ်လို့ အဓိပ္ပာယ်ပေါ်ပါတယ်။ ရေဖူလုံ တဲ့ မြန်မာတို့အတွက် အနာဂတ်မှာ ရေပြဿနာ အကြီးအကျယ်ပေါ်လာခဲ့ရင် မိုးရေကို မည်သို့ထိန်း၊ မြစ်ချောင်းက ရေကို မည်သို့စုစည်း၊ မြစ်ရေကို ဘယ်လိုနေရာမျိုးမှာတင်ပြီး ဝမ်းစာဖူလုံရေးသာမက ကောက်ပဲသီးနှံမျိုးစုံစိုက်ရုံဖြင့် ချမ်းသာတဲ့လူမျိုး၊ ကျန်းမာတဲ့လူမျိုး ဖြစ်နိုင်ပါတယ်။

ဆည်မြောင်း တာတမံတွေဟာ ရေထိန်းဖို့၊ ရေတင်ဖို့ဖြစ်ပါတယ်။ သောက်သုံးရေနဲ့ စိုက်ပျိုးရေဟာ နေရာအနှံ့နီးပါးရနေသေးတဲ့ အနေအထားဖြစ်တာကိုတွေ့ရပါတယ်။ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံဟာ ဆင်းရဲတွင်းက ရုန်းထွက်နိုင်ဖို့ ယနေ့အချိန်အခါမှာ ကျေးလက်တွေမှာ ဆည်ရေရရှိရေးကို အကြီးအကျယ် အားထုတ်ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ မြန်မာတို့အတွက် မြစ်ကြီးသုံးသွယ်နဲ့ ဧရာဝတီမြစ်ရေတင် စီမံကိန်းတွေဟာ ယနေ့အချိန်အခါထိ အားရစရာကောင်းနေပါတယ်။ရေကောင်း ရေသန့်နဲ့ အလှမ်းမီလာပါတယ်။ မြန်မာနိုင်ငံတောတောင်နေလူထုဟာ ရေကို ခြိုးခြံချွေတာရလောက်အောင် အခက်အခဲ မရှိသလောက်ပါပဲ။

မြစ်ရေတင်စီမံကိန်းနဲ့ နွေစပါးစိုက်ပျိုးရေး

၁၉၉၉-၂၀၀၅ ခုနှစ်အတွင်းက မြန်မာတို့ဟာ ရေတွင်းရေကန်တွေ၊ ဆည်တွေမြောင်းတွေ အကြီးအကျယ်တည်ထောင်ပြီး ဒီဇယ်သုံးကာ စက်တွေမောင်း၊ မြစ်ရေတင်စီမံကိန်းနဲ့ နွေစပါးစိုက်ပျိုးရေးကို အကြီးအကျယ်ဆောင်ရွက်ခဲ့ရာ ဆန်ရေစပါး ပြည့်စုံခဲ့ပါတယ်။ မြစ်ရေတင်စီမံကိန်းနဲ့ နွေစပါးစိုက်ပျိုး ရေးလုပ်ပါ၊ နွေရာသီမှာ နွေစပါးကို စိုက်ပျိုးခဲ့လို့၊ နွေ၊ မိုး၊ ဆောင်းစိုက်ပျိုးခဲ့လို့ တောင်သူလယ်သမားတွေ ချောင်လည်ခဲ့ပါတယ်။ နွေ၊ မိုး၊ ဆောင်းစိုက်ပျိုးလို့ ရတဲ့နေရာတွေမှာ ရေသွင်းစိုက်ပျိုးလိုက်ပါ၊ လိုအပ်တဲ့ စွမ်းအင်ကိုတော့ ကျောက်မီးသွေးသုံးပြီး လျှပ်စစ်ကိုထုတ်ပါ။ သူဌေးကြီး မဖြစ်ရင်တောင် “စပါးတောင်လိုပုံ” ဈေးကောင်းတွေရကြဦးမှာ ဖြစ်ပါတယ်။

မြေအောက်ရေ နည်းပါးခြင်း မိုးခေါင်လာခြင်း

တောလမ်းတစ်လျှောက် ကျွဲနွားတွေသောက်တဲ့ ရေကန်တွေဟာ ယခင်ကလို မဟုတ်၊ ခန်းခြောက်စပြုလာကြပြီး ညောင်ပင်အိုတို့မှ အရွက်တို့ကလည်း ကျွဲနွားစာအဖြစ် ရောက်လောက်အောင် အစာရေစာရှားပါးလာရခြင်းတို့မှာ ရေရှားပါး၊ မိုးခေါင်လာလို့ပါပဲ။ အပူပိုင်း ဒေသခံပြည်သူတို့ဟာ ရွှေကိုမလို ရေကိုသာ တမ်းတကြပါတယ်။ စက်မှုစက်ရုံ တွေကလည်းမထွန်းကားလေတော့ ရေထုညစ်ညမ်းဖို့ဆိုတာ ပြောပလောက်တဲ့ အဆင့်မရှိပါဘူး။ ဈေးသွားဈေးပြန်တွေ သောက်သုံးဖို့ ဇရပ်တွေမှာရှိခဲ့တဲ့ ရေအိုးစင်တွေလည်း ကွယ်ပျောက်သွားလေပြီ။ ရေအကျိုးဆယ်ပါးမတောင်းပဲနဲ့ပြည့် ဆိုတဲ့အတိုင်း၊ ရေအလှူရှင်တွေရှိနေပေမယ့် အနီးတစ်ဝိုက်မှာ ရေတွေရှားလောက်အောင် မိုးခေါင်ခြင်း၊ မြေအောက်ရေနည်းပါးခြင်းတို့ဟာ အကြောင်းတရားပဲ ဖြစ်နေပါတယ်။

လူသာပဓာန

အတ္တပရမျှမျှတတနဲ့ ‌ရေကိုချွေတာ သုံးစွဲဖို့ပါပဲ။ ရေကို ချွေတာသုံးစွဲရေးဟာ အခြားသောနိုင်ငံတွေမှာ ဥပမာ- စင်ကာပူ၊ ဩစတြေးလျနိုင်ငံတွေရောက်ရင် ထမင်းစားရေသောက်လုပ်သလို ရေကိုချွေတာရေး မေးမြန်းနေစရာ၊ ရှင်းပြနေစရာ မလိုလောက်ဘူး။ လူသာပဓာနပါပဲ။

စက်မှုထွန်းကားတဲ့ နိုင်ငံတွေမှာ လူတစ်ဦးချင်း တစ်နေ့ရေသုံးစွဲမှုဟာ လီတာ ၅၀၀ မှ ၈၀၀ အတွင်းရှိပြီး ဖွံ့ဖြိုး ဆဲနိုင်ငံမှာတော့ လီတာ ၆၀ မှ ၁၅၀ အတွင်းပဲ သုံးစွဲကြပါတယ်။ သံ၊ သံမဏိ တစ်တန်ထုတ်ရင် ရေလီတာ ခြောက်သောင်း၊ မော်တော်ကားတစ်စီးထုတ်လုပ်ရင် ရေလီတာသုံးသောင်း သုံးစွဲရပါတယ်။ ဆန်စပါး တစ်ကီလိုဂရမ်ရဖို့ စိုက်ပျိုးရေဟာ လီတာသုံးသောင်း၊ အမဲသားတစ်ကီလိုဂရမ်ရအောင် မွေးမြူရာမှာ ရေလိုအပ်ချက်တွေဟာ ရေလီတာ တစ်သောင်းခြောက်ထောင်ဖြစ်ပါတယ်။

ရေကို ချွေတာပါ

မြို့နေလူတန်းစားများကမူ ရေကိုချွေတာရလိမ့်မယ်။ ရေပုပ်၊ ရေညစ်မဖြစ်ရအောင် အဝတ်လျှော်ဆပ်ပြာ၊ အိုးခွက်ပန်းကန်ဆေးရေကို ကြုံသလို ကိုယ်အဆင်ပြေရင်ပြီးရောဆိုတဲ့သဘောကို ရှောင်ရလိမ့်မယ်။ ရေထုမညစ်ညမ်းဖို့သာ ဂရုစိုက်ရပေမယ်။ ရေကို ငွေကြေးပေးပြီး တစ်ကိုယ်တော် ပေါပေါသီသီ သုံးရန်မသင့်၊ မျှဝေသုံးနိုင်ဖို့ ရေကို ချွေတာရလိမ့်မယ်။ စက်ရုံထွက် ရေညစ်ရေဆိုးတွေကို စနစ်တကျ စွန့်ကြရပေလိမ့်မယ်။ ရေကို မည်သို့ခြိုးခြံချွေတာ သုံးရမယ်ဆိုတာကို အခြေခံပညာအဆင့် သင်ခန်းစာမှာ သင်ထားတဲ့အတိုင်း ဆောင်ရွက်ဖို့နဲ့ စက်ရုံ အလုပ်ရုံ မော်တော် ကားဝပ်ရှော့တွေမှာ ရေနဲ့ လျှပ်စစ်သုံးစွဲခြင်း၊ ခြိုးခြံချွေတာခြင်းတို့အတွက် ဥပဒေတွေရှိပြီးဖြစ်ပါတယ်၊ ကိုယ်တိုင်လိုက်နာဖို့ပဲ။ စည်ပင်သာယာရေးအတွက် တာဝန်ရှိသူများဟာ လိုရင်လိုသလို ကြပ်မတ်ပေးလိုက်ရင် အားလုံးအဆင်ပြေလာပါလိမ့်မယ်။

မြန်မာတို့ရဲ့ ရေကိုညစ်ညမ်းစေမယ့် အိမ်တွင်းသုံးရေစွန့်ပစ်မှု ၅၀ ရာခိုင်နှုန်း၊ ပိုးသတ်ဆေးကြောင့် ၈ ရာခိုင်နှုန်း၊ အဝတ်လျှော်ဆပ်ပြာကြောင့် ဖော့စပိတ်မြင့်မားမှု ၁၂ ရာခိုင်နှုန်း၊ ရေတိုက်စားမှုကြောင့် ရေထုညစ်ညမ်းမှု ၂၅ ရာခိုင်နှုန်း အထိရှိနိုင်တာမို့ ဆင်ခြင်တတ်ဖို့ အသိပညာတွေကို တောရောမြို့ပါမကျန် တတ်အောင်သင်လေ့ကျင့်ကြဖို့ ဖြစ်ပါတယ်။

မိုးကိုမျှော်ရုံနဲ့ ရေမရနိုင်

မြန်မာတို့အတွက် သဘာဝတရားကြီးက မြစ်ကြီးသုံးသွယ်ကို လက်ဆောင်မွန်အဖြစ် ပေးထားပါတယ်။ သို့သော်ပေးကားပေး၏၊ ပညာနဲ့ဉာဏ်အမြော် အမြင်နည်းပါးရင် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားနဲ့၊ ဒီဇယ်နဲ့၊ နေရောင် ခြည်သုံးပြီး မြစ်ရေတင်စီမံကိန်း လုပ်ရကောင်းမှန်းမသိရင် ဆင်းရဲတွင်းက တက်နိုင်ဖွယ်မမြင်။ ရံဖန်ရံခါဆိုသလို ဥတုရာသီဖောက်ပြန်မှု၊ အမျိုးမျိုးသော ဖောက်ပြန်မှုကြောင့် ရှိတဲ့သယံဇာတဟာလည်း သုံးမရ၊ ပညာမဲ့၊ နည်းပညာမဲ့ရင် ဆင်းရဲတွင်းမှာနေဖို့ပဲ ကျန်ပါတော့တယ်။ မြန်မာနိုင်ငံရဲ့မြစ်ချောင်း၊ အင်းအိုင်တွေ၊ တောင်ကျရေတွေကို ပိတ်ဆို့တားဆီးပြီး ရေကို အကျိုးရှိရှိ သုံးတတ်ဖို့ပဲလိုပါတယ်။ ရေအားလျှပ်စစ်ထုတ်မယ်ဆိုရင် မြန်မာဟာ နှစ်အနည်းငယ်အတွင်းမှာ ချမ်းသာမှာဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုဟာလည်း မှန်မှန်ကန်ကန် ဖြစ်လာမယ်လို့ ပြောနိုင်ပါတယ်။

ကျွန်တော်တို့ဟာ ဧရာဝတီမြစ်ကြောင်း အရေးကြီးပုံအပါအဝင် ဧရာဝတီမြစ်ရေဟာ တန်ဖိုးကြီးပုံ သိနေပါတယ်။ နည်းပညာမြင့်မားရင် မြစ်ကြီးသုံးသွယ်ကိုအကြောင်းပြုရင် ရေကြောင်းသွားလာရေးတွေ ဖော်ဆောင်နိုင်ပါတယ်။ ရေအားလျှပ်စစ်ထုတ်ရင် အမှောင်ထုကို ခွင်းနိုင်ပါလိမ့်မယ်။ မြန်မာ့သယံဇာတကတော့ တစ်ပုံတစ်ခေါင်းကြီးလို့ ပြောရလောက်အောင် မြန်မာနိုင်ငံအလယ်အူကြောင်းက ရေကြောကြီးပဲ။ အမြဲစွတ်စိုလျက်ရှိတဲ့ ဧရာဝတီမြစ်၊ စစ်တောင်းမြစ်နဲ့ အရှေ့ဘက်ခြမ်းက သံလွင်မြစ်ကြီးတို့ပဲ။ ဒီမြစ်ကြီးသုံးသွယ်ဟာ မြန်မာတို့အတွက်ချမ်းသာဖို့ပဲ။ မြစ်ကြီးများဖြစ်လို့ ရေချိုလို့ခေါ်ပါတယ်။ စိုက်ပျိုးရေနဲ့ သောက်သုံးရေအထိ သုံးနိုင်တာမို့ ကမ္ဘာမှာတော့ စံချိန်လွန်ရေအရင်းအမြစ် ပဲ၊ သုံးတတ်ရင် အဖိုးအနဂ္ဃတန်ပါတယ်။ နည်းပညာနည်းရင်တော့ ပင်လယ်ထဲစီးဆင်းသွားတာပဲ အဖတ်တင်ပါမယ်။ ဒါသိဖို့လိုပါတယ်။

ရေမြေ တောတောင်သယံဇာတ မြေပေါ်မြေအောက် သယံဇာတတွေ ပေါကြွယ်ဝနေတာမို့ ချမ်းသာနိုင်တယ်။ ပညာနဲ့အတတ်ပညာ အမြော်အမြင်ကြီးရင် ပိုပိုလို့ချမ်းသာလိမ့်မယ်။ သယံဇာတ များများမရှိသော်လည်း အတတ်ပညာ၊ နည်းပညာပါတဲ့ လူ့အဖွဲ့အစည်းဟာလည်း ချမ်းသာနိုင်တယ်ဆိုတာ ကမ္ဘာကိုကြည့်ရင် မြင်တွေ့နိုင်ပါတယ်။ နည်းပညာအတော်အသင့်သာလိုတဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံတွေကို မိုးများတဲ့ဒေသတွေမှာ ရဲရဲရင့်ရင့် တည်ဆောက်ပြီး စက်မှုလယ်ယာကို တည်ထောင်သင့်ပါတယ်။

ဒီဆောင်းပါးကို ဒီလို နိဂုံးချုပ်ချင်ပါတယ်။

အခြေခံကျကျ လုပ်ရမည့်ကိစ္စက ရေကို ခြိုးခြံချွေတာသုံးစွဲဖို့နဲ့ ပြန်လည်သုံးနဲ့ အလီလီသုံးနိုင်တယ်ဆိုတဲ့စနစ်ကို ကျင့်သုံးနိုင်တာ ရေဖြစ်ပါတယ်။

“ရေမကြွယ် ထင်းမကြွယ်” ဆိုတဲ့အတိုင်း ရေနဲ့ လျှပ်စစ်ဓာတ်ကို ခြိုးခြံချွေတာထုတ်လုပ် သုံးစွဲပါ။ ချွေတာစုဆောင်း သူဌေးလောင်းဆိုတာယုံပါ။

“ရေကိုမဖြုန်းနဲ့ မညစ်ညမ်းစေ နဲ့” ဆောင်ပုဒ်ကို လက်ကိုင်ထားပါ။ ရေအသက် တစ်မနက်ဆိုတာ သတိရပါ။

မတ်လ ၂၂ ရက်နေ့မှာ ကျရောက်မယ့် “ကမ္ဘာ့ရေနေ့” ကို ပညာအမြော်အမြင် နည်းပညာအမြော်အမြင်နဲ့သာ အလှဆင်နိုင်လိမ့်မယ်လို့ ဆိုချင်ပါကြောင်း။ ။