Skip to main content

ထိန်းသိမ်းကာကွယ် သစ်ပင်သစ်တော ပြုန်းတီးမှုအန္တရာယ်

ဟန်

ယဉ်ကျေးမှုစတင်သည့် အချိန်မှစ၍ လူသားတို့သည့် သစ်တောသယံဇာတများကို အသုံးချခဲ့ကြပြီး လူဦးရေနည်းပါးစဉ်ဖြစ်၍ သစ်တောထွက်ပစ္စည်းများကို လေနှင့်ရေတို့ကဲ့သို့ သုံးမကုန်နိုင်သော သဘာဝပစ္စည်းများဟု မှတ်ယူသုံးစွဲခဲ့ကြပေမည်။ သို့ရာတွင် ယဉ်ကျေးမှုအဆင့်အတန်း တဖြည်းဖြည်း မြင့်မားလာသည့်နည်းတူ လူဦးရေမှာလည်း တိုးပွားလာသည်ဖြစ်ရာ သစ်တောသယံဇာတများ ထုတ်ယူသုံးစွဲလိုမှုသည်လည်း မြင့်တက်လာခဲ့ပေသည်။ ထို့ကြောင့်ပင် သဘာဝသစ်တောကြီးများ တဖြည်းဖြည်းပျက်စီးပြုန်းတီးလာခဲ့ရာမှ လူသားတို့အတွက် အဓိက စားဝတ်နေရေးကို အထောက်အပံ့ အကာအကွယ်ပြုနေသည့် သစ်တောသယံဇာတများ ရှားပါးလာခြင်းနှင့်အတူ ရာသီဥတုဖောက်ပြန်ယိုယွင်းမှုများသည် လက်ရှိလူသားတို့အား ခြိမ်းခြောက်လာခဲ့ပေသည်။

မြန်မာနိုင်ငံနှင့် သစ်တောဧရိယာ

သစ်ပင်သစ်တောများ စိုက်ပျိုးထိန်းသိမ်းခြင်းများသည် ကဏ္ဍစုံတွင် အကျိုးကျေးဇူးများစွာဖြစ်ထွန်းရရှိနိုင်သည်။ သစ်ပင်သစ်တောများသည် ရာသီဥတုကို မျှတကောင်းမွန်စေပြီး ဇီဝမျိုးစုံမျိုးကွဲများ တိုးပွားစေသည်။

ရေမြေတောတောင် သဘာဝကို ထိန်းသိမ်းကာကွယ်ပေးပြီး သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးနိုင်သည်။ သစ်တောထွက်ပစ္စည်းများဖြင့် စားရေရိက္ခာများ ပံ့ပိုးပေးနိုင်သည့်အပြင် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုအကျိုးကျေးဇူးများစွာ ရရှိစေနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုကို ပြန်လည်လေ့လာပါက ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ သစ်တောသယံဇာတ ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာအရ ၂၀၀၀ ပြည့်နှစ်တွင် နိုင်ငံဧရိယာ၏ ၅၁ ဒသမ ၅၄ ရာခိုင်နှုန်း၊ ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံဧရိယာ၏ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်တွင် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းနှင့် ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းရှိသောကြောင့် တဖြည်းဖြည်းနှင့် ပိုမိုပျက်စီးလာသည်ကို တွေ့ရှိရသည်။ သစ်တောများ ပြုန်းတီးလာပါက ရာသီဥတု ပြင်းထန်ဆိုးရွားလာပြီး မြစ်၊ ချောင်း၊ ရေကန်များ ညစ်ညမ်းလာကာ ရေချိုများ ခန်းခြောက်လာသည်ကို တွေ့ရှိရမည်။ ထို့ပြင် မြေဆီလွှာများ ပျက်စီးပြုန်းတီးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းပျောက်ကွယ်လာခြင်း၊ သဘာဝဘေးအန္တရာယ်များ မကြာခဏကျရောက်ခြင်း အစရှိသည့် ဆိုးကျိုးများ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်ကို လူတို့သတိပြုမိခဲ့ကြမည် ဖြစ်သည်။

ပူးပေါင်းပါဝင် ဆောင်ရွက်မှု ဖွံ့ဖြိုးစေခြင်း

ဂေဟစနစ်များ ယိုယွင်းပျက်စီးမှုများနှင့်အတူ လူသားများ အသက်ရှင်ရပ်တည်ရေးအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုများ၊ စိန်ခေါ်မှုများကိုပါ ရင်ဆိုင်နေကြရပြီဖြစ်သဖြင့် သစ်တောများ မပြုန်းတီးရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် တိုးချဲ့စိုက်ပျိုးရေးကို စဉ်ဆက်မပြတ် လုပ်ဆောင်ရန်လိုအပ်နေပြီဖြစ်သည်။

သို့ဖြစ်ရာ ဖွံ့ဖြိုးလာသော သစ်တောသိပ္ပံပညာရပ်များဖြင့် သစ်တောသယံဇာတများ ထိန်းသိမ်းစောင့်ရှောက်ခြင်းကို ကမ္ဘာနှင့်အဝန်းနည်းလမ်းများ ရှာဖွေကြံဆလျက် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း သစ်တောထွက်ပစ္စည်းများ တရားမဝင်ထုတ်ယူသုံးစွဲမှုများမှ ကာကွယ်ရန်အတွက် ဥပဒေများ ထုတ်ပြန်ပြဋ္ဌာန်းခြင်းဖြင့်လည်းကောင်း၊ ထိရောက်သော ထုတ်လုပ်အသုံးချမှုဖွံ့ဖြိုးရေးအတွက် အုပ်ချုပ်လုပ်ကိုင်မှုမဟာဗျူဟာများ ချမှတ်ဆောင်ရွက်ခြင်းဖြင့်လည်းကောင်း သစ်တောသယံဇာတများ ထိန်းသိမ်းကာကွယ်ရေးနှင့် သစ်တောများ ပြန်လည်ထူထောင်ရေးတို့ကို စီမံဆောင်ရွက်လျက်ရှိပါသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် သစ်တောပြုန်းတီးမှုနှင့် သစ်တောအတန်းအစားကျဆင်းမှုကို တားဆီးနိုင်ရန်နှင့် သဘာဝတောများကို ကူညီအားဖြည့်ရန် တောနိမ့်၊ တောပျက်များအား ပြန်လည်ပြုစုပျိုးထောင်ခြင်းနှင့် ပျက်စီးပြုန်းတီးလျက်ရှိသော သစ်တောနယ်မြေများတွင် သစ်တောစိုက်ခင်းအသစ်များ တည်ထောင်ခြင်းကိုလည်း အဓိကလုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် အထူးကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

သစ်​​တောစိုက်ခင်းများ တည်ထောင်ရာတွင် ပုဂ္ဂလိကပူးပေါင်းမှု တိုးတက်ပါဝင်လာစေရန်အတွက် ၂၀၀၆ ခုနှစ်မှ စတင်၍ ပုဂ္ဂလိကကျွန်းနှင့် သစ်မာစိုက်ခင်း တည်ထောင်ခြင်းလုပ်ငန်းများ စတင်ခဲ့ပါသည်။ ဒေသခံပြည်သူများ၏ အခြေခံ လိုအပ်ချက်များအား ဖြည့်ဆည်းရန်နှင့် အဆင့်အတန်းနိမ့်ကျနေသည့် တောများကို ပြည်သူလူထု ပူးပေါင်းပါဝင်ခြင်းဖြင့် ပြန်လည်ထူထောင်ရန် ရည်ရွယ်ချက်များဖြင့် ၁၉၉၅ ခုနှစ်တွင် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များကို ထုတ်ပြန်ခဲ့ပါသည်။ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောသည် ဒေသခံပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင်ခြင်းဖြင့် သစ်တောများ ပြန်လည်ထူထောင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။

စီမံကိန်းများချမှတ်ဆောင်ရွက်

နိုင်ငံ၏ အဖိုးတန်သစ်တောသယံဇာတများ ရေရှည်တည်တံ့ပြီး နိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေနိုင်ရန်အတွက် ချမှတ်ထားသည့် မြန်မာ့သစ်တောမူဝါဒကို အခြေခံပြီး သစ်တောများကို စီးပွားရေးအမြင်၊ လူမှုရေးအမြင်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအမြင် အစရှိသည့် အမြင်မျိုးစုံ၊ ရှုထောင့်မျိုးစုံနှင့် ရှုမြင်ပြီး စနစ်တကျစီမံအုပ်ချုပ်ဆောင်ရွက်သွားကြရမည် ဖြစ်သည်။

ကမ္ဘာ့သစ်တော ပြုန်းတီးမှုအများဆုံးနိုင်ငံများစာရင်းတွင် ပါဝင်နေသည့် မြန်မာနိုင်ငံ၏ သစ်တောများ ပြန်လည်ထူထောင်နိုင်ရေးနှင့် နိုင်ငံ၏ အဖိုးတန်သဘာဝတောများ ထာဝစဉ်တည်တံ့စေရေးနှင့် ဂေဟစနစ်များ ပြန်လည်ပြုစုထိန်းသိမ်းရန်အတွက် မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်းကို ၂၀၁၇-၂၀၁၈ ခုနှစ်မှ ၂၀၂၆-၂၀၂၇ ခုနှစ်အထိ ၁၀ နှစ်တာ ကာလစီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

သစ်တောများ ပြန်လည်ထူထောင်ရေး စီမံကိန်းကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး၌ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။ ၁ဝ နှစ်တာ ရေးဆွဲထားသည့် အဆိုပါစီမံကိန်း၌ ပထမငါးနှစ် စီမံကိန်းကို ၂ဝ၁၇ ဘဏ္ဍာနှစ်မှ ၂ဝ၂၁ ဘဏ္ဍာနှစ်အထိ၊ ဒုတိယငါးနှစ်စီမံကိန်းကို ၂ဝ၂၂ ဘဏ္ဍာနှစ်မှ ၂ဝ၂၆ ဘဏ္ဍာနှစ်အထိ ခွဲခြားသတ်မှတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ထို့အပြင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ဆိုးရွားသော ရာသီဥတုအခြေအနေရှိသည့် အပူပိုင်းဒေသတွင် သစ်ပင်များ အလွန်အကျွံခုတ်ခြင်းနှင့် သဘာဝတောများ ရှင်းလင်းခြင်းကြောင့် ဖြစ်ပေါ်လာသည့် သဲကန္တာရဖြစ်ထွန်းမှုမှ ကာကွယ်ခြင်း၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဒီရေတောများ ထိန်းသိမ်းခြင်းနှင့် ပြန်လည်ပြုစုပျိုးထောင်ခြင်း၊ စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရေးကြီးသည့် ရေရရှိရန် သစ်တောများမှ ထိန်းချုပ်ပေးသည့်အတွက် ဆည်များ၏ ရေဝေရေလဲဧရိယာများအား ကာကွယ်ထိန်းသိမ်းခြင်း၊ သစ်တောများပျက်စီးမှုနှင့် သစ်တောအတန်းအစား ကျဆင်းခြင်းကို ဖြစ်ပေါ်စေသည့် ရွှေ့ပြောင်းတောင်ယာစနစ်ကို တည်ငြိမ်စေရန် နိုင်ငံအဆင့် ကဏ္ဍပေါင်းစုံပါဝင်သော ကုန်းမြင့်ဒေသများ ပြန်လည်ဖော်ယူခြင်း အစီအစဉ်များကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။

သစ်တောပြုန်းတီးမှု လျှော့ချရေးနှင့် သစ်တောများ ထာဝစဉ်တည်တံ့စေရေးတို့အတွက် သစ်တောထိန်းသိမ်းရေး လုပ်ငန်းများကိုလည်း အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့်

- ၂၀၂၁-၂၀၂၂ နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တို့တွင် သစ်ထုတ်လုပ်မှု လုံးဝရပ်ဆိုင်းခဲ့ပြီး သစ်တောကဏ္ဍဖွံ့ဖြိုးရေးအတွက် ပြန်လည်ဆန်းစစ်ခြင်းနှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ခြင်း၊

- ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ စတင်ပြီး ပဲခူးရိုးမဒေသတွင် သစ်ထုတ်လုပ်မှု ၁၀ နှစ် ရပ်ဆိုင်းခြင်းနှင့် သစ်တောများ အရှိန်အဟုန်ဖြင့် စိုက်ပျိုးထိန်းသိမ်းပြုစုခြင်း၊

- ထာဝစဉ်တည်တံ့သော သစ်တောစီမံအုပ်ချုပ်မှုစနစ်ဖြစ်သည့် မြန်မာ့ရွေးချယ်စနစ် (Myanmar Selection System-MSS) ကို ကျင့်သုံးပြီး ကျွန်းနှင့်သစ်မာများ ထုတ်လုပ်ရာတွင် နှစ်စဉ်တောထွက် (Annual Allowable Cut-AAC ) ပမာဏထက် လျော့နည်းပြီး ထုတ်ယူခဲ့ခြင်း၊

- မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း (၂၀၁၇-၂၀၁၈ မှ ၂၀၂၆-၂၀၂၇) ကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် အကောင်အထည်ဖော်ခြင်း၊

- တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသ ပြန်လည်တည်ထောင်ခြင်း လုပ်ငန်းအစီအစဉ် (၂၀၁၉-၂၀၂၀ မှ ၂၀၂၈-၂၀၂၉ အထိ) အကောင်အထည်ဖော်ခြင်း၊

- အမြဲတမ်းသစ်တောနယ်မြေများကို နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်း၊ သဘာဝထိန်းသိမ်းရေးနယ်မြေများကို နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းအထိ တိုးချဲ့ဖွဲ့စည်းနိုင်ရန် စနစ်တကျ အစီအစဉ်ရေးဆွဲဆောင်ရွက်လျက်ရှိခြင်း၊

- ပြည်သူဗဟိုပြုသစ်တောလုပ်ငန်းတစ်ခုဖြစ်သော ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း (Community Forestry-CF) ကို နှစ် ၃၀ အမျိုးသားသစ်တောကဏ္ဍ ပင်မစီမံကိန်းလျာထားချက်နှင့်အညီ ဧရိယာ ဧက ၂ ဒသမ ၂၇သန်း တည်ထောင်နိုင်ရေး စနစ်တကျတည်ထောင်ဆောင်ရွက်လျက်ရှိခြင်း၊

- သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစား ကျဆင်းခြင်းမှ ကာဗွန်ထုတ်လွှတ်မှု လျှော့ချခြင်းလုပ်ငန်း (REDD+) ကို နိုင်ငံအဆင့် အစီအစဉ်များ အကောင်အထည်ဖော်လျက်ရှိခြင်း အစရှိသော လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။

ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုယန္တရားများ၏ အရေးပါမှု

နိုင်ငံများအကြား ပူးပေါင်းချိတ်ဆက်မှုများ ဆောင်ရွက်ရာတွင် နိုင်ငံများ၏ တည်နေရာနှင့် နယ်နိမိတ်ထိစပ်မှုတို့သည်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ပထဝီရေမြေဆက်စပ်တည်ရှိနေသော ဒေသတွင်းနိုင်ငံများသည် ပိုမိုနီးစပ်သော လူနေမှုဘဝနှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ ကိုးကွယ်ယုံကြည်မှုများ၊ သဘာဝပတ်ဝန်းကျင် အရင်းအမြစ်နှင့် ဂေဟစနစ်များကို မျှဝေဖြစ်တည် သုံးစွဲလျက်ရှိကြသည်ဖြစ်ရာ ပိုမိုရင်းနှီးသော အိမ်နီးချင်းနိုင်ငံ ဆက်ဆံရေးထူထောင်ခြင်းဖြင့် ကောင်းမွန်သည့်ဆက်နွှယ်မှုကို တည်ဆောက်ရန် ကြိုးပမ်းလျက်ရှိကြသည်။ ထိုကဲ့သို့ ဒေသတွင်းနိုင်ငံများအကြား ရှိနှင့်ပြီးဖြစ်သည့် ရင်းနှီးသောဆက်ဆံရေးအပေါ်တွင် အခြေပြု၍ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုယန္တရားများ တည်ထောင်ကာ ဒေသတွင်း ပေါင်းစည်းမှုစွမ်းအားဖြင့် ကြုံတွေ့လာနိုင်သော မမျှော်မှန်းနိုင်သော စိန်ခေါ်မှုများနှင့် အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းရန် ကြိုးပမ်းလျက်ရှိကြသည်။

ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အားကောင်းခြင်းအားဖြင့် ဒေသတွင်း နိုင်ငံများအကြားငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း၊ အပြန်အလှန်နားလည်မှု၊ လေးစားယုံကြည်မှုများ တိုးပွားလာစေခြင်း၊ အဖွဲ့ဝင်နိုင်ငံများအကြား အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ အစိုးရအဖွဲ့အစည်းများနှင့် ပြည်သူများအကြား ချိတ်ဆက်ဆောင်ရွက်မှုများ ပိုမိုတိုးမြင့်လာသဖြင့် ရင်းနှီးဆက်နွှယ်မှု များ ပိုမိုတိုးပွားလာစေပြီး နည်းပညာ၊ ဗဟုသုတနှင့် အကျိုးစီးပွားများ ပိုမိုမျှဝေနိုင်မည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဒေသတွင်း အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများအနက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (Mekong-Lancang Cooperation-MLC) သည် သိသာထင်ရှားသော ရလဒ်များနှင့် အရှိန်အဟုန်မြှင့် လက်တွေ့ကျကျလည်ပတ်နေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ကြမည်ဖြစ်သည်။

(ဆက်လက်ဖော်ပြပါမည်)