မဃဒေဝလင်္ကာသစ်ကြီး နှစ် ၁၂၀ ပြည့်
မောင်လူမွှေး(မြန်မာမှု)
မဟာသုတကာရီ မဃဒေဝလင်္ကာသစ်ကျမ်းကြီးကို မန်လည်ဆရာတော်ကြီး ရေးသားသီကုံးပြီးဆုံးသည့်နေ့သည် ဇာတာတော်သက်အရဆိုပါက ဤနေ့တွင် (၁၃၈၅ တော်သလင်းလဆုတ် ၁၄-ရက်) နှစ်ပေါင်း ၁၂၀ ပြည့်ခဲ့လေပြီ။
လူတို့ဝေါဟာတွင် ဇာတာသက်ဟုရှိလေသည်။ မြန်မာလူမျိုးတို့အဖို့ ရှေးအစဉ်အလာ မွေးဖွားပြီးနောက် ထိုနေ့ရက်လနှစ်တို့ကို အကြောင်းပြု၍ ဝိသောဒရီဒသာစနစ်နှင့် ဇာတာဖွဲ့ကြ၏။ “အောင်ဇေယျတု… ကောဇာသက္ကရာဇ်… နှစ်… လ… ရက်… နေ့ လဂ်စန်းဂြိုဟ်နေ တြင်း-နဝင်းများကို ရေးသားပြီး အဆုံးတွင် အသက် ၁၂၀ ရှည်စေသောဝ်” ဟု ရေးထိုးကြလေသည်။
မန်လည်ဆရာတော်နှင့် မဃဒေဝလင်္ကာသစ်ကို မြန်မာစာ မြန်မာမှုများကို လေ့လာလိုက်စားသူတိုင်း သိရှိကြပေသည်။ မန်လည်ဆရာတော်ကို စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မင်းကုန်းရပ်တွင် (၁၂၀၃ ခု တန်ခူးလဆန်း ၁၂ ရက် အင်္ဂါနေ့ = ၂၂-၃-၁၈၄၂) သန်းခေါင်ကျော် ၃ ချက်တီးအချိန်တွင် ဖွားမြင်တော်မူသည်။ အဖမှာ စာရေးကြီး ဦးထင်ညို+အမိ ဒေါ်ဖြေ၊ ငယ်မည် မောင်မာဖြစ်၏။ ၁၂ နှစ်သားအရွယ်တွင် စတင်ကျောင်းနေ၍ ၁၆ နှစ်တွင် ရှင်သာမဏေ ပြုသည်။ ဘွဲ့တော်မှာ ရှင်ဇဝန ဖြစ်သည်။ သက်တော် ၂၂ နှစ်မှ ရဟန်းအဖြစ်ကို အတည်ပြုသည်။ ပထမရဟန်းခံသောဝါကို ရဟန်းခံသည့်သိမ်နှင့်ဆက်စပ်၍ ဝိနယကုက္ကုစ္စ သံသယဖြစ်၍ အတည်မပြုခဲ့ပေ။
ကျမ်းစာပေါင်း ၆၃ မျိုးကို ရေးသားပြုစုခဲ့
ဆရာတော်သည် ကျမ်းစာပေါင်း ၆၃ မျိုးကို ရေးသားပြုစုခဲ့သည်။ ဤ၌ “မဃဒေဝလင်္ကာသစ်ကျမ်းပြီးနှစ်” ကို အဓိကတင်ပြလိုရင်း ဖြစ်ပါသည်။
ဤကျမ်းကို သက်တော် ၃၂ နှစ် ၁၂၃၅ ခုနှစ်တွင် စတင်ရေးသားခဲ့သည်။ သို့တိုင် သာသနာ့ကိစ္စအဝဝကြောင့် အပြီးမသတ်နိုင်ခဲ့ပေ။ နောင်ထိုစာကို ဆက်ရေးပါရန် ပုဂ္ဂိုလ်တစ်ဦးက လျှောက်ထား၍ ဆက်၍ရေးသားကြောင်း “ကြံစည်စိတ်က၊ ဆယ်ဝါရတွင်၊ စ၍ရေးသား၊ ပြုပါငြားလည်း၊ ဘုရားအမှု၊ ရှင်လူ့အရေး၊ ရှုပ်ထွေးတုံလျှင်း၊ သို့အခင်းကြောင့်၊ တင်းလင်းထားသို၊ မပြီးလိုခဲ့၊ ပုဂ္ဂိုလ်တယောက်၊ မဟာမြောက်မှ၊ အောက်မေ့ပြန်ဘိ၊ ရသတိဖြင့်၊ နှမိနှမြော၊ လွန်ခဲ့ သောဟု၊ မျောသွားရေဝယ်၊ လိုက်၍ဆယ်သို့” (ပိုဒ်ရေ- ၅၉၁)ဟု ဆက်စပ်ကာ ဤလင်္ကာကြီးကို အခန်းရေ၊ အပိုဒ်ရေ၊ အကြောင်းအရာအလိုက် မည်သို့ရေးသားထားသည် ရေးသောအကြောင်းအရာ အချက်အလက်တွင်လည်း “မီးကတော့ပူတယ်၊ ရေကတော့အေးတယ်” ဟူသောအကြောင်းအရာ ထူးထူးခြားမဟုတ်သည့် ရေးထားသည့်စာမျိုး မဟုတ်ကြောင်းကို “ရေပူဧးငြား၊ မီးကားပူတောင်း၊ ဆိုတုံရှောင်းသို့၊ အကြောင်းပေါ့ဘိ၊ ထူးမယှိဘဲ၊ ဆိုမိဆိုရာ၊ မဆိုစွာတည့်”(ပိုဒ်ရေ-၂) ဟု နိဒါန်းတွင် ကျမ်းပြုချက်အပြစ် ၅ ပါးကို ရှောင်လွဲပြီး ရေးသားထားကြောင်းကို ဖော်ပြထားလေသည်။
မဃဒေဝလင်္ကာသစ်ကျမ်းကြီးမှာ သတ်ပုံခွဲထားအနေနှင့်လည်းကောင်း၊ ရာဇဝင်သမိုင်းဆိုင်ရာအနေနှင့်လည်းကောင်း၊ လောကီသုတဆိုင်ရာနှင့် လောကုတ္တရာစာပေအနေနှင့် လည်းကောင်း၊ အလင်္ကာကျမ်းကြီးအနေနှင့်လည်းကောင်း၊ ဓမ္မကြောင်းရာဇကြောင်းအနေနှင့်လည်းကောင်း စွယ်စုံနည်းစုံရှုထောင့်စုံမှ ကြည့်ရှုခံစားသိရှိနိုင်သော စာပေလင်္ကာကျမ်းကြီးဖြစ်သည်။
မြန်မာစာပေလောကတွင် စွယ်စုံအနေနှင့်အသုံးပြု၍ ကြည့်နိုင်သောကျမ်းမှာ စိန္တကျော်သူ ဦးဩ၏ “ကဝိလက္ခဏသတ်ပုံသံပေါက်ကျမ်း” နှင့် ဤ “မဟာသုတကာရီ မဃဒေဝလင်္ကာသစ်ကျမ်း” ဟု ဆိုနိုင်ရာသည်။ ထိုသို့သဘောကို “လောကဓမ္မ၊ ရာဇထုံးဦး၊ မလွန်ကျူးဘဲ၊ နည်းထူးများလှ၊ ကျမ်းထိုမျှကို၊ သုတပေါင်းကာ၊ ပြုတတ်စွာကြောင့်၊ မဟာသုတကာရီ၊ သညီတပ်ဘွဲ့၊ လင်္ကာသွဲ့၍...”(ပိုဒ်ရေ-၅၉၁) ဟု ဆရာတော်ကရေးဖွဲ့ထားသည်ကို ကိုးကား၍ဆိုခြင်းဖြစ်ပါ၏။ ဤလင်္ကာသစ်ကျမ်းကြီးကို ပညာရှင်များ၊ သုတေသီများ၊ စာပြုပုဂ္ဂိုလ်များ ရည်ညွှန်းကိုးကား ဖွင့်ဆိုရေးသားကြရာ ဖွင့်၍ပင် မကုန်ခန်းနိုင်၊ ကိုးကား၍ပင် မကုန်ခန်းနိုင်ဆိုရမည်ဖြစ်သည်။
ကျမ်းကြီးနိဂုံးအပြီး သတ်သည့်နေ့
ဤမျှ ကြီးကျယ်ခမ်းနား လေးနက်လှသော ကျမ်းကြီးနိဂုံးအပြီး သတ်သည့်နေ့ကို “ခြောက်ဆဲ့ခြောက်ခု၊ နှစ်အစုတွင်၊ ဥတုဝဿန်၊ နံကာလွန်မှ၊ လမွန်သစ်ဆင်း၊ တော်သလင်း၏၊ လမင်းစန္ဒီ၊ မကွယ်မီဝယ်၊ စုဒ္ဒသီစက်၊ ပူးမင်းရက်နှိုက်၊ စာတက်စာနာ၊ သင်္ဃာအများ၊ တပည့်သားအား၊ ပြုငြားမချွတ်၊ စာပို့ဝတ်လည်း၊ မလွတ်စေရ၊ ပို့ချပြီးခါ၊ ထိုင်ရာမထ၊ လက်မကြွဘဲ၊ ထိုညနာရီ၊ ရှစ်ချက်ဆီတွင်၊ ဤစာနတ်မောင်း၊ အောင်စည်ညောင်းသည်။ ။ တိုက်သောင်းကြားစေ ခြိမ့်အုန်းတည်း။ ။ ” (ပိုဒ်ရေ- ၅၉၁)ဟု နိဂုံးချုပ်ထားလေသည်။ (သက္ကရာဇ် ၁၂၆၆ ခု တော်သလင်းလဆုတ် ၁၄ ရက် ခရစ်နှစ် ၇- ၁၀-၁၉၀၄ သောကြာနေ့ ည ၈ နာရီ) ထို့ကြောင့် ဇာတာသက်နှင့် ပြောရပါက နှစ် ၁၂၀ ပြည့်ပေပြီ၊ ထိုအကျော်ကို ဝေဒဇာတာတော်ပုံအရ သမိုင်းဝင်ပြီဟုဆိုရပါမည်။
မြန်မာစာပုံနှိပ်သမိုင်းတွင် ရှေးရေးပေမူများကို နောင်တွင် စာရွက် နှင့် ရေးကူးပုံနှိပ်ကြမြဲဖြစ်သည်။ ထိုခေတ်ကာလအချိန်တွင် စက္ကူ စာရွက်များပေါ်နေပေပြီ။ ဆရာတော်သည် ဤမဟာသုတကာရီ လင်္ကာသစ်ကျမ်းကြီးကို မိမိလက်ရေးဖြင့် နမောတဿမှစတင်၍ နိဂုံးအဆုံးတိုင် ဗလာစာအုပ်ပေါ်တွင် ရေးသားတော်မူခဲ့ပေသည်။ ထိုလက်ရေးမူကို စတင်ပုံနှိပ်ခြင်းဖြစ်သည်။
ပထမပုံနှိပ်မူကို ၁၂၆၉ ခု မန္တလေးမြို့ ဆိုင်းတန်းလမ်း ရတနာဒီပံ ပုံနှိပ်တိုက်က ရိုက်နှိပ်ခဲ့သည်။ စာမျက်နှာ ၃၀၄ မျက်နှာ၊ အခန်းပေါင်း ၆ ခန်းနှင့် အပိုဒ်ပေါင်း ၃၂၂ ပိုဒ်ပါရှိသည်။
ဒုတိယရိုက်နှိပ်မူမှာ ၁၂၇၆ ခုနှစ် ရန်ကုန်မြို့ ၂၅ လမ်း စာဆိုတန်း တိုက် ၁၇/၁၈ ပြည်ကြီးမဏ္ဍိုင်ပိဋက ပုံနှိပ်တိုက်က ရိုက်နှိပ်ခဲ့သည်။ ပြင်ဆင်ချက်ပါဝင်ပြီး စာမျက်နှာ ၄၈၆၊ အခန်းပေါင်း ၆ ခန်းနှင့် ပိုဒ်ရေ-၆၂၄ ပိုဒ်ပါဝင်ခဲ့လေသည်။
တတိယစာမူမှာ ထူးခြားလှပေသည်။ ၁၂၈၁ ခုနှစ်တွင် ဖော်ပြပါ ပုံနှိပ်မူ ၂ ခုကို စိစစ်၍ ဆရာတော်ကြီး ပျံလွန်တော်မမူမီ ဖြည့်စွက်ချက်- ၉၉၇ ချက်၊ ပြင်ဆင်ချက် - ၅၅၅ ချက်၊ နုတ်ပယ်ချက်- ၈ ချက် စုစု ပေါင်း ၁၅၆၀ ရှိသည်။ အခန်း ၆ ခန်းနှင့် အခန်းပယ် ၅၂ ပိုဒ် စုစုပေါင်း ၆၂၅ ပိုဒ် ရေးဖွဲ့ထားခဲ့လေသည်။
မန်လည်ဒေသ၌ပင် ပျံလွန်တော်မူခဲ့
ထိုစာမူကို မန္တလေးမြို့ ဘုရားကြီးတိုက် အနောက်မုခ် ရွှေရေးဆောင်တိုက်၊ တိုက်အုပ်ဆရာတော် ဦးစန္ဒိမာက ကြီးကြပ်၍ ပေထက်အက္ခရာတင်ထားလေသည်။ ၁၂၈၁ ခုနှစ် နတ်တော်လဆန်း ၁၃ ရက်နေ့တွင် ရေးကူးပြီးဆုံးသည်။ ပေအင်္ဂါ ၂၆ အင်္ဂါရှိသည်။ ယခု အဆက်ဆက်ရိုက်နှိပ်နေသောမူမှာ ဤပေမူပင်ဖြစ်သည်။ ထိုစာမူကို ဆရာတော်သည် ဖော်ပြပါအတိုင်းစိစစ်ပြီး နောင်တစ်နှစ်အကြာ တွင်(၁၂၈၂ ခုနှစ် တော်သလင်းလဆန်း ၁၃ ရက်၊ နံနက် ၁:၃၀ နာရီ= ၂၅-၉-၁၉၂၀) တွင် မန်လည်ဒေသ၌ပင် ပျံလွန်တော်မူခဲ့လေသည်။
ခေတ်အဆက်ဆက်ရှေးစာဆိုတော်တို့၏ စာမူများကို ပေမူမှသည် ပုံနှိပ်မူသို့ပြောင်း၍ ရိုက်နှိပ်ကြရိုးရှိပေသည်။ “မဟာသုတကာရီ မဃလင်္ကာသစ်ကြီး” မှာမူ ပုံနှိပ်မူမှပေမူသို့ တင်သည်မှာ စာပေသမိုင်းတွင် ရှားရှားပါးပါးဖြစ်ပါ၏။
မူလပထမစတင်ပုံနှိပ်စကပင် ပါဠိဆရာကြီး ဦးဖြေ၊ ပါဠိ ဆရာကြီး ဦးညွန့်၊ ပါဠိဆရာကြီး ဦးဝင်းမောင်၊ ဦးအေးမောင်၊ ဦးဖေမောင်တင် စသည့်မြန်မာစာပေပညာရှင်ကြီးများက အဆက်ဆက် ကြီးကြပ်ပြင်ဆင် ပုံနှိပ်ခဲ့ကြရာ စာကျစာန များစွာမရှိရဘဲ ပုံနှိပ်မူများ သန့်ရှင်း စင်ကြယ်မှု ရှိခဲ့လေသည်။ မန်လည်စာပေ စောင့်ရှောက်ရေးအဖွဲ့ဖွဲ့စည်းပြီး ၁၉၇၆ နှစ် နောက်ပိုင်း ရိုက်နှိပ်သည့်မူများသည် ပို၍ကောင်းမွန်လာပေသည်။ ဟံသာဝတီပုံနှိပ်တိုက်၊ သာသနာရေး ပုံနှိပ်တိုက်တို့တွင် ရိုက်နှိပ်၍လည်း (ပိဋကပညာရှင်နှင့် ဘာသန္တရ စာပေပညာရှင်များရှိ၍) အထူးကောင်းမွန်လာပေသည်။ ဤသို့ဖြင့် အကြိမ်ကြိမ် ပုံနှိပ်ထုတ်ဝေလာရာ ၁၃၆၆ ခုနှစ်တွင် နှစ်ပေါင်း ၁၀၀ ပြည့်ခဲ့ပြီ။ ရာပြည့်ပွဲတော်ကို ၁၃၆၆ ခုနှစ် တပေါင်းလဆန်း ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဆရာတော်ကြီး ဇာတိမြေမန်လည် ကျောင်းတိုက်ကြီးတွင် ကျင်းပခဲ့လေသည်။ ရာပြည့်စာပေယဉ်ကျေးမှု အနုပညာမဂ္ဂဇင်းထုတ်ဝေခြင်း၊ စာပေဟောပြောပွဲ ကျင်းပခြင်း၊ ပြပွဲပြသခြင်းများ ပြုလုပ်ပူဇော်ခဲ့ကြပါသည်။
စာရေးသူသည် ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် မပုပ်မသိုးဘဲ ရွှေပိန်းချထားသော မန်လည်ဆရာတော်၏ရုပ်ကလာပ်တော်ကို သွားရောက်ဖူးမြော်ကြည်ညိုခဲ့ဖူးပါသည်။ ထိုအခါက သိကျွမ်းခဲ့သော ယခုမန်လည်ဆရာတော်ဦးစန္ဒိမာကို နှစ် ၁၂၀ ပြည့် အကြောင်း၊ ဖုန်းဖြင့်လျှောက်ထားရာ ဆန္ဒပြုမှာကြားချက်ကို ဤဆောင်းပါးဖြင့် ဖြည့်ဆည်းပါကြောင်းနှင့် မဟာသုတကာရီ မဃဒေဝလင်္ကာသစ်ကြီး ပြီးမြောက်နိဂုံးချုပ်သည့်နှစ် ၁၂၀ ပြည့်ကို ဂုဏ်ပြုကြည်ညိုပူဇော်ရပါကြောင်း လေ့လာတင်ပြအပ်ပါသည်။ ဆရာတော်ကြီး၏ မဟာသုတကာရီမဃဒေဝလင်္ကာသစ်ကြီးသည် ရာစုနှစ်ပေါင်းများစွာ တည်တံ့ခိုင်မြဲပြီး မြန်ပြည်သူများ သုတ ရသကိုခံစားကြည်ညိုနိုင်ကြပါစေဟု ဆန္ဒပြုနိဂုံးချုပ်ပါသည်။ ။
