Skip to main content

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၈၆) နှစ်တာခရီး

 

 

 

Dr. သက်လွင်ဦး၊ Myantrade

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဟာ အမိမြန်မာနိုင်ငံရဲ့ ကုန်သွယ်စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွတ်လပ်ရေးမရမီကာလကတည်းက နိုင်ငံတော်ကချမှတ်ထားတဲ့ စီးပွားရေးမူဝါဒတွေကို ဦးလည်မသုန် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့တာ ယခုဆိုရင် စိန်ရတုကာလကို ကျော်လွန်ပြီး (၈၆)နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။

ဝန်ကြီးဌာနသမိုင်း

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို ၁၉၃၇ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့မှာ မြန်မာနိုင်ငံစီရင်အုပ်ချုပ်မှုဥပဒေ ၁၉၃၅ အရ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ဝန်ကြီးဌာန စတင်တည်ထောင်ချိန်က ပထမဆုံးတာဝန်ထမ်းဆောင်ခဲ့တဲ့ဝန်ကြီးက ဦးထွန်းအောင်ကျော်ဖြစ်ပြီး ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ဝန်ကြီး စုစုပေါင်း ၄၀ ရှိပါပြီ။

ငွေရတုကာလ

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ပါလီမန်ဒီမိုကရေစီခေတ် ဝန်ကြီးဌာနရဲ့ စီးပွားရေးမူဝါဒက နိုင်ငံပိုင်စနစ်၊ ဆိုရှယ်လစ်စနစ်နဲ့ ဈေးကွက်စီးပွား ရေးစနစ်ကို ရောနှောအသုံးပြုခြင်း ဖြစ်ပါတယ်။ တစ်ဖက်မှာ စီးပွားရေးလွတ်လပ်ခွင့်ပေးထားသလို အခြားတစ်ဖက်မှာလည်း ကန့်သတ်ထိန်းချုပ်မှု ထားရှိရေး မူဝါဒကို ကျင့်သုံးခဲ့ပါတယ်။ အိမ်စောင့်အစိုးရလက်ထက်မှာ စီးပွားရေးဆိုင်ရာပြုပြင် ပြောင်းလဲမှုတွေကိုဆောင်ရွက်ခဲ့ပြီး တော်လှန်ရေးကောင်စီအစိုးရလက်ထက်မှာ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ကျင့်သုံးအကောင်အထည်ဖော်ခဲ့ပါတယ်။

လွတ်လပ်ရေးရပြီးစကာလတွေမှာ နိုင်ငံလွတ်လပ်ရေးရရှိခဲ့ပေမယ့် စီးပွားရေးမှာမလွတ်လပ်ခဲ့ဘဲ တိုင်းတစ်ပါးသားတွေ လက်ဝါးကြီးအုပ်ခြယ်လှယ်မှုအောက်မှာ ရှိနေခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ၁၉၄၇ ခုနှစ်နှောင်းပိုင်းမှာ ကမ္ဘာ့ကုန်သွယ်မှုဆိုင်ရာဥပဒေတွေကို ပြဋ္ဌာန်းရေးဆွဲဖို့နဲ့ နိုင်ငံ တကာကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးကို ထိန်းကျောင်းဖို့အတွက် အကောက်ခွန်နဲ့ ကုန်သွယ် မှုဆိုင်ရာအထွေထွေသဘောတူညီချက် (General Agreement on Tariffs and Trade -GATT) ကို စတင်ဆွေးနွေးတဲ့နိုင်ငံတွေအထဲ ပါဝင်ခဲ့ပါတယ်။ မြန်မာကိုယ်စားလှယ် ဦးညွန့်ဟာ GATT စာချုပ်အဖွဲ့ဝင်နိုင်ငံ ၂၃ နိုင်ငံနဲ့အတူ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပတဲ့ အစည်းအဝေးမှာ ပါဝင်တက်ရောက် လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)စတင်ဖွဲ့စည်းတဲ့အခါ Original Member အဖြစ် ပါဝင်ခွင့်ရရှိခဲ့ပါတယ်။

ပါလီမန်ဒီမိုကရေစီအစိုးရဟာ ၁၉၅၄ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့မှာ မြန်မာ့ဆန်နဲ့ တရုတ်ကုန်ပစ္စည်းများလဲလှယ်ရေး၊ မြန်မာ့ဆန်တန်ချိန် ၁ ဒသမ ၅ သိန်းကို တရုတ်နိုင်ငံကို တင်ပို့ရောင်းချ ရေးကိစ္စရပ်တွေကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ၁၉၅၈ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်အတွင်း အိမ်စောင့်အစိုးရက စီးပွားရေးနဲ့ကုန်သွယ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံခြားသားတွေ လွှမ်းမိုးချုပ်ကိုင်ထားတဲ့ မြန်မာ့စီးပွားရေးစနစ်ကို တွန်းလှန်ခဲ့ကြပါတယ်။ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီလက်ထက်နဲ့ နောက်ပိုင်းကာလမှာ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့ပြီး ပုဂ္ဂလိကပိုင်လုပ်ငန်းတွေကို ပြည်သူပိုင်ပြုလုပ်ခဲ့ပါတယ်။ ၁၉၆၅ ခုနှစ်မှာ ကုန်သွယ်ရေးကောင်စီကို ဖွဲ့စည်းပြီး နိုင်ငံပိုင်ကုန်သွယ်ရေးအဖွဲ့အစည်းများက ပြည်တွင်း/ပြည်ပ ကုန်သွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြပါတယ်။

ရွှေရတုကာလ

ရွှေရတုကာလအစမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ ဆိုရှယ်လစ်စီးပွားရေးမူဝါဒများဖြစ်တဲ့ မြန်မာမှုပြုခြင်း (Burmanization)၊ ဗဟိုချုပ်ကိုင်မှုနဲ့ ကိုယ့်အားကိုယ်ကိုးတဲ့ ပြည်တွင်းဖူလုံမှု ရှေးရှုမူဝါဒ (Inward-Looking Self-reliant policy) တွေကို ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။ ပြည်တွင်းကုန်ထုတ် လုပ်ငန်းတွေကို ကာကွယ်ပေးဖို့နဲ့ သွင်းကုန်အစားထိုး စက်မှုလုပ်ငန်းများကို အထောက်အကူဖြစ်စေဖို့ ပိုမိုအလေးထား ဆောင်ရွက်ခဲ့ပါတယ်။ စီမံချက်ဝင်သီးနှံများစိုက်ပျိုးခြင်းနဲ့ သီးနှံတွေကို သတ်မှတ်ဈေးနှုန်းနဲ့ ပြန်လည်ဝယ်ယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။

၁၉၈၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အရေးအခင်းကာလ အတွင်းဝန်ကြီးဌာနရုံးချုပ်နဲ့ ဌာနပိုင်အဆောက်အအုံတွေ ဖျက်ဆီးခြင်းခံခဲ့ရပါတယ်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က နိုင်ငံတော်အာဏာကို ရယူပြီးနောက် စီးပွားရေးဦးတည်ချက်လေးရပ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့မှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဝင် ကုန်သွယ်ရေးဝန်ကြီး ဗိုလ်မှူးကြီး အေဘယ်လ်က ကုန်သွယ်ရေးဝန်ထမ်းများနဲ့ တွေ့ဆုံပြီး “ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများနဲ့အညီ မိမိတို့ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြဖို့နဲ့ မိမိထမ်းဆောင်ရတဲ့လုပ်ငန်းဟာ တိုင်းပြည်နဲ့ လူမျိုးအကျိုးရှိမှုကို အမြဲရှေးရှုဖို့” ပြောကြားခဲ့ပါတယ်။

စိန်ရတုကာလ

စိန်ရတုကာလမှာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်နဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပထမအကြိမ်လွှတ်တော်၊ ဒုတိယအကြိမ် လွှတ်တော်ကာလတွေမှာ နိုင်ငံတော်ရဲ့ ဈေးကွက်စီးပွားရေးစနစ်နဲ့ လိုက်လျောညီထွေဖြစ်မယ့် စီးပွားရေးမူဝါဒတွေ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်မှာ ဈေးကွက်အတွင်း အစိုးရက ကြားဝင်ဆောင်ရွက်တဲ့မူဝါဒနဲ့ ပြည်တွင်းစားသုံးမှုကို မထိခိုက်စေဘဲ ပိုလျှံတဲ့ကုန်ပစ္စည်းများကို တင်ပို့တဲ့ပို့ကုန်ပထမစနစ် (Export First) မူဝါဒကျင့်သုံးခဲ့ပါတယ်။

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကုန်သွယ်မှုတိုးမြှင့်နိုင်ဖို့ရည်ရွယ်ပြီး မြန်မာနိုင်ငံနဲ့ နယ်နိမိတ် ထိစပ်နေတဲ့ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို ဖွင့်လှစ်ခဲ့ပါတယ်။ ပထမအကြိမ် လွှတ်တော်ကာလမှာ စီးပွားရေး ဦးတည်ချက်လေးရပ်နဲ့ ဒုတိယအကြိမ်လွှတ်တော်ကာလမှာ စီးပွားရေးဦးတည်ချက် ၁၂ ရပ် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်မှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနဟာ နိုင်ငံတော်က ချမှတ်ထားတဲ့ စီးပွားရေး ဦးတည်ချက်လေးရပ်ကို ပြည်ထောင်စုဝန်ကြီးရဲ့ ဦးဆောင်လမ်းညွှန်မှုအပေါ် ဝန်ကြီးရုံး၊ ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနနဲ့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့တို့က ဟန်ချက်ညီညီ ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါတယ်။

မြန်မာနိုင်ငံရဲ့ အဓိကပို့ကုန်ဖြစ်တဲ့ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချမှု မြှင့်တင်နိုင်ဖို့အတွက် “မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂” ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဦးဆောင်မှုနဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့ကနေ ၇ ရက်နေ့အထိ နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့ပါ တယ်။

ဝန်ကြီးဌာနရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို ပိုမိုထိရောက်အောင်မြင်စေဖို့ ပြည်ထောင်စုဝန်ကြီးရဲ့ လမ်းညွှန်မှုနဲ့ ဝန်ကြီးဌာနရဲ့ဆောင်ပုဒ်(Motto)ကို “ဖွံ့ဖြိုးကုန်သွယ် နိုင်ငံကြွယ်” “Develop Trade, Prosper the State” ဟု ပြင်ဆင်ခဲ့ပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဟာ နိုင်ငံတော်ရဲ့အမျိုးသားအကျိုးစီးပွား တိုးတက် မြင့်မားရေးအတွက် ထိရောက်တဲ့ ကုန်သွယ်မှုမူဝါဒများ ချမှတ်ဆောင်ရွက်ပေးခြင်းနဲ့ ဈေးကွက်စီးပွား ရေးစနစ်နဲ့အညီ ပုဂ္ဂလိကအခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် အားပေးမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပါတယ်။

နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်းများအပြင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး လုပ်ငန်းတွေကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာ့ထုတ်ကုန်များ နိုင်ငံတကာဈေးကွက်မှာ ဈေးကွက်ဝေစု ပိုမိုရရှိရေးနဲ့ အလားအလာရှိတဲ့ ပို့ကုန်နဲ့ ဝန်ဆောင်မှုတွေကို ဈေးကွက်ရှာဖွေ မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကုန်သွယ်မှုလုပ်ငန်းတွေ မျှတမှန်ကန်စေရေးနဲ့ လျင်မြန်ချောမွေ့စေရေးအတွက် ဘက်စုံကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံသားများရဲ့ စားသုံးသူအခွင့် အရေးကာကွယ်ရေး၊ ကုန်စည်နဲ့ဝန်ဆောင်မှုဆိုင်ရာ လုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်ပေးလျက်ရှိပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးဂေဟစနစ် ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ခေတ်မီကောင်းမွန်တဲ့ မူပိုင်ခွင့်စနစ်တစ်ရပ်ကို အကောင်အထည်ဖော်လျက်ရှိပါတယ်။ မျက်မှောက်ကာလနဲ့ လိုက်လျောညီထွေဖြစ်တဲ့ ဒစ်ဂျစ်တယ်ကုန်သွယ်မှု (Digital Trade) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။

ခေတ်အဆက်ဆက်ကုန်သွယ်မှုအခြေအနေ

နိုင်ငံတော်ရဲ့ ကုန်သွယ်စီးပွားဖွံ့ဖြိုးတိုးတက်ရေးဟာဝန်ကြီးဌာနရဲ့ သမိုင်းပေးတာဝန်တစ်ရပ် ဖြစ်ပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဟာ ဝန်ကြီးဌာနရဲ့ “ဖွံ့ဖြိုးကုန်သွယ်နိုင်ငံကြွယ်” ဆောင်ပုဒ်နဲ့အညီ နိုင်ငံတကာနဲ့ ကုန်သွယ်မှု လုပ်ငန်းတွေကို ဌာနစတင်တည်ထောင်ချိန်ကနေ ယနေ့အထိ ခေတ်အဆက်ဆက် တိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ဝန်ကြီးဌာနရဲ့ ခေတ်အဆက်ဆက် ကုန်သွယ်မှုအခြေအနေကို လေ့လာကြည့်ရင် ငွေရတုကာလမှာ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၂၇၀၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာသန်း ၂၉၀၊ ရွှေရတုကာလမှာ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၃၆ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၃၀၉ သန်း၊ စိန်ရတုကာလမှာ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၁၇၆၈၀၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၉၀၅၁ သန်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီလက်ထက် (၂) နှစ်တာကာလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၇၀၀၆ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၁၇၅၆၁ သန်း အများဆုံးကုန်သွယ်မှုပြုလုပ်နိုင်ခဲ့ကြောင်း တွေ့ရှိရပါတယ်။

မြန်မာနိုင်ငံဟာ နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်း အဖွဲ့အစည်းများနဲ့ နှစ်နိုင်ငံ ကုန်သွယ်မှုတွေမှာ အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်လျက် ရှိပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဟာ ရွှေရတုကာလ ၁၉၉၃ ခုနှစ်ကနေ ယနေ့တိုင် လွတ်လပ်သော ကုန်သွယ်မှုဒေသများဖြစ်တဲ့ ASEAN Free Trade Area (AFTA) ၊ ASEAN-China၊ ASEAN-Korea၊ ASEAN-Japan၊ ASEAN-Australia, New Zealand၊ ASEAN-India၊ ASEAN-Hong Kong(China)၊ Regional Comprehensive Economic Partnership (RCEP) တို့မှာ သက်ဆိုင် ရာ နိုင်ငံ/အဖွဲ့အစည်းများနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါတယ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဟာ လွတ်လပ်ရေးမရမီကာလကတည်းက စတင်ပေါ်ပေါက်ခဲ့ပြီး မြန်မာ့လွတ်လပ်ရေးရဲ့ ငွေရတုကာလ၊ ရွှေရတုကာလ၊ စိန်ရတုကာလနဲ့ ယနေ့တိုင် နိုင်ငံတော်ရဲ့ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင် ကြိုးပမ်းအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနဲ့ နိုင်ငံ တော်ရဲ့ ကုန်သွယ်စီးပွားဖွံ့ဖြိုးတိုးတက်ရေး တာဝန် တွေကို နိုင်ငံတော်အစိုးရရဲ့ ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဆောင်ပုဒ်ဖြစ်တဲ့ “ရှေ့သို့လှမ်းချီ ပန်းတိုင်ဆီ” ဆောင်ပုဒ်နဲ့အညီ ရတုအဆက်ဆက် ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၈၆) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုတင်ပြလိုက်ရပါတယ်။