Skip to main content

စားရေရိက္ခာဖူလုံဖို့ တိုင်းရင်းငါးပြေမများ မွေးမြူထုတ်လုပ်ကြပါစို့မြန်မာနိုင်ငံနှင့် ငါးစားရေရိက္ခာအရင်းအမြစ်

မြန်မာနိုင်ငံ၌ငါးစားသုံးမှုမှာ အသားစားသုံးမှုစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းကျော်ရှိသည်။ ငါးမွေးမြူရေးသည် လွန်ခဲ့သောဆယ်စုနှစ် နှစ်ခုအတွင်းလျင်မြန်စွာတိုးတက်လာခဲ့ပြီး ရေသတ္တဝါမွေးမြူရေး လုပ်ငန်းသည် ကျေးလက်ဒေသနေပြည်သူများ ဝင်ငွေတိုးတက်လာစေ ရေး၊ ပြည်တွင်းစားသုံးသူများလိုအပ်ချက်နှင့် စျေးကွက်တင်ပို့နိုင်မှုအခြေအနေများတွင် အလားအလာကောင်းများစွာရှိသည်။

ငါး၊ ယောက်သွား၊ ခရုစသောရေနေသတ္တဝါများနှင့် ရေတွင်ပေါက်ရောက်သော ပင်လယ်ရေမှော်အပါအဝင် အပင်များ၊ စီးပွားရေးနှင့်ကုန်သွယ်ရေးတွင် တန်ဖိုးရှိသော ရေနေသတ္တဝါများကိုစောင့်ရှောက်၊ ပြုစု၊ မွေးမြူထုတ်လုပ်ခြင်းကို ရေထွက်ကုန်ပစ္စည်းစိုက်ပျိုးမွေးမြူ ထုတ်လုပ်ခြင်း (Aquaculture) ဟု အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ရေလုပ်ငန်းသည် မြန်မာနိုင်ငံသားများ၏ စားနပ်ရိက္ခာအတွက် အရေးပါသော ကဏ္ဍတစ်ရပ်ဖြစ်သည်။ ရေလုပ်ငန်းကဏ္ဍတွင်ငါးများကို ဖမ်းဆီးထုတ်လုပ်ခြင်း (Capture fishery) နှင့် မွေးမြူထုတ်လုပ် ခြင်း(Culture fishery)ဟူ၍ ကဏ္ဍနှစ်ရပ် ပါဝင်သည်။ ယခုအခါ ခေတ်မီ၍အထိအမိကောင်းသည့် ငါးဖမ်းကိရိယာများ အသုံးပြုပြီးငါးဖမ်းဆီးခြင်းနှင့် သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုတို့ကြောင့် သဘာဝငါးသယံဇာတ လျော့နည်းကျဆင်းလာသည့်အတွက် ဖမ်းဆီး ထုတ်လုပ်ရေးကဏ္ဍတွင်ငါးထုတ်လုပ်မှုမှာ လျော့နည်းကျဆင်းလာခဲ့သည်။

သဘာဝငါးသယံဇာတမှ ငါးများကိုအလွန်အကျွံဖမ်းခဲ့ခြင်း (Over fishing)ကြောင့် ဖမ်းဆီးထုတ်လုပ်ရေးကဏ္ဍတွင် ငါးထုတ်လုပ်မှု လျော့နည်းကျဆင်းလာမှုကို ဖြည့်ဆည်းပေးရန်အတွက်မွေးမြူ ထုတ်လုပ်ရေးကဏ္ဍတွင် ငါးများပိုမိုထုတ်လုပ်ရန် လိုအပ်လာသည်။ သဘာဝငါးသယံဇာတကိုထိခိုက်မှုမရှိဘဲ လိုအပ်သလောက် အမြောက်အမြားထုတ်လုပ်နိုင်ရန်၊ ငါးများ၏ရှင်သန်နှုန်းနှင့်ကြီးထွားနှုန်းများကို စမ်းသပ်သုတေသနပြုလုပ်ပြီး အချိန်တိုအတွင်း ဈေးကွက်ဝင်နိုင်သော ငါးအမျိုးအစားရရှိနိုင်ရန်နှင့် ကျေးလက်နေပြည်သူများ၏ စားနပ်ရိက္ခာဖူလုံစေပြီး တစ်ဖက်တစ်လမ်းမှဝင်ငွေရရှိစေနိုင်ရန်ရည်ရွယ်၍ စမ်းသပ်သုတေသနလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်ပြီး ရရှိလာသော သုတေသနရလဒ်များကို ငါးမွေးမြူသူတောင်သူများသို့ ပြန်လည်ဖြန့်ဝေပေးခြင်းဖြင့် အသေးစားငါးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လာနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိလာနိုင်ခြင်းဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် လာစေနိုင်သည်။

စားရေရိက္ခာဖူလုံစေမည့် အရင်းအမြစ်

စားရေရိက္ခာဖူလုံစေရေးဖော်ဆောင်ရာတွင် ရေချိုဒေသတွင်သာ နေထိုင်ကျက်စားလေ့ရှိပြီး ကုန်းပေါ်တွင် ရက်အတော်ကြာနေထိုင်ရှင်သန်နိုင်သော တိုင်းရင်းငါးပြေမ (အင်္ဂလိပ်အမည် Climbing perch ဟုခေါ်ဆိုပြီး သိပ္ပံအမည်အားဖြင့် Anabas testudineus)မျိုးစိတ်တစ်မျိုးကို ရွေးချယ်၍ သုတေသနပြုလုပ်ခဲ့သည်။

တိုင်းရင်းငါးပြေမ၏ နေထိုင်မှုဓလေ့

ရေအပူချိန် ၂၂ မှ ၃၀ ဒီဂရီစင်တီဂရိတ်အတွင်း နေထိုင်နိုင်ကြပြီး မြစ်၊ ချောင်း၊ ရေကန်၊ အင်းအိုင်၊ တူးမြောင်းများတွင်ကျယ်ကျယ်ပြန့်ပြန့်တွေ့ရှိနိုင်သည်။ ပါးဟက်အဖုံးတွင်ပါရှိသော ဆူးများဖြင့်ကုန်းမြေပေါ်တွင်လည်း တွားသွားနိုင်သည့် ငါးမျိုးဖြစ်သည်။

ငါးပြေမမျိုးငါးများ ထိန်းသိမ်းခြင်း

ငါးပြေမများသည် မွေးမြူသည့်ကာ တစ်နှစ်အတွင်းအရွယ်အစား အရှည်အားဖြင့် ၄ ဒသမ ၅ လက်မမှ ၅ ဒသမ ၅ လက်မ ခန့်ရှည်လျားကာ အလေးချိန် ၃၀-၄၅ ဂရမ်ခန့်တွင် စတင်အရွယ်ရောက်ရှိပြီး မျိုးပွားရာသီချိန်သည်နှစ်စဉ် မတ်လမှသြဂုတ်လအတွင်းဖြစ်၍ မေလနှင့်ဇွန်လများသည် မျိုးပွားရန်အကောင်းဆုံး ကာလဖြစ်သည်။

ငါးပြေမအထီး၏ လက္ခဏာများ

ငါးပြေမအထီး၏ ကျောရေယက် (Dorsal Fin) သည် အမ၏ကျော ရေယက်နှင့်နှိုင်းယှဉ်ပါက ပိုမိုရှည်လျားသည်။ ရင်ရေယက်(Pectoral Fin)နှင့် ဝမ်းရေယက်(Ventral Fin)တို့တွင် အနီရောင်သန်းနေပြီး အမြီးရင်း (Caudal Peduncle) တွင် ဒိုင်းမွန်းပုံစံအမည်းစက်များ ရှိကာ ဝမ်းဗိုက်ကိုဖြည်းညင်းစွာညှစ်ကြည့်ပါက အဖြူရောင်မျိုးရည်များ မျိုးပွားအင်္ဂါပေါက်မှ ထွက်ရှိလာမည်။

ငါးပြေမအမ၏ လက္ခဏာများ

ရင်ရေယက်နှင့်ဝမ်းရေယက်တို့တွင် အနီရောင်ဖျော့ဖျော့ဖြစ်နေပြီး အမြီးရင်းတွင် အမည်းစက်များသည် ရှည်လျား၍တစ်ခုနှင့်တစ်ခု ရောစပ်နေသည်။ အရွယ်ရောက်သည့် ငါးပြေမသည် ဝမ်းဗိုက်အနည်းငယ်ဖောင်း၍ မျိုးပွားအင်္ဂါပေါက်သည် သိသာစွာကြီးထွားကာ ဝမ်းဗိုက်ကို ဖြည်းညင်းစွာညှစ်ပါက ဥများစို့ထွက်လာသည်။

ငါးပြေမ မျိုးငါးစုဆောင်းခြင်း

မျိုးပွားရာသီမတိုင်မီ နှစ်လ- သုံးလကြိုတင်၍ ၃၀-၄၅ ဂရမ်အရွယ် ငါးပြေမမျိုးငါးများကို စုဆောင်းကာ ငါးအထီးနှင့်ငါးအမသီးသန့်ခွဲခြားပြီး မွေးမြူပြုစုထားရှိရသည်။ ငါးပြေမ မွေးမြူထားသည့်ကန်ရေတွင် အောက်ဆီဂျင်ပျော်ဝင်မှု(D.O)၊ ချဉ်ဖန်နှုန်း(pH)၊ အပူချိန်၊ အမိုးနီးယားပါဝင်မှုစသည်တို့အားပုံမှန်တိုင်းတာ၍ မျိုးငါးများ၏ကျန်းမာရေး ကောင်းမွန်စေရန်အတွက် ရေအရည်အသွေးကို အထူးဂရုစိုက်ရန် လိုအပ်သည်။

မျိုးငါးအစာကျွေးခြင်း

မျိုးငါးများအတွက် ဖော်စပ်စာပြုလုပ်ရာတွင် ပရိုတိန်း ၃၀-၃၅ ရာခိုင်နှုန်းရရှိရန်အတွက် ဖော်စပ်စာပြုလုပ်ပြီး ငါးကိုယ်အလေးချိန်၏ သုံးရာခိုင်နှုန်းကိုတွက်ချက်၍ နံနက်တစ်ကြိမ် ညတစ်ကြိမ်ခွဲ၍ကျွေးမွေးသည်။ မျိုးပွားအင်္ဂါများ၏ဖွံ့ဖြိုးမှုကို ပုံမှန်စစ်ဆေးရန်လိုအပ်ပြီး အပြည့်အဝရင့်မှည့်လာချိန်တွင် မျိုးပွားရန်အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

မျိုးငါးများ ဆေးထိုးသားဖောက်ခြင်း

မျိုးငါးများဆေးထိုးသားဖောက်ရန်အတွက် ငါးပြေမအထီးနှစ်ကောင်လျှင် အမတစ်ကောင်နှုန်းစီအသုံးပြုပြီး သတ်မှတ်ဟော်မုန်း ဆေးကိုငါးအထီး၊ ငါးအမ နှစ်မျိုးလုံးတွင်ထိုးသွင်းပေးသည်။ ငါးဆေးထိုးပြီးနောက် ခြောက်နာရီအကြာတွင် သဘာဝအတိုင်း ငါးများမိတ်လိုက်ကြပြီး သန္ဓေအောင်သောငါးဥများရရှိလာသည်။ သန္ဓေအောင်ငါးဥများကို ဥဖောက်လှောင်ကန်(Hatching Jar) ဖန်မှန်ကန်အတွင်း၌ သတ်မှတ်ရေအပူချိန်တွင် ပြောင်းရွှေ့သားဖောက်သည်။ ငါးဥမှ အကောင်ပေါက်ရန် (၁၂-၁၅) နာရီကြာမြင့်ချိန်ရှိပြီး ရေအပူချိန်ပေါ်မူတည်၍လည်း ငါးဥမှအကောင်ပေါက်ရန် ကြာမြင့်ချိန် ကွာခြားနိုင်သည်။

ငါးမှုန်ပြုစုခြင်း

ငါးပြေမငါးမှုန်များသည် အရွယ်အစားအားဖြင့် ၁ ဒသမ ၆ မှ ၁ ဒသမ ၈ မီလီမီတာရှိပြီး ဇောက်ထိုးအနေအထားဖြင့် ကူးခပ်သွားလာနေသည်။ ငါးဥပေါက်ပြီး ၃၂ နာရီအကြာတွင် အစာခြေလမ်းကြောင်း မှာ ပြည့်ပြည့်စုံစုံဖွံ့ဖြိုးလာပြီးနောက် အစာစတင်စားချိန်တွင် အပင် မျှောလှေး(Phytoplankton)ကို ငါးမှုန်များအသက် ငါးရက်သားအထိ ကျွေးသည်။ ငါးရက်မှ ၁၁ ရက်အတွင်း သတ္တမျှောလှေး (Zooplankton)များ ကျွေးမွေးသည်။ ထို့နောက် သားပေါက်အရွယ် အစား ၁၂-၁၆ မီလီမီတာအထိ ရောက်ရှိချိန်တွင် ငါးမှုန်စာများ ရောစပ်ဖျော်၍ စတင်ကျွေးနိုင်ပြီဖြစ်သည်။ ပထမသုံးပတ်အတွင်း ရှင်သန်နှုန်းနှင့် ကြီးထွားနှုန်းမှာလျင်မြန်စွာ ကောင်းမွန်လာသည်ကို တွေ့ရှိရသည်။ သုံးပတ်ကြာပြီးနောက် အရွယ်အစားကြီးထွားလာသည်နှင့်အမျှ အသားဓာတ် ၃၀-၃၅ ရာခိုင်နှုန်းရှိသော ငါးငယ်အစာ အမှုန့်(Small Size Pellet)ကို ကျွေးနိုင်ပြီဖြစ်သည်။ ကျွေးမွေးစဉ် ကာလအတွင်း ငါးမှုန်များ ရှင်သန်နှုန်းကောင်းမွန်စေရေးနှင့် ကြီးထွားနှုန်းတိုးတက်စေရေးသည် အဓိကအရေးကြီးသည့်အတွက် ရေအရည်အသွေးများ ကောင်းမွန်စွာထိန်းသိမ်းနိုင်ရန် အထူးလိုအပ်သည်။ အရွယ်အစားကွာခြားမှုသည် အဓိကအားဖြင့် ကျွေးသောအစားအစာ အမျိုးအစားကွဲပြားခြင်း၊ လုယက်စားသောက်ခြင်းကြောင့် အသေအပျောက်လည်းများစေနိုင်သဖြင့် ရှင်သန်နှုန်းကောင်းမွန်စေရန်အတွက် ငါးအရွယ်အစားအလိုက် သီးခြားကန်ခွဲ၍ မွေးမြူခြင်းဖြင့် ရှင်သန်နှုန်းပိုမိုရရှိစေသည်။ ထို့အတူ ရေပုံမှန်လဲလှယ်ပေးခြင်း၊ ပုံမှန်နေရာ၊ ပုံမှန်အချိန် အစာကျွေးခြင်း၊ မွေးမြူထားသော ငါးအရေအတွက်ပမာဏ၏လိုအပ်ချက်နှင့် ကိုက်ညီသောအစာကျွေးနှုန်းဖြင့် နှိုင်းဆတွက်ချက်၍ကျွေးမှသာ အာဟာရပြည့်ဝပြီးအရည်အသွေး ကောင်းမွန်သော ငါးမျိုးကောင်းမျိုးသန့်များ ရရှိနိုင်မည်ဖြစ်သည်။

ငါးပြေမသားဖျန်းများမှသည် အသားတိုးမွေးမြူခြင်း

တိုင်းရင်းငါးပြေမ အသားတိုးမွေးမြူရန်အတွက် မြေကြီးကန်ဖြင့် မွေးမြူခြင်းထက် အုတ်ကန်ဖြင့်မွေးမြူခြင်းသည် ငါးများလွတ်မထွက် စေရန်ကာကွယ်ပေးသည်။ အုတ်ကန်၏ အတွင်းဘက်အောက်ခြေ မျက်နှာပြင်တွင် မြေသားခင်း၍ မွေးမြူခြင်းဖြင့် ငါးများကျန်းမာရေး ကောင်းမွန်ပြီး ကြီးထွားနှုန်းကို တိုးတက်စေသည်။ သဘာဝ ပတ်ဝန်းကျင် အနေအထားကဲ့သို့ဖြစ်နေစေရန် ငါးကန်ရေမျက်နှာပြင်၏ ၃၀-၄၀ ရာခိုင်နှုန်းကို ရေနေအပင်များဖြစ်သည့် ဗေဒါသို့မဟုတ်အလွယ်တကူရရှိသော ဘဲစာရွက်ရေပေါ်နေအပင်များဖြင့် ဖုံးအုပ်၍ အသုံးပြုနိုင်သည်။ ငါးဖျန်းအရွယ်သည် ရေမျက်နှာပြင်အထက်နားတွင် ကူးခပ်သွားလာနေသည့်အတွက် ဗျိုင်းများ၊ တင်ကြီးငှက်များ လာရောက်ဖမ်းယူခြင်းများရှိနိုင်သဖြင့် အကာအရံများ ပြုလုပ်ထားရှိရန်လိုအပ်သည်။ လှောင်အိမ်ဖြင့် တိုင်းရင်းငါးပြေမမွေးမြူမည် ဆိုပါက သီးသန့်မွေးမြူခြင်း (Mono-culture) တွင်သာမကရောနှော မွေးမြူခြင်း(Polyculture) ဖြင့်လည်း မွေးမြူနိုင်ပါသည်။

ငါးပြေမနှင့် စားရေရိက္ခာဖူလုံရေး

ငါးပြေမသည်စောင်းလျားသီးနှင့် ချက်ပြုတ်စားသုံးပါက အရသာထူးကဲသည့်အပြင် ဆီးကျောက်ရောဂါအတွက် သက်သာပျောက်ကင်း နိုင်သည့် ဆေးဖက်ဝင်ငါးတစ်မျိုးဖြစ်သည်။ ထို့ပြင် ငါးစျေးကွက်တွင် တန်ဖိုးကောင်းရရှိသော ရေပန်းစားနေသည့်ငါးမျိုးဖြစ်ပြီး ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွင်အရေးပါသည့် အခန်းကဏ္ဍမှပါဝင်လျက်ရှိသည်။ ငါးပြေမမွေးမြူခြင်းသည် အခြားငါးမြစ်ချင်းကဲ့သို့သော ငါးမျိုးများမွေးမြူခြင်းထက် မွေးမြူသည့်အချိန်ကာလတိုတိုဖြင့် အကျိုးအမြတ်ပိုမိုရရှိနိုင်သည့် ငါးမျိုးဖြစ်သည့်အပြင်လူတို့မသုံးဘဲ ပစ်ပယ်ထားသည့် ကျင်းငယ်၊ ရေအိုင်ငယ်များတွင် စနစ်တကျမွေးမြူပါက အချိန်တိုအတွင်း မွေးမြူဖြစ်ထွန်းနိုင်သည့် ငါးမျိုးဖြစ်သည်။

ကျေးလက်နေပြည်သူများ၏ စားရေရိက္ခာဖူလုံစေရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ် တစ်ပိုင်တစ်နိုင်လုပ်ငန်းမှ မိသားစုဝင်ငွေများ တိုးပွားရရှိလာနိုင်စေရေးနှင့် ငါးမွေးမြူရေးအသိပညာဗဟုသုတများ ရရှိလာနိုင်စေရေးတို့အတွက် မြန်မာနိုင်ငံအနှံ့အပြားတွင် အလွယ်တကူရရှိနိုင်သော တိုင်းရင်းငါးပြေမများကို မွေးမြူထုတ်လုပ်ကြပါစို့ဟု တိုက်တွန်းရင်းသုတေသနရလဒ်များကို မျှဝေရေးသား တင်ပြလိုက်ရပါသည်။ ။

ကိုးကား

-         ရေချိုဒေသတွင် နေထိုင်သော ကျေးလက်နေပြည်သူများအတွက် အသေးစားငါးမွေးမြူရေး အညွှန်းစာစောင်

-         USAID ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်း

-         ICAR-CIFA 2016, BREEDING & SEED PRODUCTION OF CLIMBING PERCH