Skip to main content

လောကနန္ဒာ၊ မြင်းကပါနှင့် ဖွားစောရွာများဆီသို့

မြင့်စိုး(နတလ)

မဉ္ဇူသကနတ်ပန်းရနံ့ မွေးပျံ့စေချင်

ဇူလိုင်လ ၁၁ ရက်နေ့၊ ပုဂံ/ ညောင်ဦးဒေသသို့ နေ့ချင်းပြန်ခရီးသွားခဲ့သည်။ ရည်ရွယ်ချက်မှာ ပုဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ အရှေ့ဖွားစော၊ အနောက်ဖွားစော၊ မြင်းကပါ၊ ကုန်းတန်းကြီးနှင့်နတ်ကြိုအိုင်ကျေးရွာ အဝင်လမ်းများ၊ ရွာတွင်းလမ်းများကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ပြုပြင်ဖောက်လုပ်ပေးလျက်ရှိရာ လုပ်ငန်းစတင်နိုင်မှု၊ ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးရန်၊ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရန် ဖြစ်ပါသည်။ ထိုနေ့ကကုန်းတန်းကြီးကျေးရွာသို့ အရင်သွားသည်။ ပြီးလျှင်ဖွားစောအရှေ့ရွာနှင့် အနောက်ရွာများသို့ရောက်ခဲ့သည်။ ထိုမှ လောကနန္ဒာစွယ်တော်မြတ်စေတီကို သွားရောက်ဖူးမြော်ခဲ့သည်။ ဘုရားဖူးပြီးပါက မဉ္ဇူသကနတ်ပန်းထုပ်လေးများ ရောင်းချနေကြသော ဈေးသည်လေးများနှင့် ခေတ္တခဏတွေ့ခွင့်ရအောင် စီစဉ်ပေးပါရန် ဂေါပကအဖွဲ့သို့ မေတ္တာရပ်ခံထားပေရာ ဓမ္မာရုံတစ်ခုအတွင်း၌ စုပေးထားပါသည်။ ၁၅ ယောက်ခန့် ရှိမည်ထင်ရ၏။ ကျွန်တော်ဝင်သွားချိန်မှာ အားလုံးကမျက်လုံးလေး တွေပေကလတ်ပေကလတ်နှင့် ကြည့်နေကြ၏။ သည်ဆရာ ငါတို့ကို ဘာများပြောမှာပါလိမ့်. . .။

ကိုင်း..ငါ့သမီးတို့၊ ညည်းတို့နဲ့ တွေ့ရတာဝမ်းသာပါတယ်။ ပြောစရာလေး နည်းနည်းရှိလို့ စုခိုင်းလိုက်တာပါ။ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့တုန်း က အဘ သည်ဘုရားကို လာဖူးတယ်။ ဘုရား အဆင်းမှာသမီးတို့ဈေးရောင်းတဲ့ ရှေ့ကဖြတ်သွားတော့ တစ်ယောက် မဉ္ဇူသကနတ်ပန်းထုပ်လေးတွေ လက်ဆောင်ယူသွားပါဦးဆိုပြီး လိုက်ပေးတာ မှတ်မိလား. . .” ဟု ကျွန်တော်မေးလိုက်သောအခါ ဒုတိယတန်းညာအစွန်မှာ ထိုင်နေသော သမီးတစ်ယောက်က ကျွန်မလိုက်ပေးတာပါဟု မဝံ့မရဲ ပုံစံလေးနှင့်ဖြေသည်။ သူ့ကြည့်ရတာ တစ်စုံတစ်ရာအတွက် ပူပန်နေသလိုလို သနပ်ခါးလူးထားသော နဖူးပြင်မှာဇောချွေးလေးများပင် ပြန်ချင်ချင် ဖြစ်နေပုံရ၏။

ကျေးဇူးတင်တယ် သမီးရေ၊ အဘ အိမ်ပြန် ရောက်တော့ အထုပ်မှာပါတဲ့ အညွှန်းအတိုင်း နှလုံး အားကောင်းအောင် မျက်စိကြည်အောင်၊ အမောပြေ ခြင်း၊ ခန္ဓာကိုယ်နုပျိုခြင်းတို့နဲ့ ပြည့်စုံအောင် ပျားရည်နဲ့ရောပြီး စားလိုက်တာပေါ့ကွယ်။ စားလို့ကောင်းပါတယ်။ အဘတို့ငယ်ငယ်တုန်းကလည်း မဉ္ဇူသကနတ်ပန်းပွင့်လေးတွေ ကောက်ပြီးစားဖူးနေလို့ ချိုအီအီအရသာလေးကို မှတ်မိနေတယ်။ ဒါပေမယ့်. . .ကျွန်တော်၏ ဒါပေမယ့်နောက်မှာ ဆက်မည့်စကားကို သူတို့ပိုပြီး သိလိုကြားလိုစိတ်ဖြင့် ပြင်းပြနေမည်မှာသေချာသည်။ ပေးလိုက်တဲ့အထဲမှာ ဘာများပါသွားပါလိမ့်၊ ဘာများတွေ့သွားလို့ပါလိမ့်ဆိုသည့် အတွေးများစွာနှင့် ဖြစ်နေကြပါလိမ့်မည်။

ပထမဆုံး သမီးတို့ သတိထားရမှာက နတ်ပန်းပွင့်လေးတွေ မထုပ်ပိုးခင်မှာ သဲမှုန့်လေး တွေစင်အောင်၊ သန့်အောင်လုပ်ဖို့လိုလိမ့်မယ်။ အဘစားကြည့်တော့ သဲနည်းနည်းပါနေတာ တွေ့ရတယ်။ ဒါကတစ်ချက်၊ နောက်တစ်ခုက အထုပ်ထုပ်တဲ့နေရာမှာဘာနဲ့ သွားတူနေသလဲဆိုတော့ အဘတို့ငယ်ငယ်တုန်းက စားခဲ့တဲ့ ပဲကြီးလှော်ထုပ်နဲ့ တူနေ တယ်။ ပလတ်စတစ်အိတ်လေးထဲကိုထည့်သံချောင်း လေးခံ မီးပြပြီး ပိတ်ထားတာလေ။ အဲဒါကိုလည်း ပြင်ရမယ်။ ဒီမှာကြည့်လိုက် ဒါက သမီးတို့ပေးလိုက်တဲ့ အထုပ်လေး၊ ဒီနှစ်ထုပ်ကတော့ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနကို တာဝန်ပေးပြီး ထုပ်ပိုးမှုပုံစံပြင်ထားတာ။ တစ်ခုက ရယ်ဒီမိတ်ထည့်လို့ရတဲ့ စက္ကူအိတ်လေးသုံးထားတယ်။ ဒီတစ်ထုပ်က အိတ်ပိတ်စက်သုံးပြီး ပိတ်ပြထားတယ်။ သန့်ရှင်းသပ်ရပ်မှုရော ထုပ်ပိုးမှုပုံစံပါ ကွာမသွားဘူးလား။ ကုန်ကျစရိတ်ကလည်း စက္ကူအိတ်ဖိုးအပါမှ ၂၀၀ ကျပ်စွန်းစွန်းပဲ။ အိတ်ပိတ်စက်နဲ့ ပိတ်ထားတဲ့ ပလတ်စတစ်အကြည်အိတ်က ဈေးပိုသက်သာတယ်

ကျွန်တော် နမူနာယူလာသော မဉ္ဇူသကနတ်ပန်းထုပ်လေးများကို ပြသရင်းရှင်းပြတော့ သူတို့မျက်နှာလေးတွေ တိမ်စင်လနှယ် ဝင်းပလာသည်။ သူတို့အားခေါ်ရခြင်းအကြောင်းရင်းကို ရှင်းလင်းစွာသိလာကြသည်။ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနကလည်း ထုပ်ပိုးမှုပုံစံ ပြောင်းထားရုံမျှမက မဉ္ဇူသကနတ်ပန်းပွင့်တွေထဲမှာ ပါဝင်ပစ္စည်း အာဟာရတန်ဖိုးများကို ဓာတ်ခွဲ စမ်းသပ်ရယူပေးထားသေးသည်။ သည်အပိုင်းကိုတော့ ကျွန်တော်နှင့်အတူ လိုက်ပါလာသော အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်က ဆက်ရှင်းပြသည်။

မဉ္ဇူသကနတ်ပန်း (သို့မဟုတ်) မည်စည်ပင်

မဉ္ဇူသကနတ်ပန်းပင် (သို့မဟုတ်) မည်စည်ပင် ၏ ရုက္ခဗေဒအမည်မှာ Madhuca Longifolia ဟု ခေါ်တွင်ပြီး အမြဲစိမ်းအပင်ကြီးမျိုးဖြစ်သည်။ အိန္ဒိယနိုင်ငံ၌ပူပြင်းပြီး စိုထိုင်းမှုရှိသော ဒေသများတွင် အဓိကစိုက်ပျိုးကြကြောင်း၊ အစေ့များမှအဆီထုတ်၍ ဆပ်ပြာ၊ ဆပ်ပြာမှုန့်၊ ထောပတ်တု၊ လောင်စာဆီများ ထုတ်လုပ်ကြကြောင်း၊ အပွင့်များမှ အချိုဓာတ်ရသဖြင့် တမီလ်လူမျိုး(Tamils) များက သကြားအစားထိုး ပစ္စည်းအဖြစ် အသုံးပြုကြကြောင်း၊ အစေ့ကြိတ်ဖတ်များကလည်း စိုက်ခင်းများအတွက် အလွန်ကောင်းမွန်သည့် သဘာဝမြေဩဇာများ ဖြစ်ကြောင်းသိရသည်။ မဉ္ဇူသကနတ်ပန်းပွင့် (သို့မဟုတ်) မည်စည်ပွင့်များမှ ဝိုင်အမျိုးမျိုး ထုတ်လုပ်ခြင်း၊ ယိုလုပ်ငန်းများတွင် ရနံ့သင်းပျံ့စေ ရန် အသုံးပြုခြင်း၊ မဉ္ဇူသကနတ်ပန်းအဆီတွင် Antioxidant နှင့် Vitamin ဓာတ်များစွာ ပါဝင်သဖြင့် ခန္ဓာကိုယ်အရေပြားအတွက် အထူးကောင်းမွန်ပြီး Skin Care Product များ ထုတ်လုပ်ခြင်းတို့တွင်လည်း အသုံးပြုကြောင်းသိရသည်။ မဉ္ဇူသကနတ်ပန်းရနံ့သည် မပြင်းလှဘဲ ထူးခြားသောရနံ့မျိုးဖြစ်၍ အတိတ်ကာလကို ပြန်လည်သတိရတမ်းတ စေနိုင်သော လက္ခဏာမျိုးရှိသည်ဟူ၍ပင် ညွှန်းဆိုထားကြောင်းတွေ့ရသည်။ ဆေးဖက်ဝင်ဂုဏ်သတ္တိအနေဖြင့်မူ ကိုယ်ခံအားကောင်းမွန်စေခြင်း၊ ဖျားနာမှုကို ကာကွယ်ပေးခြင်း၊ ရောင်ရမ်းမှုကို သက်သာစေ ခြင်း၊ ဆီးချို၊ နှလုံးရောဂါများ ကာကွယ်ခြင်းတို့ကို ပေးစွမ်းနိုင်ကြောင်း သိရသည်။

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ဓာတ်ခွဲစမ်းသပ်မှုတွင် Carbohydrate ၄၃ ဒသမ ၅၆ ရာခိုင်နှုန်း၊ Fat ၄၀ ဒသမ ၉ ရာခိုင်နှုန်း၊ Moisture ၇ ဒသမ ၁၈ ရာခိုင်နှုန်း၊ Protein ၃ ဒသမ ၀၅ ရာခိုင်နှုန်း၊ Fiber ၂ ဒသမ ၆၇ ရာခိုင်နှုန်း၊ Ash ၂ ဒသမ ၆၄ ရာခိုင်နှုန်း ပါဝင်ကြောင်းသိရသည်။ မဉ္ဇူသကနတ်ပန်းပင်(သို့မဟုတ်) မည်စည်ပင်များကို မြန်မာနိုင်ငံ အထက်ပိုင်းဒေသများဖြစ်သော မန္တလေး၊ မုံရွာ၊ ကျောက်ဆည်တို့တွင်လည်းကောင်း၊ ပုပ္ပားဘက်တွင်လည်းကောင်း အများဆုံးတွေ့ရပေမည်။ ယခုပုဂံ၊ ညောင်ဦးဒေသမှ ဈေးသည်လေး များအနေဖြင့် ပန်းပွင့်ကုန်ကြမ်းများကို ထိုဒေသများမှ ရယူခဲ့ကြောင်း သိရသည်။

သင်တန်းပို့ချပေးမည်

ပုဂံမှပြန်လာချိန် ပြည်ထောင်စုဝန်ကြီးထံ သတင်းပို့ပြီး သင်တန်းဖွင့်လှစ်ပေးနိုင်ရေး စီစဉ် ဆောင်ရွက်ခဲ့သည်။ ဝန်ကြီးက အိတ်ပိတ်စက်ပါထောက်ပံ့ပေးရန် မှာကြားပါသည်။ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ရည်ရွယ်ချက်များအတိုင်း မဉ္ဇူသကနတ်ပန်း အခြေခံတန်ဖိုးမြှင့် ထုတ်ကုန်များထုတ်လုပ်နိုင်စေရန်၊ ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးကင်းသော ထုတ်ကုန်ပစ္စည်း ဖြစ်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်း ပေါများစေရေးနှင့် မိသားစုဝင်ငွေတိုးရေး အစရှိသောရည်ရွယ်ချက်များဖြင့် လောကနန္ဒာစွယ်တော်မြတ်စေတီ၏ အရိပ်အာဝါသအောက်တွင် နေရာတစ်ခုစီစဉ်၍ မဉ္ဇူသကနတ်ပန်း အခြေခံတန်ဖိုးမြှင့်ထုတ်ကုန် ပစ္စည်းများထုတ်လုပ်မှု နည်းပညာသင်တန်းတစ်ခု ဖွင့်လှစ်ပေးပါမည်။ မျက်နှာသစ်ဆပ်ပြာခဲ၊ ဆံသား အားဖြည့်ဆီ၊ ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာ၊ ယိုအမျိုးမျိုး၊ ဝိုင်၊ လက်ဖက်ခြောက်၊ ကြမ်းတိုက် ဆေးရည်များ ထုတ်လုပ်ခြင်း၊ Packing နှင့် Labeling ဆိုင်ရာများ သင်ကြားပို့ချပေးခြင်းတို့ ဆောင်ရွက်ပေးပါမည်။ ဒေသထွက်ကုန်ကြမ်းများကို အသုံးပြု၍ One Village One Product တစ်ခုအဖြစ် အောင်မြင်စွာဆောင်ရွက်နိုင်ကြစေရန်ကိုလည်း ရည်ရွယ်ပါသည်။ သည်လောက်ဆိုလျှင် လောကနန္ဒာဘုရားဝင်းအတွင်းက မဉ္ဇူသကနတ်ပန်းသည် လေးများအနေဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန၏ စေတနာကို သဘောပေါက်ပါပြီ။

ဗျတ္တပန်းဆက်လမ်းနှင့် အတွေးတစ်စ

ပုဂံရာဇဝင်ထဲက လူစွမ်းကောင်းဗျတ္တတောင်တော်ရွှေပုပ္ပား၏ အခေါင်အဖျားဆီက မွှေးကြူသောပန်းများဆွတ်ခူး၍ ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးထံ ဆက်သခဲ့ရသည်ဆို၏။ ယင်းသို့ ဆက်သရာတွင် ဘုရားတင်ရန်ပန်းများ ပါဝင်သကဲ့သို့ ဆေးဖက်ဝင် မဉ္ဇူသကနတ်ပန်းများလည်း ပါဝင်ပေလိမ့်မည်။ သင်္ဘောပျက်ရာမှပျဉ်ပြား တစ်ချပ်ကို ဖက်တွယ်ရင်း အသက်ဘေးမှ လွတ်မြောက်ကာ သထုံမနူဟာမင်း၏ ဆရာတော် (ဗားမဲ့ဆရာတော်) ထံ ခိုလှုံလာသော ဗျတ်ဝိဗျတ္တ ညီနောင်နှစ်ဦး၊ ဆရာတော်မရှိခိုက် ဇော်ဂျီဖိုလ်ဝင်သား ကို ခိုးစားပြီးဓားပြီး၊ တုတ်ပြီး၊ လှံပြီးကာယသိဒ္ဓိတန်ခိုးတွေ ကြီးထွားလာသောအခါ မနူဟာမင်းကစိုးရိမ်၍ ဖမ်းဆီး၊ အစ်ကိုကြီးဖြစ်သော ဗျတ်ဝိနှင့်ချစ်သူ မအိုဇာတို့၏ ကွမ်းတစ်ယာ ရေတစ်မှုတ်ဇာတ်လမ်းကြောင့် ဗျတ်ဝိလည်းသေ၊ ဗျတ္တလည်း ပုဂံသို့ပြေးပြီး ကျန်စစ်သား၏ လက်အောက်၌ အမှုတော်ထမ်းရင်း အနော်ရထာမင်းထံ ပန်းတွေ ဆက်၊ ပုပ္ပားသူမယ်ဝဏ္ဏနှင့် အိမ်ထောင်ကျပြီး သားနှစ်ယောက်ရ၊ အနော်ရထာမင်းကြီးက ကလေးများရေသုံးရန် ရွှေဖျဉ်းအိုးများ ချီးမြှင့်ခဲ့၍ ရွှေဖျဉ်း ကြီး၊ ရွှေဖျဉ်းလေးဟု အမည်တွင်ခဲ့၊ စောလူးမင်းနှင့် ကစားဖက်များဖြစ်လာ၊ အဖေဖြစ်သူ ဗျတ္တအမှုတော် ထမ်းရင်း ကွယ်လွန်ချိန်မှာ ရွှေဖျဉ်းညီနောင်တို့ကို သူရဲကောင်းများအဖြစ် မြှောက်စားခံရ၊ ရွှေဖျဉ်းညီနောင်တို့၏ အစွမ်းပြမှုကြောင့် အနော်ရထာမင်းအား လေးစားခန့်ညားသွားရသော တရုတ်ဘုရင် ဦးတည်ဘွားထံမှ ဗုဒ္ဓစွယ်တော်ပွားများရရှိပင့်ဆောင် လာချိန်ဖောင်တော်ဦး ဆိုက်ရပ်သွားခဲ့သော တောင်ပြုန်းဒေသမှာ ဘုရားတည်ဖို့ဖြစ်လာ၊ မင်းမှုထမ်းအားလုံး အုတ်တစ်ချပ် သဲတစ်ဆုပ်လှူရန် ဘုရင့်အမိန့်ချထားသော်လည်း၊ အနော်ရထာမင်း၏ ချီးမြှင့်မြှောက်စားခြင်းခံရ၍ သောက်စားမူးယစ်နေ သောရွှေဖျဉ်းညီနောင်တို့ လှူရန်ပျက်ကွက်ပြီး ဘုရားမှာအုတ်နှစ်ချပ်လပ်နေ၊ ပျက်ကွက်သူကို အပြစ်ပေးရန် အမိန့်ချလိုက်သောအခါ မနာလို ဖြစ်နေသော မှူးမတ်အချို့က ရွှေဖျဉ်းညီနောင်တို့၏ လည်မျိုကို တုတ်ဖြင့် ရိုက်သတ်ခဲ့ကြ၊ တစ်နေ့ဘုရင် အနော်ရထာ တိုင်းခန်းလှည့်လည်စဉ် တောင်ပြုန်း အရပ်မှာ ဖောင်တော်ရပ်တန့်နေရာ ဟူးရားဖြူဟူးရား ညိုတို့ကရွှေဖျဉ်းညီနောင် မင်းကြီးမင်းလေးနှစ်းပါး နတ်စိမ်းဖြစ်၍ ဆွဲထားကြောင်း လျှောက်တင်၊ အနော်ရထာမင်းကြီး က အုတ်နှစ်ချပ်လပ်နေသော ဆုတောင်းပြည့်စေတီတော်ရှိရာ ယခုတောင်ပြုန်းနယ်ကို ရွှေဖျဉ်းညီနောင်(မင်းကြီး၊ မင်းလေး) တို့အား အပိုင်စားပေးခဲ့သည်ဆို၏။ ဤသည်တို့ကား ပုဂံ၊ ပုပ္ပား၊ ဗျတ္တပန်းဆက်လမ်းနှင့် မဉ္ဇူသကနတ်ပန်းအကြောင်း စဉ်းစားရင်း စီကာရီကာပေါ်လာသော၊ ဖတ်ဖူးမှတ်ဖူးခဲ့သော ပုဂံရာဇဝင်ထဲက ဖြစ်ရပ်များ၊ ရာဇဝင်လား၊ ဒဏ္ဍာရီပေပဲလား၊ သို့တည်းမဟုတ် တုတ်ထမ်းပြီး ပြောရတော့မည်လား မသိတော့ပါ။

မြင်းကပါခေတ်မီစံပြကျေးရွာ (Smart Village)

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် နေပြည်တော်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသ ကြီးအသီးသီး၌ ခေတ်မီစံပြကျေးရွာ (Smart Village) များ ထူထောင်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မြင်းကပါကျေးရွာသည် စံပြကျေးရွာအဖြစ် ရွေးချယ်ခြင်းခံရပြီး လုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ရွာတွင်းလမ်းများ ပြုပြင်ခြင်း၊ အုတ်စီရေမြောင်းများ ဆောင်ရွက်ပေးခြင်း၊ Slab Culvert များ ပြုလုပ်ခြင်းတို့ကို လတ်တလော အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။ ရွာတွင်းလမ်း ပြုပြင်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ အကောင်အထည်ဖော် ထူထောင်ထားသည့် စံပြကျေးရွာများအနက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး အလားအလာရှိသည့် ကျေးရွာများကို ဦးစားပေးအလိုက်ဖော်ထုတ်၍ လူထုအခြေပြုခရီးသွားလုပ်ငန်း (CBT) ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ မြင်းကပါကျေးရွာသည် အာဆီယံနိုင်ငံများအတွင်း လူမှုစီးပွားဘဝမြင့်မားရေး၊ ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ ကျေးရွာကွန်ရက်ချိတ်ဆက်မှုအတွက် ကျေးရွာများ သတ်မှတ်ရွေးချယ်ရာ၌ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) အင်းလေးဒေသမှ အင်းပေါခုံရွာနှင့်အတူ ပါဝင်လျက်ရှိသည်။ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်ရင်း ယွန်းထည်လုပ်ငန်း မြင့်မားတိုးတက်လာစေရေးကိုလည်း အားပေး ကူညီဆောင်ရွက်ပေးရမည်။ ဇူလိုင်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် မနူဟာဘုရားအနီး ဓမ္မာရုံတစ်ခုတွင် ဖွင့်လှစ်သင်ကြားပေးနေသော ဧည့်လမ်းညွှန်၊ ဧည့်လမ်းပြသင်တန်းသို့ ဝင်ရောက်ကြည့်ရှုအားပေးရင်း ဆရာဦးသန်းဇော် (ရှေးဟောင်းသုတေသီ)နှင့် သင်တန်းသား သင်တန်းသူများကို နှုတ်ဆက်ခဲ့ ပါသည်။

ကုန်းတန်းကြီး၊ ဖျောက်ဆိပ်ပင်နှင့် သန့်စင်ကြယ်

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ကျေးရွာများ၏ အဝင်လမ်းများ၊ ရွာတွင်းလမ်းများ ပြုပြင်ဖောက်လုပ်ပေးရမည့် ကျေးရွာများထဲတွင် ကုန်းတန်းကြီးကျေးရွာနှင့် ဖျောက်ဆိပ်ပင်ကျေးရွာများလည်း အပါအဝင်ဖြစ်၏။ ကုန်းတန်းကြီးကျေးရွာ အဝင်လမ်းကမူ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကွန်ကရစ်လမ်း လေးဖာလုံခင်းရန် ရန်ပုံငွေခွင့်ပြု ထားပြီးဖြစ်၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုဇူလိုင်လကုန်တွင် ပြီးစီးမည်ဖြစ်သည်။ ကုန်းတန်းကြီးကျေးရွာအထိ ကျန်လမ်း ၁/၀မိုင်ကို လည်းကောင်း၊ ကုန်းတန်းကြီးလမ်းသို့ လာရောက်ဆက်သွယ်မည့် ဖျောက်ဆိပ်ပင်ကျေးရွာအဝင်လမ်း သုံးဖာလုံကိုလည်းကောင်း ကွန်ကရစ်လမ်းအဖြစ် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ကုန်းတန်းကြီး၊ ဖျောက်ဆိပ်ပင်နှင့် သန့်စင်ကြယ်ရွာများသည် ကုန်းတန်းကြီးကျေးရွာအုပ်စုတွင်ပါဝင်ပြီး စုစုပေါင်းအိမ်ခြေ ၈၃၂ အိမ်၊ မြေပဲ/ နှမ်း ဆီထွက်သီးနှံစိုက်ဧက ၄၂၀၀ ကျော် ရှိနေပေသည်။ ကုန်းတန်းကြီးကျေးရွာမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လမ်းလုပ်ငန်းအကြောင်းရှင်းပြပြီး ဆီထွက်သီးနှံစိုက်ပျိုးရေးကိုလည်း အောင်မြင်အောင် ဆောင်ရွက်ကြရန်၊ စိုက်ပျိုးရေးသမဝါယမ အသင်းများဖွဲ့စည်း၍ လိုအပ်သည့် ကူညီထောက်ပံ့ မှုများပေးနိုင်ရန် ညှိနှိုင်းမှာကြားခဲ့ပါသည်။

အရှေ့ဖွားစော၊ အနောက်ဖွားစောနှင့် နတ်ကြိုအိုင်

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနက တာဝန်ယူဆောင်ရွက်မည့် ကျေးရွာကိုးရွာမှ လမ်းများအနက် ပထမဦးစားပေး ခြောက်လမ်းထဲတွင်ပါဝင်နေသော အရှေ့ဖွားစောကျေးရွာအဝင်မှ ဇေယျဝေရီကန်သို့ သွားသောလမ်းအား ဂျင်းကျောက်ခင်းခြင်းကို ပြီးခဲ့သည့် ဇွန်လထဲမှာပင် စတင်ဆောင်ရွက်နေပြီဖြစ်သည်။ ယခုတစ်ခေါက်တွင်မူ လမ်းအရှည် ၁/၃ မိုင်အနက် အနိမ့်ပိုင်း ပေ ၅၂၄၀ အား မြေသား နှစ်ပေထုတင်ခြင်းလုပ်ငန်း စတင် ဆောင်ရွက်နေမှုနှင့်ပေ ၈၀ ရေကျော်၊ ပေ ၅၀ ရေကျော်၊ ပေ ၁၅၀ ရေကျော် တည်ဆောက်ပေးမည့် နေရာတို့ကို လိုက်လံကြည့်ရှု၍ အချိန်မီပြီးစီးရေး၊ ယာဉ်/ ယန္တရားလိုအပ်ချက်၊ ရာသီဥတုနှင့် လုပ်ငန်းပမာဏကိုတွက်ချက်ပြီး ဆောင်ရွက်မည့် ဦးစားပေး အစီအစဉ်တို့နှင့်စပ်လျဉ်း၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။

အနောက်ဖွားစောရွာ၏ ရွာတွင်းလမ်း ၂ ဒသမ ၆၅ ဖာလုံကိုမူ ဂျင်းကျောက်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပေးထားပြီးဖြစ်သည်။ ရွာတွင်းလမ်းကိုကြည့်ရှုရင်း ကျေးရွာလူကြီးများနှင့် မိဖုရားဖွားစောအကြောင်း ပြောဖြစ်ခဲ့ကြသည်။ အနောက်ဖွားစောရွာတွင် အခြေခံပညာအလယ်တန်းကျောင်း ဖွင့်လှစ်ထားပြီး ကျောင်းရှေ့၌ စံကိုက် ဘောလုံးကွင်းတစ်ကွင်းတွေ့ရ၍ ဆောင်ရွက်ပေးခဲ့သူများကို ကျေးဇူးတင်လေးစားမိသည်။ ကျောင်းတိုင်းမှာ အားကစားကွင်းတစ်ခု ရှိဖို့ရာလွယ်ကူသည် မဟုတ်ပါ။ ထိုရွာမှတစ်ဆင့် နတ်ကြိုအိုင်ကျေးရွာ သို့သွားခဲ့သည်။ ကနဦးတစ်ခေါက်က ရွာထိပ်ထိ မရောက်ခဲ့။ ထိုလမ်းပေါ်က ၂၀၂၄-၂၀၂၅ ခွင့်ပြုရန်ပုံ ငွေဖြင့် ဆောင်ရွက်နေသော ပေ ၆၀ x ပေ ၂၀ ရေကျော်အမှတ်(၁) တည်ဆောက်နေမှုကို ကြည့်ရှုခဲ့ခြင်းဖြစ်သည်။ ယခုတစ်ခေါက်တွင်မူ ပြုပြင်ပေးရမည့် လမ်းအခြေအနေနှင့် ရေကျော်အမှတ်(၂) တည်ဆောက်မည့်နေရာတို့ကို လိုက်လံကြည့်ရှုခဲ့ပါသည်။ ရွာထိပ်သို့ ရောက်သောအခါ ဆိုင်းဘုတ်မှာ ရေးသားထားသောအမည်က နတ်ကြိုအိုင်ဟူ၏။ အောက်ကမြစ်မပါသဖြင့် နတ်ကြို့အိုင်ဟုကျွန်တော်တို့ အခေါ်အဝေါ်လွဲနေတာ သတိပြုမိသည်။ အချို့ ကလည်း နွားကြိုးအိုင်ဟုခေါ်နေကြသည်။ စုက္ကတေးမင်းနှင့် စီးချင်းမထိုးမီ နတ်ကောင်းနတ်မြတ်များက အနော်ရထာမင်းအား ကြိုဆိုခဲ့ကြသည်ကို အစွဲပြုခေါ်ဝေါ်ခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆို၏။

ပုဂံအလှရှာပုံတော်

ရေတွက်လျှင်x x x ရွှေလက်ပင်ညောင်း x x x လှည်းဝင်းရိုးသံတညံညံ ပုဂံဘုရားပေါင်း x x x စာဆိုရှိသည် အဓိပ္ပာယ်လှယ်ယူမည် x x xလေးသန်း လေးသိန်းလေးသောင်း ခြောက်ထောင့်ခုနစ်ရာ သုံးဆယ့်သုံးဆူတည်ထား x x x ရှိငြားခဲ့ပါသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်းများစွာကပင် ရေဒီယိုမှာ နားထောင်ခဲ့ရသည့် ပုဂံအလှရှာပုံတော် သီချင်း။ စန္ဒရားဦးလှထွတ် ရေးဖွဲ့သီကုံးပြီး တေးသံရှင်ကြီး ဒေါ်ချိုဝေလွင်က သီဆိုခဲ့သည်။ မြန်မာ့ယဉ်ကျေးမှုစုဝေးရာအမှန် x x x ပုဂံမြို့အလှ x x x အဝေးကပင် မြင်နိုင်ပါသည်ဆိုသည့် တေး စာသားများ။ စုလစ်မွမ်းချွန် x x x လက်ရာမွန်သည် x x x မြန်မာနိုင်ငံမှသည် ကမ္ဘာပြိုင်စံရှားသည် x x x တွေ့မြင်သူတိုင်း လက်ဖျားခါလောက်သည် x x x အနုအလှ ပန်းပုပန်းချီ တုမမီနိုင်ပြီ x x x ပန်းရန်မှာ ဆိုလည်း အမှန်သာလို့ပဲ ယနေ့တိုင် အထင်အရှား x x x ဝင့်ကြွားစွာရှိသည် x x x ပုဂံမြို့လို့ နိုင်ငံတကာထင်ပေါ်သည် စသည့်တေးစာသားများကို သီဆို ထားသည့် အစ်မကြီး ဒေါ်ချိုဝေလွင်၏ အသံနှင့်အတူ ငယ်စဉ်ကပင် ပုဂံအလှကို မှန်းမျှော်၍ ရှာခဲ့ဖူးသည်၊ စိတ်ကူးဖြင့် ရောက်ခဲ့ဖူးသည်။ ယခုအခါတွင်မတော့ ပုဂံအလှကို ခံစားရုံသက်သက်မျှ မဟုတ်ဘဲ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များဖြင့် ပူးပေါင်းပါဝင် အလှဆင်ခွင့်ရခဲ့ပါပြီ။ ရွာတွင်းလမ်းတွေ သာသာယာယာဖြစ်အောင် ဖန်တီးပုံဖော်ပေးမည်၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာရေးအတွက်လည်း သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် လက်တွဲဆောင်ရွက်မည်။ ဒေသခံများ၏ လူမှုစီးပွားဘဝ မြင့်မားရေးကိုလည်း တတ်စွမ်းသမျှထောက်ကူပေးမည်။ ကျွန်တော်ချစ်သော ပုဂံဒေသအမြဲထာဝရ လှနေစေချင်ပါသည်။ ။