ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)မှ ဖိတ်ခေါ်ပါသည်
သီသီသောင်း
အထိမ်းအမှတ်ပြတိုက်ဟူသည် နိုင်ငံ့သမိုင်းကြောင်းတွင် မျိုးချစ်စိတ်ဓာတ်နှင့် စည်းလုံးညီညွတ်မှုကို လှုံ့ဆော်ပေးသည့်၊ ထူးခြားထင်ရှားသည့် အရေးပါသော လူပုဂ္ဂိုလ်များ၊ သမိုင်းဝင်ဖြစ်ရပ်ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်၊ နေရာ၊ အဆောက်အအုံကို အများပြည်သူတို့ အမြဲအမှတ်ရနိုင်စေရန် တည်ဆောက်ထားသော ပြတိုက်အမျိုးအစားပင်ဖြစ်ပါသည်။
ထိုနိုင်ငံ့သူရဲကောင်းတို့၏ မေ့မရဖွယ်အမှတ်တရများကို မမေ့မလျော့ဘဲအမြဲမှတ်မိစေရန်၊ ထိုသူတို့၏ သမိုင်းဂုဏ်ရောင်ပြောင်မြောက်သည့် ကြိုးပမ်းမှုများကို ဂုဏ်ပြုရန်၊ လာရောက်လေ့လာသူ ဧည့်ပရိသတ်များမှ မိမိနိုင်ငံ၏ မော်ကွန်းတင်သည့် ရာဇဝင်သမိုင်းကြောင်းများကို ပိုမိုနားလည်သိရှိလာစေရန်အတွက် ပြည်သူလူထုအား အသိပညာပေးနိုင်ရန်ရည်ရွယ်၍ အထိမ်းအမှတ်ပြတိုက် (Memorial Museum)တည်ဆောက်ထားခြင်းဖြစ်ပါသည်။
အထိမ်းအမှတ်ပြတိုက်များ ထွန်းကားလာခြင်းသည် နိုင်ငံ့သူရဲကောင်းများ၏ ဘဝဖြစ်စဉ်များနှင့် ထိုသူတို့၏အရေးပါမှုကို တစ်ကမ္ဘာလုံးက သိရှိနိုင်သည့် စုပေါင်းဝိသေသလက္ခဏာ (collective identity) နှင့် စဉ်ဆက်မပြတ်ရှင်သန်လာစေခြင်း (continuity) ပင်ဖြစ်သည်။ ထိုပြတိုက်များသည် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အောက်မေ့ဖွယ်အမှတ်ရစရာများကို ဂုဏ်ပြုရန်နှင့် ထိုသူတို့ကို ကိုယ်စားပြုသည့် သမိုင်းတစ်ခေတ်ရေစီးကြောင်းကို နက်နဲစွာနားလည်သဘောပေါက်ရန် သိလိုသူများအတွက် လေ့လာရာနေရာများ ဖြစ်လာပါသည်။ ဆိုရလျှင် ထိုသူတို့သေဆုံးပြီးနောက် အထိမ်းအမှတ်ပြတိုက်အဖြစ် ထိန်းသိမ်းထားသော ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦး၏ အိမ်သည်ထိုသူတို့နေထိုင်ခဲ့သည့် လူနေမှုဘဝနှင့် ထိုသူတို့၏ ရာဇဝင်တွင်သည့် သမိုင်းကြောင်းဆိုင်ရာ အချက်အလက်မှတ်တမ်းများကို အများပြည်သူတို့ နှလုံးသားဆီ ထိုးထွင်းသိမြင်မှု ပေးစွမ်းစေနိုင်ပါ သည်။
အထိမ်းအမှတ်ပြတိုက်များ၏ ပြတိုက်ပညာပေးရေးမှာ ဘက်စုံကျယ်ပြန့်ပြီး နိုင်ငံ့သူရဲကောင်းများ၏ သမိုင်းကြောင်းများ၊ နိုင်ငံ့ခေါင်းဆောင်များအား အမှတ်ရမှုများကို ထိန်းသိမ်းရုံသာမက ထိုသူတို့၏ လုပ်ဆောင်ချက်များနှင့် ထိုသူတို့ရပ်တည်ခဲ့သည့် တန်ဖိုးများအပေါ် နိုင်ငံသားတို့၏ ရောင်ပြန်ဟပ်စေမှုများအပြင် ထိုသူတို့၏ ကြိုးပမ်းမှုများမှတစ်ဆင့်၊ ရာဇဝင်သမိုင်း မော်ကွန်းထိုးနိုင်သည့် အမှတ်တရများ၊ မျိုးချစ်စိတ်ဓာတ်နှင့် ခေါင်းဆောင်မှု၏ အရေးပါမှုကို လူ့အဖွဲ့အစည်းအတွင်း ပိုမိုကျယ်ပြန့်စွာ နားလည်သဘောပေါက်လာစေရန် ပြတိုက်ပညာပေးခြင်း အခန်းကဏ္ဍသည်အရေးကြီးလှပေသည်။
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သည် အထိမ်းအမှတ်ပြတိုက်အမျိုးအစားတွင်ပါဝင်ပြီး မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၅ ခုနှစ် မှ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့အထိ နေထိုင်ခဲ့သည့်နေအိမ်အား အထိမ်းအမှတ်ပြတိုက်အဖြစ် ဖွင့်လှစ်ခင်းကျင်းပြသထားခြင်းပင်ဖြစ်ပါသည်။ ပြတိုက်၏ တည်နေရာမှာ အမှတ်-၂၅၊ ဗိုလ်ချို(၁)ရပ်ကွက်၊ ဗိုလ်ချုပ်ပြတိုက်လမ်း (ယခင်တာဝါလိန်းလမ်း)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့၌တည်ရှိပြီး ၂ ဒသမ ၄၂၃ ဧကကျယ်ဝန်းသည့် ဘဲဥပုံသဏ္ဌာန်(Oval Shape) မြေကွက်ပေါ်ရှိ ၁၈ ပေမြင့်သော ကုန်းမြင့်ပေါ်တွင် ၂၀ ရာစု ဥရောပပုံစံဗိသုကာလက်ရာဒီဇိုင်းများဖြင့် ၁၉၂၀-၁၉၂၁ ခုနှစ်ခန့်တွင် တည်ဆောက်ထားသည့် အဆောက်အအုံဖြစ်ပါသည်၊။
၁၉၅၇ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ထံမှ ပရိဘောဂပစ္စည်း ၅၃ မျိုးနှင့် အခြားအသုံးအဆောင်ပစ္စည်းများကို စုဆောင်းရရှိခဲ့သည်။ ထို့နောက် ဗိုလ်ချုပ် ကတော် ဒေါ်ခင်ကြည်ကိုယ်တိုင် ပစ္စည်းများကို မူလပုံစံအတိုင်းနေရာချခင်းကျင်းပေးခဲ့ပြီး ၁၉၆၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် အများပြည်သူ လေ့လာကြည့်ရှုနိုင်ရန် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်အဖြစ် စတင်ဖွင့်လှစ်ပြသခဲ့ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို စတင်လေ့လာရသော်
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်အဝင်မှ ကုန်းတစ်လျှောက် တက်လမ်းအတိုင်းတက်လျှင် ကုန်းပေါ်တွင် ဆောက်လုပ်ထားသော နှစ်ထပ်အိမ်အဆောက်အအုံသို့တက်ရမည့် အမိုးမိုးထားသည့် အုတ်လှေကားသို့ ရောက်ပါသည်။ အုတ်လှေကား၏ထိပ် စင်္ကြံလမ်း၏ ညာဘက်နံရံတွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သမိုင်းကြောင်းကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ရှင်းလင်းပြသထားပြီး စင်္ကြံလမ်း၏ ဘယ်ဘက်နံရံပေါ်တွင် နေအိမ်အောက်ထပ်နှင့် အပေါ်ထပ်ဖွဲ့စည်းပုံ (Floor Plan) ရှိပါသည်။
ထမင်းစားခန်း
ပထမဦးဆုံး ထမင်းစားခန်းသို့ ဝင်ရောက်လေ့လာသောအခါ ဗိုလ်ချုပ်၏ ဇာတာ၊ ဗိုလ်ချုပ် ငယ်ဘဝကနေထိုင်ခဲ့သော နတ်မောက်မြို့မှ နေအိမ်ပုံစံငယ်၊ ဘုံဘေဘားမား အိမ် ထောင်ပရိဘောဂတိုက် ရန်ကုန်မြို့တံဆိပ်ပါ အပိုင်းသုံးဆက်ဒီဇိုင်း ကျွန်းထမင်းစားပွဲခုံအရှည်နှင့် ကျွန်းကုလားထိုင် ၁၀ လုံး၊ စတုရန်းပုံနှစ်ထပ်ဗီရိုထဲတွင် ဗိုလ်ချုပ် မိသားစုအသုံးပြုခဲ့သော မူရင်းပန်းကန်လုံး၊ ပန်းကန်ပြား၊ ကရား၊ ငွေဖြင့်ပြုလုပ်ထားသည့် ဇွန်းခက်ရင်းများ၊ Made in England တံဆိပ်ပါ ပန်းကန်များ စသည့်ထမင်းစားခန်းသုံးပစ္စည်းများ ထည့်သွင်းပြသထားပါသည်။
ထို့ပြင် ထမင်းစားခန်းအဝင်ဝ၌ ဖြုတ်၍တပ်၍ရသော ကျွန်းလင်ပန်းအရှင် တွဲလျက်ပါရှိပြီး အောက်တွင်ရွေ့လျားနိုင်သည့် ဘီးလေးလုံးပါကျွန်းသုံးဆင့်ပစ္စည်းတင်စင်ကို တွေ့ရှိရမည်ဖြစ်သည်။ ၎င်းတွန်းလှည်းဖြင့် စားသောက်ဖွယ်ရာများကို စားဖိုဆောင်မှသယ်ဆောင်လာပြီး တည်ခင်းဧည့်ခံခဲ့သည်ဟု ခန့်မှန်းရပါသည်။ ပန်းကန်များ တစ်ချပ်နှင့်တစ်ချပ်ကြားတွင် မကွဲစေရန်ကြားခံထည့်ထားသည့် ၁၉၅၈-၁၉၅၉ ခုနှစ်ထုတ် သတင်းစာများကို တွေ့ရှိရခြင်းဖြင့် ထိုခေတ်ကာလ၏ နိုင်ငံရေးအခြေအနေပုံရိပ်များကို မြင်တွေ့ရမည်ဖြစ်ပါသည်။
စားပွဲပေါ်တွင် “ကြည်ပဲပြုတ်နှင့်နံပြားရရင်စားချင်တယ်”ဟု ဗိုလ်ချုပ်လက်မှတ်ရေးထိုးထားသည့်စာနှင့်အတူ ပဲပြုတ်နှင့်နံပြားပြင်ဆင်ထားပုံကိုလည်း တွေ့မြင်ရမည်ဖြစ်ပါသည်။ ဗိုလ်ချုပ်၏ ငယ်ဘဝ၊ ကျောင်းသားဘဝ၊ မိသားစုဘဝ၊ နိုင်ငံ့ခေါင်းဆောင်ဘဝစသဖြင့် ဗိုလ်ချုပ်၏ ဘဝဖြစ်စဉ်များကို မြန်မာ- အင်္ဂလိပ်နှစ်ဘာသာဖြင့် ရှင်းလင်းပြသထားပါသည်။
ဤနေရာတွင် ဗိုလ်ချုပ်မွေးဖွားသည်မှ ကျဆုံးသည့်အချိန်ထိ ဘဝဖြစ်စဉ်အကျဉ်းချုပ်ကို ဖော်ပြရသော်-
“မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ခရစ်သက္ကရာဇ် ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ (မြန်မာသက္ကရာဇ် ၁၂၇၆ ခု တပေါင်းလဆန်း ၁ ရက် စနေနေ့) နံနက် သုံးချက်တီးအချိန်တွင် မကွေးတိုင်းနတ်မောက်မြို့ မြို့သူကြီးအိမ်၌ သန့်စင်ဖွားမြင်သည်။ ဗေဒင်ဆရာကဇာတာတွင် ထိန်လင်းဟု အမည်ရေးသော်လည်းအစ်ကိုဖြစ်သူ အောင်သန်းနှင့်လိုက်ဖက်အောင် အောင်ဆန်းဟု ခေါ်တွင်ပါသည်။
၁၉၂၂ (အသက် ခုနစ်နှစ်)တွင် နတ်မောက်မြို့ ဆရာတော်ဦးသောဘိတထံတွင် မူလတန်းပညာစတင်သင်ကြားခဲ့ပြီး ၁၉၃၂ တွင် ရေနံချောင်းအမျိုးသားအထက်တန်းကျောင်းမှ အထက်တန်းအောင်ကာ ရန်ကုန်တက္ကသိုလ်တက်ရောက်ခဲ့သည်။
၁၉၃၇ ခုနှစ်တွင် ခုံအမှတ် ၅၆ ဖြင့် ဝိဇ္ဇာတန်းအောင်မြင်ခဲ့ပြီး ဥပဒေပညာကို ဆည်းပူးလိုသောကြောင့် ၁၉၃၇-၁၉၃၈ တွင် ဘီအယ်လ်တန်းကို တက်ရောက်သင်ကြားခဲ့ပါသည်။
၁၉၃၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌအဖြစ်မှလည်းကောင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌအဖြစ်မှလည်းကောင်း နုတ်ထွက်ကာတို့ဗမာအစည်းအရုံးဝင် သခင်တစ်ယောက်အဖြစ် နိုင်ငံရေးလောကသို့ ခြေစုံပစ်၍ ဝင်ခဲ့သည်။
၁၉၄၀ ပြည့်နှစ် သြဂုတ်လ ၈ ရက်နေ့ ညနေစောင်း ၅ နာရီတွင် မြန်မာ့လွတ်လပ်ရေးအတွက် နိုင်ငံခြားအကူအညီယူရန် သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့သည် နော်ဝေပိုင်ဟိုင်လီ (Hai Lee)သင်္ဘောဖြင့် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံအမွိုင်သို့ ထွက်ခွာသည်။
၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ယိုးဒယားနိုင်ငံ ဘန်ကောက်မြို့၌ ရဲဘော်သုံးကျိပ်နှင့်အတူ ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဖွဲ့စည်း၍ ဗိုလ်တေဇအမည်ကို ခံယူသည်။
၁၉၄၂ ခုနှစ် စက်တင်ဘာ ၆ ရက် နေ့လယ် ၂ နာရီတွင် ဂျပန်ခေတ် ဆေးရုံကြီးအရှေ့ဘက် အစွန်ဆုံးခန်းမဆောင်တွင် ဒေါ်ခင်ကြည်နှင့် လက်ထပ်မင်္ဂလာပွဲကျင်းပကာ သားသမီးလေးဦး ထွန်းကားခဲ့ပါသည်။
၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် ဒေါက်တာဘမော်အစိုးရအဖွဲ့၌ စစ်ဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဘုရင်ခံ၏အမှုဆောင်ကောင်စီ၌ ဒုတိယသဘာပတိ ရာထူးကို လက်ခံသည်။
၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးစီးကာ ဗိုလ်ချုပ် အောင်ဆန်းနှင့် ဗြိတိသျှအစိုးရဝန်ကြီးချုပ် မစ္စတာအက်တလီတို့ ဘိလပ်၌ အောင်ဆန်း- အက်တလီစာချုပ်ကို ချုပ်ဆိုသည်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် တိုင်းရင်းသားသွေးစည်းညီညွတ်ရေးအတွက် ပင်လုံသဘောတူညီချက်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင် ၂၂ ဦး လက်မှတ်ရေးထိုးသည်။
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့တော်ခန်းမ၌ လူထုအစည်းအဝေးကျင်းပ၍ ဗိုလ်ချုပ်အောင်ဆန်းက လက်ရှိတိုင်းပြုပြည်ပြု လွှတ်တော်ပုံသဏ္ဌာန်နှင့် လွတ်လပ်ရေးတစ်နှစ်အတွင်းရစေရန် အာမခံကြောင်း မိန့်ခွန်းပြောကြားသည်။ (ဤမိန့်ခွန်းသည် ဗိုလ်ချုပ်၏ နောက်ဆုံး မိန့်ခွန်းဖြစ်သည်။)
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ အတွင်းဝန်များရုံး၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ အစည်းအဝေးပြုလုပ် နေစဉ်ဂဠုန်ဦးစော၏နောက်လိုက်လူသတ်သမားများ လက်ချက်ဖြင့် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇတ်၊ ဦးဘဝင်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၊ ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေးတို့ ကျဆုံးသည်။’’
ထမင်းစားခန်းတွင် အထက်ပါအကြောင်း အချက်များကိုလေ့လာပြီးသော်
ဧည့်ခန်း
ဗိုလ်ချုပ်နေအိမ်၏ဧည့်ခန်းသို့ ရောက်ရှိရာ ပန်းချီဆရာကြီး ဦးငွေကိုင်ရေးဆွဲခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း စိုက်ပျိုးရေးပြုလုပ်နေဟန် “အိမ်နောက်ဖေးဈေးဆိုင်တည်” ဆီဆေးပန်းချီကားကြီး၊ ဗိုလ်ချုပ်ကိုယ်တစ်ပိုင်းပုံ ပလာစတာရုပ်တု၊ ဗိုလ်ချုပ်အသုံးပြုခဲ့သော စားပွဲနှင့် ထိုင်ခုံဆက်တီများ၊ တင်ခုံပေါ်တွင် ဗိုလ်ချုပ်နားထောင်ခဲ့သည့် (Philip) အမျိုးအစားရေဒီယို၊ ဗိုလ်ချုပ်စာဖတ်နေဟန်ဆီလီကွန်ရုပ်တုကို ဗိုလ်ချုပ်အပန်းဖြေစဉ် အသုံးပြုသော နှစ်ဆင့်ပါစာအုပ်တင်ခုံ၊ လောင်းကုတ်ဝတ်ဆင်ထားသည့် ဗိုလ်ချုပ်အောင်ဆန်းပုံတူ မတ်ရပ်ပန်းချီကား နောက်ခံထားကာ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်၊ သားဦး အောင်ဆန်းဦး၊ သားလတ်အောင်ဆန်းလင်းတို့ ရိုက်ထားသော မိသားစုဓာတ်ပုံတို့ကို ပြသထားပါသည်။
ဧည့်ခန်းမှအထွက် လှေကား၏ဘေးတွင် ဗိုလ်ချုပ်အောင်ဆန်း ဖိနပ်ထိုင်စီးရာတွင် အသုံးပြုခဲ့သည့် ကုလားထိုင်ကိုလည်း ပြသထားပါသည်။ ဧည့်ခန်းထောင့်တွင် ဗိုလ်ချုပ်နှင့်အဖွဲ့ အောင်ဆန်း- အက်တလီစာချုပ်ချုပ်ဆိုရန် လန်ဒန်သို့အသွား အိန္ဒိယနိုင်ငံသို့ဝင်ရောက်၍ နိုင်ငံရေးကိစ္စများ ဆွေးနွေးစဉ် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ဂျဝါဟလ်လာမစ္စတာနေရူးက ဗိုလ်ချုပ်အောင်ဆန်းအား ၅-၁-၁၉၄၇ ရက်တွင် လက်ဆောင်ပေးအပ်ခဲ့သော သက္ကလပ်လောင်းကုတ်အင်္ကျီကို မတ်ရပ်မှန်ဗီရိုအတွင်း ပြသထားပြီး ၎င်းကုတ်အင်္ကျီပေါ်ရှိ ကြယ်သီးတွင် အိန္ဒိယဆေးပညာဆိုင်ရာ ဌာနအမည်နှင့် GRJ စာလုံးအမှတ်အသားပါရှိကာ ကုတ်အင်္ကျီသက်တမ်းမှာ ၇၇ နှစ်ကျော်ရှိပြီ ဖြစ်ပါသည်။
ဗိုလ်ချုပ်ဇနီးမောင်နှံအိပ်ခန်း
အပေါ်ထပ်သို့ လှေကားမှ ဆက်လက်တက်လာရာတွင် လှေကားထိပ်ဘယ်ဘက် ဗိုလ်ချုပ် ဇနီးမောင်နှံအိပ်ခန်းတွင် မှန်တင်ခုံတစ်ခု၊ ကျွန်းသားနှင့် ပြုလုပ်ထားသော လေးဆင့်မှန်ဗီရိုတစ်လုံးထဲတွင် ဗိုလ်ချုပ်ဝတ်ဆင်အသုံးပြုခဲ့သော အဝတ်အစား၊ စစ်ယူနီဖောင်း၊ အသုံးအဆောင်ပစ္စည်းများ၊ ဗိုလ်ချုပ်တို့ ဇနီးမောင်နှံအိပ်သော ကျွန်းခုတင်နှင့် မွေ့ရာ၊ ခေါင်းအုံးနှစ်လုံး၊ ခြင်ထောင်တို့ကို ပုံစံမပျက်ခင်းကျင်းပြသထားပြီး ခုတင်ခြေရင်းတွင် အဝတ်လှန်းစင်တစ်ခုကို တွေ့ရပါသည်။
၎င်းနှင့်ကပ်၍ ဗီရိုတွင် နိုင်ငံ့ခေါင်းဆောင်တစ်ယောက်အနေဖြင့် နိုင်ငံ့ကိစ္စများအတွက် အရေးပေါ်ခရီးထွက်ရာတွင် ယူဆောင်ရမည့် အဝတ်အစားအသုံးအဆောင်များ အဆင်သင့်ထည့်ထားသည့် သားရေသေတ္တာနှင့် ၎င်းသေတ္တာတွင်းရှိ စစ်အင်္ကျီနှစ်ထည်၊ ပိုးအင်္ကျီတစ်ထည်၊ စွပ်ကျယ်လက်စက နှစ်ထည်၊ ပိုးပုဆိုးသုံးထည်၊ အတွင်းခံဘောင်းဘီတို ခုနစ်ထည်၊ ဘောင်းဘီတိုနှစ်ထည်၊ အိပ်ရာခင်းတစ်ထည်၊ စောင်တစ်ထည်၊ ချည်သားစပို့ရှပ်အင်္ကျီနှစ်ထည်၊ စွပ်ကျယ်တစ်ထည်၊ လက်ကိုင်ပဝါတစ်ထည်စသည်တို့တွေ့ရပြီး ထူးခြားချက်အနေဖြင့် အချို့သောအဝတ်အစား၊ အသုံးအဆောင်များတွင် ဗိုလ်ချုပ်အောင်ဆန်း၏အမည် အတိုကောက် AS ဆိုသည့် စာလုံးရေးထိုးထားသည့် အဝတ်အထည်များကိုလည်း တွေ့ရပေသည်။
ဘုရားဆောင်
ဗိုလ်ချုပ်ပြတိုက်၏ သက်တမ်းသည် နှစ်ပေါင်းရာကျော်နေပြီဖြစ်သဖြင့် ပြတိုက်ရေရှည်တည်တံ့စေရန်နှင့် ပြတိုက်၏ကြံ့ခိုင်မှုအတွက် ဘုရားဆောင်ပေါ်သို့ အများပြည်သူတို့ တက်ရောက်ခွင့်မပြုနိုင်ပါသဖြင့် အခန်းထောင့်တွင် အပေါ်ထပ်ဘုရားဆောင်သို့တက်သည့် လှေကားဘေးရှိ ဘုတ်ပြားပေါ်တွင် ဗိုလ်ချုပ်နတ်မောက်မြို့၌ နေထိုင်ခဲ့စဉ်က ကိုးကွယ်ခဲ့သော ဗုဒ္ဓဆင်းတုတော်ပုံ၊ ဗိုလ်ချုပ်၏ ဘုရားဆောင်မှ ဘုရားစင်ပုံ၊ ဘုရားဆောင် ပြတင်းပေါက်မှ ဖူးမြင်ရသော ရွှေကြက်ယက်ဘုရားရှုခင်းပုံနှင့် ရွှေတိဂုံဘုရားရှုခင်းပုံများအား ကြည်ညိုဖွယ်ပြသထားပါသည်။
စာကြည့်ခန်း
စာကြည့်ခန်းသို့ ဆက်လက်လေ့လာလျှင် ဗိုလ်ချုပ်စာရေးသော စာရေးစားပွဲခုံနှင့် ထိုင်ခုံတစ်လုံးစီခင်းကျင်းပြသထားရာ စားပွဲခုံကြီး၏ ဘေးတစ်ဖက်စီတွင် စာအုပ်တင်စင်အလွတ်တစ်လုံးစီရှိပါသည်။ စားပွဲခုံ၏ ရှေ့တွင်လည်း ထိုင်ခုံနှစ်လုံးချထားပါသည်။
စာကြည့်စားပွဲခုံ၏ဘေးနံရံတွင် အဆင့်လေးဆင့်ပါရှိသော စာအုပ်ဗီရိုကြီးထဲ၌ စွယ်စုံကျမ်းများ၊ စစ်သမိုင်းများ၊ ဘောဂဗေဒကျမ်းများ၊ နိုင်ငံရေးဆိုင်ရာ၊ သမိုင်းဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ ပထဝီဝင်ဆိုင်ရာစာအုပ်များ ပြသထားရာ အများဆုံးမှာ နိုင်ငံရေးဆိုင်ရာ စာအုပ်များဖြစ်ပြီး အင်္ဂလိပ်ဘာသာ ၂၃၉ အုပ်၊ မြန်မာဘာသာနှစ်အုပ် စုစုပေါင်းပြတိုက်စာရင်းအရ ဗိုလ်ချုပ်ဖတ်ရှုလေ့လာခဲ့သောစာအုပ် ၂၄၁ အုပ် တွေ့ရပေသည်။
မြန်မာဘာသာဖြင့် ရေးသားထားသော စာအုပ်နှစ်အုပ်မှာ သုသောဘိသရာဇဝင်နှင့် မဏိကုဏ္ဍလဝတ္ထုတို့ဖြစ်ပြီး အင်္ဂလိပ်ဘာသာစာအုပ်များအနက် ၁၈၉၇ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေထားသည့် With the Jungle Folk စာအုပ်သည် အစောဆုံးပုံနှိပ် ထုတ်ဝေသည့် စာအုပ်ဖြစ်ပြီး မြန်မာ့ကျေးလက်နေပြည်သူများ၏ နေ့စဉ်လူနေမှုဘဝအကြောင်း သရုပ်ဖော်ရေးသားထားခြင်းဖြစ်သည်။ ဗိုလ်ချုပ်ကျဆုံးချိန်တွင် အသက် ၃၂ နှစ်သာ ရှိသေးသော်လည်း ဗိုလ်ချုပ်ဖတ်ခဲ့သည့် စာအုပ်များမှာ အင်္ဂလိပ်ဘာသာဖြင့် အများအပြားတွေ့ရှိရပြီး ဘာသာရပ်စုံလေ့လာဖတ်ရှုခဲ့သည်ကို တွေ့ရှိရသဖြင့် ဗိုလ်ချုပ်၏ စာဖတ်အားကောင်းမှုကို ယနေ့လူငယ်များ အားကျအတုယူဖွယ်ဖြစ်ပါသည်။
ကလေးများအိပ်ခန်း
ကလေးများအိပ်ခန်းနံရံ၏ ထောင့်တွင် ကိုယ်လုံးပေါ်မှန်၊ အဝတ်လှန်းစင်တစ်ခု၊ အောင်ဆန်းလင်းအဝတ်အစားများထည့်ထားသော ဗီရိုတစ်လုံးတို့ရှိပါသည်။ ထို့နောက် စိန့်ပေါလ်ကျောင်း (ယခု အထက(၆) ဗိုလ်တထောင်)တွင် ဒုတိယတန်းတက်နေသည့် အောင်ဆန်းလင်း၏ ကျောင်းသင်ခန်းစာဖတ်စာအုပ်များနှင့် လေ့ကျင့်ခန်းစာအုပ်များကိုပြသထားရာ ထိုခေတ်၏ ဒုတိယတန်းတွင် သင်ကြားသော သမိုင်း၊ ပထဝီ၊ သင်္ချာ၊ အင်္ဂလိပ်စာသင်ရိုးညွှန်းတမ်းနှင့် ပညာရေးစနစ် အဆင့်မြင့်မားမှု၊ စနစ်ကျမှုကိုလည်း တွေ့မြင်နိုင်ပေသည်။
ထိုစဉ်က အသုံးပြုခဲ့သည့် စီးကရက်ဘူးခွံများကို ကလေးများကစားရန် ကစားစရာကတ်လေးများ (Playing Card) ပြုလုပ်ပေးထားသည့်ကတ်များ ကိုလည်း ပြသထားပြီး အချို့ကတ်များတွင် ကလေးများ၏နာမည် အတိုကောက်စာလုံးများဖြစ်သည့် ASL, ASU ဟု ရေးထိုးထားသည်ကို တွေ့မြင်ရပါသည်။ ထို့ပြင် အောင်ဆန်းလင်းရေနစ်သေဆုံးသည့် ၁၆-၁-၁၉၅၃ ရက်နေ့တွင် စာသင်ကြားခဲ့သည့် လက်ရေးမူကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် မှန်ဗီရိုဖြင့် ထည့်သွင်းပြသထားပါသည်။
၎င်းအိပ်ခန်းအလယ်တွင် အောင်ဆန်းဦး၊ အောင်ဆန်းလင်း၊ အောင်ဆန်းစုကြည်တို့အိပ်သည့် ခုတင်သုံးလုံးကို မွေ့ရာ၊ ခေါင်းအုံး၊ ခြင်ထောင်များဖြင့် ခင်းကျင်းပြသထားပါသည်။ ဤအခန်းတွင် ဗိုလ်ချုပ်ပြတိုက်သမိုင်းကြောင်း၊ ဗိုလ်ချုပ်၏ ငယ်ဘဝ၊ ကျောင်းသားဘဝ၊ မိသားစုဘဝ၊ နိုင်ငံ့ခေါင်းဆောင်ဘဝ စသဖြင့် ဗိုလ်ချုပ်၏ ဘဝဖြစ်စဉ်များကို မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့်လည်းကောင်း၊ မိန့်ခွန်းများ၊ လက်ရေးမူများ၊ ဗိုလ်ချုပ်ပုံဖြင့် ထုတ်ဝေထားသော ငွေစက္ကူပုံများကိုလည်းကောင်း Touch Screen တွင်ထည့်သွင်း၍ Digital နည်းဖြင့် ပြသထားပါသည်။
အထူးအစည်းအဝေးခန်း
ကလေးများ၏ အိပ်ခန်းမှထွက်လျှင် အထူးအစည်းအဝေးခန်းသို့ ရောက်ရှိပါသည်။ အစည်းအဝေးခန်းမတွင် လက်တင်ကျောမှီ ပက်လက်ထိုင်ခုံနှင့် စာအုပ်တင်ခုံတစ်လုံးရှိပြီး အလယ်တွင် စားပွဲဝိုင်းနှင့် ထိုင်ခုံလေးလုံးကို ခင်းကျင်းထားပြီး စားပွဲဝိုင်း၏ အနောက်ဘက်နံရံပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်များကို မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့် ရေးသားဖော်ပြထားပါသည်။ ဗိုလ်ချုပ်အသက်ရှင်စဉ်ကာလ ဤအိမ်ကြီးတွင် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးအတွက် သမိုင်းဝင်အရေးကြီးသည့်အစည်းအဝေးများ ကျင်းပခဲ့ကြောင်း မြန်မာ့ရက်စဉ်သမိုင်းတွင် လေ့လာရပေသည်။
ကလေးများအိပ်ခန်း၊ စာကြည့်ခန်း၊ အထူးအစည်းအဝေးခန်းတို့တွင် သန့်စင်ခန်း၊ ရေချိုးခန်းတွဲလျက်ပါရှိပါသည်။ ချက်ပြုတ်ရန် မီးဖိုချောင်ကို အောက်ထပ်အိမ်မကြီး၏ မြောက်ဘက်တွင် ဆောက်လုပ်ထားပါသည်။
နေအိမ်၏ အနောက်ဘက်ပတ်လမ်းအတိုင်း ဆက်လျှောက်ပါက စိုက်ပျိုးရေးပြုလုပ်နေဟန် ဗိုလ်ချုပ်ရုပ်တုနှင့် သီးပင်စားပင်များ ဝေဆာနေသော ဗိုလ်ချုပ်စိုက်ခင်းကို တွေ့ရမည်ဖြစ်ပါသည်။ စိုက်ခင်းဘေးပတ်လမ်းအတိုင်းကြည့်ပါက ဗိုလ်ချုပ်၏ ဒုတိယသားအောင်ဆန်းလင်း ရေနစ်ကွယ်လွန်ခဲ့သော ရေကန်ကို တွေ့ရသည်။ ၎င်းရေကန်ရှေ့တွင် “၁၉၅၃ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ဒုတိယသား အောင်ဆန်းလင်း ရေနစ်၍ ကွယ်လွန်ခဲ့သည့်ရေကန်” ဟု ရှင်းလင်းဖော်ပြ ထားသည့် ဆိုင်းဘုတ်ကို တွေ့ရမည်ဖြစ်ပါသည်။
ဗိုလ်ချုပ်အသုံးပြုသွားခဲ့သည့် မော်တော်ကား
၁၉၄၅ ခုနှစ်မှ ၁၉၄၇ ခုနှစ် ဗိုလ်ချုပ်ကျဆုံးသည်အထိ အသုံးပြုသွားခဲ့သည့် အင်္ဂလန်နိုင်ငံထုတ် Wolseley အမျိုးအစား မော်တော်ကားကို ကားဂိုဒေါင်အတွင်း မှန်ဖြင့်ကာရံပြသထားပါသည်။ Wolseley Motors Limited ကုမ္ပဏီကို ၁၉၀၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဇိမ်ခံကားထုတ်လုပ်ခြင်းဖြင့် ကားဈေးကွက်ကို လွှမ်းမိုးထားသော ကုမ္ပဏီတစ်ခုဖြစ်သည်။ မူလစီးနေသော ဂျစ်ကား အမှတ်(၆၆)အစား ပြောင်းလဲပေးအပ်ခြင်း ဖြစ်သည်။
(၇၇) နှစ်မြောက် အာဇာနည်နေ့ အထူးပြပွဲခင်းကျင်းပြသရေး
ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည်မှာ ယခုနှစ်တွင် (၇၇) နှစ် မြောက် ရှိခဲ့ပြီဖြစ်သည်။ ယခုနှစ် (၇၇) နှစ်မြောက် အာဇာနည်နေ့တွင် အများပြည်သူ လာရောက်လေ့လာနိုင်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)ကို ထိန်းသိမ်းဆောင်ရွက် မှုများ ပြုလုပ်ပြီးဖြစ်သလို အထူးပြပွဲခင်းကျင်းပြသရေး (Special Exhibition) ကိုလည်း နည်းလမ်းနှစ်သွယ်ဖြင့် ခင်းကျင်းပြသသွားမည် ဖြစ်ပါသည်။
(၁) ပုံမှန်ခင်းကျင်းပြသခြင်းပြကွက် (Tra-ditional Exhibition)အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် အတက်လမ်းနှင့် အဆင်းလမ်းတွင် ယခင်နှစ်များကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း၏ အသုံးအဆောင်များနှင့် လက်ရေးမူများအား စတစ်ကာဗီနိုင်းဘုတ်ပြားများဖြင့် ပြသမည့်ပြကွက်ကို ခင်းကျင်းပြသသွားမည် ဖြစ်ပါသည်။
(၂) အိုင်တီနည်းပညာဖြင့် ခင်းကျင်းမှု ပြကွက် (Digital Exhibition) အနေဖြင့်
(က) အိုင်တီနည်းပညာဖြင့် ဗိုလ်ချုပ် အောင်ဆန်းနေအိမ် ဗိသုကာဒီဇိုင်းနှင့် မြေယာရှုခင်းများအား
Animation Video Clip ပြကွက်၊
(ခ) 3D Holographic Fan ဖြင့် ဗိုလ်ချုပ် အောင်ဆန်း၏မိန့်ခွန်းများပြကွက်၊
(ဂ) အိုင်တီနည်းပညာဖြင့် Offline Web
Page ဖြင့် ပြသမည့်ပြကွက်တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ အများပြည်သူတို့ လာရောက်လေ့လာစဉ် သတိမမူမိသည့်(Hiding Objects) ပြသပစ္စည်းများကို ဓာတ်ပုံရိုက်ကူး ပြသထားသည့် ပြကွက်၊ အိုင်တီနည်းပညာဖြင့် ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ဗိသုကာဒီဇိုင်းနှင့် မြေယာရှုခင်းများအား Virtual Tour ပြကွက်၊ အိုင်တီနည်းပညာဖြင့် နှစ်အလိုက်အထူးပြပွဲခင်းကျင်းပြသသည့် ဓာတ်ပုံမှတ်တမ်းများ ပြကွက်၊
(ဃ) အိုင်တီနည်းပညာဖြင့် ဗိုလ်ချုပ် အောင်ဆန်းပြတိုက်နှင့် ဗိုလ်ချုပ်အောင်ဆန်းဘဝအကြောင်း ဗဟုသုတရရှိစေရန်ဉာဏ်စမ်းမေးခွန်း လွှာဖြေဆို၍ ဆုလက်ဆောင်များ ပေးခြင်းအပါအဝင် စသည့် အိုင်တီ နည်းပညာဖြင့် ခင်းကျင်းမှုပြကွက်များကို ခင်းကျင်းပြသပါမည်။
အိုင်တီနည်းပညာဖြင့် ခင်းကျင်းမှုပြကွက် (Digital Exhibition) ဖန်တီးမှုအတွက် 55" Interactive Touch Screen ခြောက်လုံးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပံ့ပိုးကူညီထားပြီး အမျိုးသားပြတိုက်(ရန်ကုန်)မှ ဝန်ထမ်းများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (နေပြည်တော်)မှ ပံ့ပိုးကူညီမှုနှင့် Myanmar ICT solution Co.,ltd တို့ ပူးပေါင်းကူညီဆောင်ရွက်ပေးကြပါသည်။
ယခုနှစ် (၇၇)နှစ်မြောက်အာဇာနည်နေ့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်) အထူးပြပွဲခင်းကျင်းပြသခြင်း(Special Exhibition)သည် ယခင်နှစ်များနှင့်မတူ နည်းပညာအသုံးပြုခင်းကျင်းပြသထားရာ ပြည်သူများ လာရောက်လေ့လာပြီးလျှင် ဗိုလ်ချုပ်အောင်ဆန်းဘဝဖြစ်စဉ်နှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၏ လေ့လာသိရှိဖွယ် ဗဟုသုတများကို သိရှိနိုင်ပြီး လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်များနှင့် တိုင်းပြည်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်လိုစိတ် ဖြစ်ပေါ်လာပေမည် ဖြစ်ပေရာ (၇၇)နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)သို့ လာရောက်လေ့လာပါရန် ဖိတ်ခေါ်အပ်ပါသည်။
ကိုးကား
၁။ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရ။ မြန်မာ့ရက်စဉ်သမိုင်း (အကြိုသမိုင်းကာလမှ ၁၉၄၅ အထိ) ပထမတွဲ
၂။ ကျော်ငြိမ်း၊ဦး၊ မြန်မာ့သမိုင်းအဖွဲ့။ မြန်မာ့ ရက်စဉ်သမိုင်း (၁၉၄၅-၄၈) ဒုတိယတွဲ၊ အပိုင်း(၁)
၃။ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ။ (၂၀၂၀)၊ မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း
၄။ သီသီသောင်း၊ ဒေါ်၊ (၂၀၂၁၊ ၂၀၂၂)၊ ဆောင်းပါး များ၊ ကြေးမုံသတင်းစာ၊ မြန်မာ့အလင်း သတင်းစာ
၅။ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၊ ပြတိုက်မှူး ဘဝလေ့လာချက်များ
