ရေကြောင်းအရာရှိလောင်းဒီပလိုမာသင်တန်းသားများ၏ ပင်လယ်ပြင်လေ့ကျင့်ရေးခရီး
ဒေါက်တာဌေးကြွယ် (MMMC)
မြန်မာနိုင်ငံသည် ကမ်းရိုးတန်းအရှည် ၁၂၆၀ ဒသမ ၀၅၆ ရေမိုင်ကို ပိုင်ဆိုင်ထားပြီး အိန္ဒိယသမုဒ္ဒရာ၊ ဘင်္ဂလားပင်လယ်အော်တို့နှင့် ဆက်စပ်ပင်လယ် ရေလမ်းကြောင်းများရှိခြင်းကြောင့် ရေကြောင်းဆိုင်ရာအကျိုးစီးပွားဖော်ဆောင်မှုအတွက် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် များစွာအရေးပါသည့်အားလျော်စွာ ရေကြောင်းကုန်သွယ်မှုသည်လည်း အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။
ရေကြောင်းကုန်သွယ်မှု လုပ်ငန်းများသည် ပြည်တွင်းသယ်ယူပို့ဆောင်ရေးအတွက်သာမက ကမ္ဘာ့ကုန်သွယ်မှုများ၌ပါ နိုင်ငံ့စီးပွားရေးမြှင့်တင်မှု အခန်းကဏ္ဍတွင် အရေးပါပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ မောင်းနှင်အားအဖြစ် ကျောထောက်နောက်ခံပြုလျက်ရှိပါသည်။ ကမ္ဘာ့ကုန်သွယ်မှု၏ ၉၀ ရာခိုင်နှုန်းမှာလည်း ကုန်ကျစရိတ်အသက်သာဆုံး ဖြစ်သည့် ပင်လယ်ရေကြောင်းဖြင့်ပင် သယ်ယူပို့ဆောင်ပေးကြရသည့်အတွက် ပင်လယ်ရေကြောင်းကုန်သွယ်မှုသည် နိုင်ငံတကာကုန်သွယ်မှုနှင့် ကမ္ဘာ့စီးပွားရေး၏ အသက်သွေးကြောတစ်ခုအဖြစ် အမြဲရပ်တည်လျက်ရှိသည်။
ရေကြောင်းဆိုင်ရာ အကျိုးစီးပွားမြှင့်တင်ရာတွင် ရေကြောင်းကုန်သွယ်မှုလုပ်ငန်းများအတွက် အရည်အသွေးနှင့် အရည်အချင်းရှိသော ပင်လယ်ပြင်အသက်မွေးဝမ်းကျောင်းပြုသူ (Seafarer) များကို နိုင်ငံတိုင်းတွင် အစဉ်အမြဲလိုအပ်လျက်ရှိနေပါသည်။ လူ့စွမ်းအားများမွေးထုတ်ပေးရေးသည် နိုင်ငံ့မျှော်မှန်းချက်ဖြစ်သည်နှင့်အညီ စဉ်ဆက်မပြတ်မွေးထုတ် ပေးနိုင်ရန်လည်း လိုအပ်ပါသည်။
ထိုလိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရန်အတွက် မြန်မာနိုင်ငံကုန်သွယ် ရေကြောင်းကောလိပ်အနေဖြင့် ရေကြောင်းပညာ ကျွမ်းကျင်သော လူ့စွမ်းအားအရင်းအမြစ်များကို ၁၉၆၃ ခုနှစ်မှစတင်ကာ ယနေ့အချိန်ထိ နှစ်ပေါင်း ၆၀ ကျော်ကာလအတွင်း စဉ်ဆက်မပြတ် လေ့ကျင့်မွေးထုတ်ပေးလျက်ရှိပြီး ရေကြောင်းပို့ဆောင်ရေး ကဏ္ဍများအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက်ရှိပါသည်။
သမိုင်းအစဉ်အလာကောင်းများနှင့် မျှော်မှန်းချက်၊ ရည်မှန်းချက်ကို အကောင်အထည်ဖော်
မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၏ သမိုင်းကြောင်းအရ ၁၉၆၃ ခုနှစ်တွင် ကာကွယ်ရေးဝန်ကြီးဌာန၊ သယ်ယူပို့ဆောင်ရေးနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနစသည့် ဝန်ကြီးဌာနသုံးခုတို့ပူးပေါင်းပြီး တပ်မတော်ရေတပ်လေ့ကျင့်ရေးကျောင်း (ဆိပ်ကြီး) တွင် ကုန်သွယ်ရေကြောင်းအရာရှိလောင်း သင်တန်းသား ၂၆ ဦးနှင့် စတင်သန္ဓေတည်ကာ ရေကြောင်းပညာရပ်များကို သင်ကြားလေ့ကျင့်ပေးခဲ့ပါသည်။ ၁၉၇၂ ခုနှစ် မှစတင်၍ ရေကြောင်းပညာသိပ္ပံအဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်အမည် ဖြင့်လည်းကောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ အုပ်ချုပ်မှုအောက်၌ရေကြောင်း အတတ်ပညာများကို နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ သင်ကြားလေ့ကျင့်ပေးနေသည့်အတွက် အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ချုပ်၏ အသိအမှတ်ပြုမှုရရှိထားကာ သမိုင်းအစဉ်အလာကောင်းများရှိသော ကောလိပ်တစ်ခုအဖြစ် ဂုဏ်သိက္ခာရှိစွာ ရပ်တည်လျက်ရှိပါသည်။
မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်သည် ရေကြောင်းပညာရပ်များ၊ ရေကြောင်း အင်ဂျင်နီယာပညာရပ်များနှင့် ရေကြောင်းလျှပ်စစ် နည်းပညာရပ်များကို အနိမ့်ဆုံးသင်္ဘောသားများ တတ်မြောက်ရန်လိုအပ်သည့်အခြေခံအဆင့်မှ အမြင့်ဆုံးရေယာဉ်မှူးကြီး၊ အင်ဂျင်နီယာမှူးကြီးများ တတ်မြောက်ရန်လိုအပ်သော အထက်တန်းအဆင့်အထိ သင်ကြားပို့ချရန်နှင့် ရေကြောင်းဘက်ဆိုင်ရာ ပညာရပ်များနှင့်စပ်လျဉ်း၍ သုတေသနလုပ်ငန်း များဆောင်ရွက်နိုင်ရန် မျှော်မှန်းချက်၊ ရည်မှန်း ချက်ထားရှိပြီး သင်ကြားလေ့ကျင့်ပေးလျက်ရှိပါသည်။
မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ် အနေဖြင့် ၁၉၆၃ ခုနှစ်ကတည်းကပင် ယနေ့အချိန် အထိ ရေကြောင်းအရာရှိလောင်း ၂၈၅၅ ဦး၊ ရေကြောင်းအင်ဂျင်နီယာအရာရှိလောင်းနှင့် ရေကြောင်း လျှပ်စစ်နည်းပညာအရာရှိလောင်း ၂၈၁၂ ဦး စုစုပေါင်းအရာရှိလောင်း ၅၆၆၇ ဦးတို့ကို မွေးထုတ် ပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။ ထို့အပြင် ရေကြောင်းအရာရှိ ၈၇၄၁၅ ဦး၊ အင်ဂျင်နီယာအရာရှိ ၂၉၁၀၇ ဦး၊ အခြားအဆင့်သင်္ဘောသား ၁၅၅၅၀၆ ဦး တို့ကိုလည်း လေ့ကျင့်သင်ကြားပေးခဲ့ရာ စုစုပေါင်း ၂၇၇၆၉၅ ဦးအထိ မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ ကျောင်းဆင်းအရာရှိလောင်း အားလုံးမှာလည်း အလုပ်အကိုင်အခွင့်အလမ်းရာနှုန်းပြည့် ရရှိခဲ့ကြပါသည်။ ဤသို့ဖြင့် နိုင်ငံသားတို့၏ အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း သမိုင်းအထောက်အထား ကိန်းဂဏန်းအချက်အလက်များဖြင့် ပုံရိပ်ကောင်းများကို ဆက်လက်ဖော်ဆောင်ပေးလျက်ရှိပါသည်။
မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်သည် Quality Management System (QMS)ကို ထူထောင်ထားပြီး ၂၀၀၇ ခုနှစ် ဇူလိုင်လ ၆ ရက် နေ့တွင် ISO 9001:2000 Certification လက်မှတ် (Certificate No. BGK 0403950) ကိုလည်းကောင်း၊ ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ISO 9001:2008 Certificationလက်မှတ်ကိုလည်းကောင်း ရရှိခဲ့ပါသည်။ ယခုအခါတွင် (ISO 9001:2015) Quality Management System for Maritime Education Training လက်မှတ် (Certificate No.59571) ကို ရယူထားပါသည်။ ISO က သတ်မှတ်ထားသော အရည်အသွေးစံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး နှစ်စဉ် ISO ၏ စစ်ဆေးမှုများအပေါ် အောင်မြင်ခဲ့သည့် အသိအမှတ်ပြုလက်မှတ်များကို ရရှိထားပြီးဖြစ်ပါ သည်။
မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်အနေဖြင့် အရာရှိလောင်းတို့အား အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ချုပ် (IMO) ၏ ရေကြောင်းပညာရေးနှင့် လေ့ကျင့်ရေးစံချိန်စံညွှန်းများနှင့်အညီ သင်ကြားလေ့ကျင့်ပေးလျက်ရှိပြီး IMO ၏ Standards of Training Certification and Watch keeping for Seafarers (STCW Convention) နှင့်အညီ လိုက်နာဆောင်ရွက်ရပါသည်။ သို့ဖြစ်၍ အခြားသောရေကြောင်းဘက်ဆိုင်ရာ အဖွဲ့အစည်းများနည်းတူ IMO ၏ သီးခြားလွတ်လပ်သော အကဲဖြတ်အဖွဲ့ (Independent Evalution Team ) ၏ (၅)နှစ်လျှင် တစ်ကြိမ် စစ်ဆေးမှုရှိပါသည်။
မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်တွင် အရာရှိလောင်းများကို ခေတ်မီသင်ထောက်ကူ ပစ္စည်းများ၊ အဆင့်မြင့်Simulatorများနှင့်သာမက လက်တွေ့ခန်း (Lab Room) များ၊ ရေကူးကန်၊ Smoke House နှင့် Work Shop များဖြင့် “သင်ကြားရေးနှင့်လေ့ကျင့်ရေး”-“Education and Training” တို့ကို ဟန်ချက်ညီညီ စနစ်တကျသင်ကြား လေ့ကျင့်ပေးနေပါသည်။ ထို့အပြင် ပင်လယ်ပြင်ခရီးစဉ်တွင် အရာရှိလောင်းများကိုယ်တိုင် လက်တွေ့ကျကျလေ့ကျင့်နိုင်ရန် (Sea Training) ခရီးစဉ်ကိုလည်းရေးဆွဲလျက် စာပေသင်ကြားခဲ့မှုနှင့် လက်တွေ့လုပ်ငန်းခွင်ဆက်စပ်သည့် စာတွေ့၊ လက်တွေ့ပေါင်းစပ်မှု၏ဆန်းစစ်မှုကို ရေယာဉ်ပေါ်တွင် On Job Training အဖြစ် ထိထိရောက်ရောက် လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။
အရာရှိလောင်း ဒီပလိုမာသင်တန်းသားများ၏ ပင်လယ်ပြင်လေ့ကျင့်ရေးခရီး
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) တို့၏ ကူညီပံ့ပိုးမှုတို့ဖြင့်အရာရှိလောင်း ဒီပလိုမာသင်တန်းသားများ၏ ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ရေး ခရီးစဉ် (၁/၂၀၂၄) ကို တပ်မတော် (ရေ) မှ စစ်ရေယာဉ် (ချင်းတွင်း) နှင့် “ရန်ကုန် - ကိုကိုးကျွန်း - ဟိုင်းကြီးကျွန်း - ရန်ကုန်” ခရီးစဉ်အဖြစ် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၈ ရက်အထိ ခြောက်ရက်တာ သွားရောက်လေ့ကျင့် ခဲ့ကြပါသည်။
မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်မှ ရေကြောင်းပညာဌာနမှူး ကပ္ပတိန် ဦးကျော်ကျော် ဝင်းက ဦးဆောင်ပြီးအုပ်ချုပ်သူ၊ နည်းပြ ၂၀ နှင့်အတူ ရေကြောင်းပညာ (Nautical Studied) အထူးပြုသင်တန်းသား၊ ပထမနှစ်အရာရှိလောင်း ၁၂၁ ဦး၊ ဒုတိယနှစ်အရာရှိလောင်း ၉၀ ၊ ရေကြောင်းအင်ဂျင်နီယာ (Maritime Technology)အထူးပြု သင်တန်းသား၊ ပထမနှစ်အရာရှိလောင်း ၁၂၃ ဦး၊ ဒုတိယနှစ်အရာရှိလောင်း ၈၀ ၊ ရေကြောင်းလျှပ်စစ် နည်းပညာ (Marine Electrical Technology) အထူးပြုသင်တန်းသား၊ ပထမနှစ်နှင့် ဒုတိယနှစ် အရာရှိလောင်း ၄၇ ဦး စုစုပေါင်းအရာရှိလောင်း ၄၆၁ ဦး တို့လိုက်ပါခဲ့ကြကာ သက်ဆိုင်ရာရေကြောင်း ပညာရပ်တို့ကို နိုင်ငံတော်ကစီမံပေးခဲ့သော စစ်ရေယာဉ် (ချင်းတွင်း) ပေါ်တွင် လက်တွေ့လေ့ကျင့်ခဲ့ကြပါသည်။
ပင်လယ်ပြင်လေ့ကျင့်ရေးခရီးစဉ်သို့လိုက်ပါကြ မည့် အရာရှိလောင်းတို့အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် ချိတ်ဆက်ကာ ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲပိုင်းတွင် သီလဝါ၊ ဟွန်ဒိုင်း ဆိပ်ကမ်းသို့ ပို့ဆောင်ပေးခဲ့ကြပြီး မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် ဌာနမှူးများ၊ ဆရာဆရာမများ၊ ဝန်ထမ်းများက လိုက်ပါပို့ဆောင်ခဲ့ကြပါသည်။ ဆိပ်ခံတံတားမှ ရေယာဉ်စတင်မထွက်ခွာမီ ကျောင်းအုပ်ကြီးက အရာရှိလောင်းတို့အား လမ်းခရီးတစ်လျှောက် ကြုံတွေ့လာနိုင်မှုများအပေါ် သတိပြုလိုက်နာ ဆင်ခြင်သင့်သည့်အချက်များကို မှာကြားခဲ့ကာ ခရီးစဉ်တစ်ခုလုံး အဆင်ပြေချောမွေ့ပါစေကြောင်း ဆုတောင်းမေတ္တာစကား မြွက်ကြားခဲ့ပါသည်။
အရာရှိလောင်းတို့လိုက်ပါလာသော ချင်းတွင်း ရေယာဉ်သည် ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲ ၂ နာရီ ကျော်တွင် ဆိပ်ကမ်းမှ စတင်ထွက်ခွာကာ ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲပိုင်းတွင် ကိုကိုးကျွန်းသို့ ရောက်ရှိ ခဲ့ကြပြီး မွန်းလွဲ ၂ နာရီ မိနစ် ၄၀ တွင် ကိုကိုးကျွန်း ဆိပ်ခံတံတား၌ ဆိုက်ကပ်ရပ်နားခဲ့သည်။ ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၇ နာရီခွဲတွင် အရာရှိလောင်းတို့အား ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ အမှတ်(၃)စစ်ဗျူဟာမှူး၊ နယ်မြေခံရေတပ်အခြေစိုက် စခန်းမှူး၊ လေတပ်စခန်း စခန်းမှူးတို့အပါအဝင် ကိုကိုးကျွန်း မြို့နယ်မှ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ရပ်မိရပ်ဖများက နွေးထွေးစွာကြိုဆိုခဲ့ကြပါသည်။ ထို့နောက် မြို့နယ်ခန်းမ၌ ကိုကိုးကျွန်းနှင့်ပတ်သက်သည့် ဒေသန္တရအချက်အလက်များ၊ သမိုင်းကြောင်းများကို အရာရှိလောင်းများအား သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းပြောကြားကြပါသည်။
အရာရှိလောင်းတို့သည် ကိုကိုးကျွန်းကမ်းခြေတစ်ဝိုက်ရှိ ဂျပန်ခေတ်က ခံကတုတ်ဘန်ကာများနှင့် မြို့နယ်ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။
ထို့နောက် အရာရှိလောင်းများနှင့် အုပ်ချုပ်သူဆရာများက ကိုကိုးကျွန်းရှိ ဘုရားစေတီများနှင့် ဘုန်းကြီးကျောင်းများသို့လည်းကောင်း၊ ဆေးရုံ၊ အထက်တန်းကျောင်း၊ မူကြိုကျောင်း၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးများသို့လည်းကောင်း အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် အရာရှိလောင်းတို့သည် ကိုကိုးကျွန်းကမ်းခြေ၌ ရေကူးခြင်း၊ သဲသောင်ပြင်တွင် ဘောလုံး၊ ဘော်လီဘော၊ ခြင်းလုံးစသည့် ကြိုက်နှစ်သက်ရာတို့ကို ပျော်ရွှင်စွာကစားခဲ့ကြပါသည်။
ချင်းတွင်းရေယာဉ်သည် ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၅နာရီခွဲတွင် ကိုကိုးကျွန်းမှ ပြန်လည်ထွက်ခွာလာခဲ့ပြီး ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၇နာရီခွဲတွင် ဟိုင်းကြီးကျွန်းပမ္မဝတီရေတပ်စခန်း ဌာနချုပ်ဆိပ်ခံတံတားသို့ ဆိုက်ကပ်ခဲ့ပါသည်။ ယင်းနေ့နံနက်တွင် ပမ္မဝတီရေတပ်စခန်း ဌာနချုပ်ခန်းမ၌ ဒုတိယဌာနချုပ်မှူးက အရာရှိလောင်းတို့အား ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားပြီး အခြားတာဝန်ရှိသူများက ဟိုင်းကြီးကျွန်းဆိုင်ရာအချက်အလက်များ၊ မော်တင်စွန်းဘုရား၏ သမိုင်းကြောင်းများကို ပါဝါပွိုင့်များနှင့်တကွ ရှင်းလင်းပြသခဲ့ကြသည်။ ထို့နောက် ပမ္မဝတီရေတပ်စခန်းဌာနချုပ်၏ စီစဉ်ပေးမှုဖြင့် ဆံတော်ရှင်မော်တင်စွန်းဘုရားသို့ သွားရောက်ဖူးမြော်ကြပြီး ဘုရားဂေါပကလူကြီးများထံ အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြသည်။ ထို့အပြင် သမိုင်းဝင်သူရဲကောင်း မင်းရဲကောင်းပုံ၏ ကျူးကျော်သူနယ်ချဲ့တို့အား ချေမှုန်းတိုက်ခိုက်ခဲ့ သောနေရာကိုလည်း ဝင်ရောက်လေ့လာခဲ့ကြကာ ညနေပိုင်းတွင် ပမ္မဝတီရေတပ်စခန်းကတည်ခင်းဧည့်ခံသည့်ညစာစားပွဲသို့ တက်ရောက်ခဲ့ကြပါသည်။
ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းတွင် အရာရှိလောင်းများကိုယ်တိုင်ပါဝင်ကာ လှေလှော်ရွက်တိုက်ခြင်းကို လေ့ကျင့်ခဲ့ကြပါသည်။ ထို့နောက် စစ်ရေယာဉ်(ချင်းတွင်း)ပေါ်မှာပင် အသက်ကယ်လှေ (Life Boat) တင်ချမှုလေ့ကျင့်ခန်းများတွင် အရာရှိလောင်းများအုပ်စုအလိုက် လက်တွေ့ပါဝင်လေ့ကျင့်စေခြင်း၊ ကျောက်တင်ကျောက်ချ (Anchor Work)အကြောင်းများကိုလည်း လက်တွေ့ပြသလေ့ကျင့် ခဲ့ကြပါသည်။ ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲပိုင်းတွင် ဟိုင်းကြီးကျွန်းမှ ပြန်လည်ထွက်ခွာခဲ့ကြပြီး ဖေဖော်ဝါရီ ၂၈ ရက် မွန်းလွဲ ၂ နာရီကျော်တွင်
သီလဝါ၊ ဟွန်ဒိုင်းဆိပ်ခံတံတားသို့ ပြန်လည်ရောက်ရှိခဲ့ကြရာ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်း ကောလိပ်မှဌာနမှူးများ၊ ဆရာ ဆရာမများနှင့် ဝန်ထမ်းများက အောင်သပြေပန်းများပေးအပ်ကာ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါသည်။
ဘာသာရပ်ဆိုင်ရာများ လေ့ကျင့်သင်ယူခဲ့ကြပုံ
အရာရှိလောင်းများအနေဖြင့် “Sea Training” အဖြစ်သွားရောက်ခဲ့ကြသော အသွားအပြန် ရေမိုင် ၆၀၀ ခရီးစဉ်၌ မိမိတို့ကောလိပ်၏ စာသင်ခန်းထဲ၌ လည်းကောင်း၊ Simulator များဖြင့် လည်းကောင်း သင်ကြားပြသခဲ့ပြီးဖြစ်သော သက်ဆိုင်ရာဘာသာရပ်အလိုက် စာတွေ့သင်ကြားမှုများကို ရေယာဉ်ပေါ်တွင် လက်တွေ့ကျကျဆန်းစစ်လေ့လာ သင်ယူလေ့ကျင့် ခဲ့ရသည့်အတွက် ထိရောက်သည့် သင်ကြားမှုကိုဖြစ်စေပါသည်။ ရေကြောင်းအရာရှိလောင်းတို့အား လူ ၂၀ စီ အုပ်စုငယ်များခွဲ၍ ရေကြောင်းဘက်ဆိုင်ရာ ဘာသာရပ်များ (Navigation)၊ ကမ်းရိုးတန်းသွားလာမှု(Coastal Navigation)၊ ရေယာဉ်ကိုင်တွယ် ထိန်းသိမ်းရေး (Ship Handling)၊ မိုးလေဝသဘာသာရပ် (Meotrology) များကို သက်ဆိုင်ရာ ရေကြောင်းဘာသာရပ်ပြ ကျွမ်းကျင်ဆရာများက လက်တွေ့ကျကျသင်ပြခဲ့ကြပါသည်။
ထို့အပြင် ကြယ်နက္ခတ်တာရာကြည့်ပြီး ရေယာဉ်တည်နေရာရှာဖွေခြင်းနှင့် လမ်းကြောင်း ရွေးချယ်ခြင်း (Position Finding and Passage Planning)၊ ကြိုးချည်ကြိုးထိုးဘာသာရပ်၊ အချက်ပြ စနစ်များ (Pyrotechnics) တို့ကိုလည်း လက်တွေ့ပြသလေ့ကျင့်ပေးနိုင်ခဲ့ပါသည်။ ကျောက်တင်ကျောက်ချပုံ၊ အသက်ကယ်လှေချနည်း၊ ရွက်တိုက် နည်းကအစ ရေဒါ၊ GPSတို့ဖြင့် သင်္ဘောသွားလာမှု၊ ရေပုံ (Chart Work) ဖြင့် သင်္ဘောတည်နေရာရှာဖွေမှု၊ ခုတ်မောင်းမှုများကို လက်တွေ့လေ့ကျင့်သင်ကြား ပေးခဲ့ပါသည်။ သက်ဆိုင်ရာဘာသာရပ်များကို သက်ဆိုင်ရာဘာသာရပ်ပြ ကျွမ်းကျင်ဆရာများက လက်တွေ့ပြသခဲ့ခြင်း၊ အရာရှိလောင်းများကိုယ်တိုင် စိတ်ပါဝင်စားစွာ လက်တွေ့လုပ်ကိုင်စေခြင်းတို့ အပြင် ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်း (Sea Training) တွင် ပင်လယ်ပြင်မသွားမီ ကြိုတင်ပြင်ဆင်မှု၊ ဆိပ်ကမ်းနှင့် ပဲ့စင်တာဝန်လုပ်ဆောင်မှုအပါအဝင် ပင်လယ်ပြင်နေ့စဉ်လုပ်ဆောင်မှု (Daily Sea Routine Work) တို့ကို လေ့ကျင့်သင်ယူခွင့် ရရှိစေခဲ့ကြပါသည်။
အလားတူ အင်ဂျင်နီယာအရာရှိလောင်းများနှင့် ရေကြောင်းလျှပ်စစ်အရာရှိလောင်းများကိုလည်း ၁၀ ယောက် တစ်အုပ်စုစီခွဲ၍ သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်ဆရာများက လက်တွေ့သင်ကြား ပြသခဲ့ကြပါသည်။ စက်ခန်းသို့မဆင်းမီ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း (Safety Practice) များကို ရေယာဉ်မှတာဝန်ရှိသူများက ရှင်းလင်းသင်ကြား ပေးခြင်းအပါအဝင် စက်ခန်း (Engine Room) ၏ ဖွဲ့စည်းတည်ဆောက်ပုံ၊ စက်ပစ္စည်းများ၏ နေရာ ချထားမှုများ၊ စက်မကြီးနှင့် ဂျင်နရယ်တာများ၏ အလုပ်လုပ်ပုံ၊ အင်ဂျင်ပါရာမီတာ(Engine Parameter) များနှင့် အရေးပေါ်အခြေအနေမျိုးတွင် လုပ်ဆောင်ရမည့်အချက်များ၊ မီးစက်နှစ်လုံး ဝန်အား ချိတ်ဆက်မှု (Generator Synchronizing)၊ ကွန်ပျူတာစနစ်ဖြင့် စောင့်ကြည့်သည့် Control Room၏ အလုပ်လုပ်ပုံစသည်ဖြင့် အင်ဂျင်နီယာများ သိသင့်သိထိုက်သည့် ဘာသာရပ်များကို လက်တွေ့ သင်ကြားပြသလေ့ကျင့်ပေးနိုင်ခဲ့ပါသည်။
ပင်မအင်ဂျင်များ၊ မီးစက်များ၊ ပန့်၊ မော်တာများ၊ အီလက်ထရွန်နစ်ပစ္စည်းများကို လက်တွေ့ကိုင်တွယ် မောင်းနှင်ပြခြင်းနှင့် အရေးပေါ်မီးသတ်လေ့ကျင့် ခန်းများကိုပါ သင်ကြားလေ့ကျင့် ပေးနိုင်ခဲ့ပါသည်။
ရရှိသောအကျိုးကျေးဇူးများ
ယခု ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ရေး (Sea Training) ခရီးစဉ်သည် အရာရှိလောင်းများအား ပထဝီဝင်အနေအထားအရ အချက်အချာကျသည့် အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော် ၏ ဆက်စပ်ရေပြင်ရှိ ကိုကိုးကျွန်းဒေသသို့ သွားရောက်လေ့လာခွင့်ရရှိခဲ့သည့်အတွက် ဒေသန္တရဆိုင်ရာ ဗဟုသုတများစွာ ရရှိခဲ့ကြပါသည်။
ထို့အပြင် ပညာရပ်ဆိုင်ရာတတ်သိမှု၊ ပင်လယ်ပြင်၏သဘောသဘာဝအရ ပြောင်းလဲဖြစ်ပေါ်တတ်သည့် လှိုင်းလေအခြေအနေအမျိုးမျိုးတွင် ရာသီမရွေး၊ နေ့ညမပြတ် တာဝန်ထမ်းဆောင်တတ်မှု စသည့် အားသာချက် အကျိုးကျေးဇူးများ ရရှိစေ ခဲ့ပါသည်။
အရာရှိလောင်းတို့အနေဖြင့် သင်္ဘောသား တစ်ယောက်တတ်သိထားရမည့် ရေကြောင်းပညာ ရပ်ဆိုင်ရာများကို လက်တွေ့ကျကျသိမြင်ကာ ကိုယ်တိုင်ပါဝင်လေ့ကျင့်ခွင့်ရရှိခဲ့သဖြင့် ယုံကြည်မှုရရှိစေကာကျွမ်းကျင်မှုနှင့် စီမံခန့်ခွဲမှုသဘော သဘာဝ၊ ဦးဆောင်မှုနှင့် စိတ်ရောကိုယ်ပါ ကြံ့ခိုင်စေရန်လေ့ကျင့်ပေးထားခဲ့မှုများက လွန်စွာအရေးပါ အရာရောက်ကြောင်း သိမြင်လာစေပါသည်။ ထို့အပြင် စိတ်ဓာတ်ခွန်အားနှင့် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုတို့ကို ပင်လယ်ပြင်၌ လက်တွေ့ကျကျဆန်းစစ်မှုရလဒ်အပေါ် ရယူနိုင်သည့်အသိနှင့် မှန်ကန်သည့်အမြင်များကို သိရှိစေနိုင်ခဲ့ကြပါသည်။
ပင်လယ်ပြင်တွင် ဘေးကင်းလုံခြုံပြီး အန္တရာယ်ကင်းအောင် အသက်ရှင်နေထိုင်လုပ်ကိုင်ရမည့် နည်းလမ်းကောင်းများကိုလည်း လက်တွေ့လိုက်နာသိမြင်ခဲ့ကြပါသည်။ အရေးကြုံလာပါက အသက်အန္တရာယ်မှ လွတ်မြောက်အောင် တစ်ဦးချင်းနှင့် အဖွဲ့လိုက်အပေါ် ဦးဆောင်မှု၊ ပူးပေါင်းမှု၊ ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ရမည့် နည်းလမ်းကောင်းများကိုလည်း လက်တွေ့ကျကျလုပ်ဆောင်တတ်ကာ အသိပညာများ၊ အတတ်ပညာများလည်း တိုးပွားရရှိစေခဲ့ပါသည်။
ရေကြောင်းဘက်ဆိုင်ရာ ကျွမ်းကျင်သူများမွေးဖွားရာမြေဖြစ်သော မြန်မာနိုင်ငံကုန်သွယ်ရေကြောင်း ကောလိပ်သည်နိုင်ငံတော်ပိုင်ကောလိပ် တစ်ခုဖြစ်သည်နှင့်အညီ ယခုသွားရောက်ခဲ့သော အရာရှိလောင်းများ၏ ပင်လယ်ပြင်လက်တွေ့ လေ့ကျင့်ရေးခရီးစဉ်တွင်လည်း နိုင်ငံတော်အကြီးအကဲ၏ စေတနာထားမှု၊ ပံ့ပိုးပေးမှု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်အားပေးမှု ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)တို့၏ ကူညီဆောင်ရွက်ပေးမှု၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကူညီပေးမှုတို့ကြောင့် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်း ကောလိပ်မှအရာရှိလောင်းတို့၏ ပင်လယ်ပြင်လေ့ကျင့်ရေးခရီးစဉ်တစ်ခုလုံး အဆင်ပြေချောမွေ့ခဲ့သည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် ရေကြောင်းဘက်ဆိုင်ရာ အသိပညာ၊ အတတ် ပညာများကို အချိန်တိုအတွင်း သင်တန်းသားများ အပေါ်လက်တွေ့ကျကျ၊ ထိထိရောက်ရောက် လေ့ကျင့်သင်ကြားပေးနိုင်ခဲ့သည့် ရလဒ်အကျိုး ကျေးဇူးများကိုလည်း တန်ဖိုးမဖြတ်နိုင်လောက် အောင်ပင်ရရှိခဲ့ကြပါသည်။
နိုင်ငံအတွက် ရေကြောင်းဆိုင်ရာအကျိုးစီးပွားများသည် အနာဂတ်ကာလတိုင်အောင် အမြဲတမ်း ရှင်သန်ရပ်တည်လျက်ရှိနေမည်ဖြစ်ပြီး အဓိကအခန်းကဏ္ဍမှလည်း ပါဝင်နေပေဦးမည်။ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရေကြောင်းသွားလာရေး၊ ပို့ဆောင်ရေးအခန်းကဏ္ဍနှင့် ချိတ်ဆက်ကာနိုင်ငံတစ်နိုင်ငံ၏ လူ့စွမ်းအားအရင်း အမြစ်များလိုအပ်ချက်ကို စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရန် လိုအပ်နေပါဦးမည်။
မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်အနေဖြင့် မျိုးဆက်သစ်ရေကြောင်းအရာရှိလောင်းများ၊ သင်္ဘောသားအသစ်များကို စဉ်ဆက်မပြတ် မွေးထုတ်ပေးလျက်ရှိရာ နိုင်ငံတော်အတွင်းရှိ လူ့စွမ်းအားအရင်းအမြစ်များကို ပြုစုပျိုးထောင်ပေးရာတွင် တတ်စွမ်းသည့်ဘက်မှ ကြိုးပမ်းမျှော်မှန်း ဖော်ဆောင်ပေးလျက်ရှိနေပါသည်။ နိုင်ငံတော်နှင့်နိုင်ငံသားများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံတော်၏ ရေကြောင်းဆိုင်ရာ အကျိုးစီးပွားများနှင့် နိုင်ငံခြားဝင်ငွေများ ရရှိနိုင်စေရန်အတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုပေးနေသော ရေကြောင်းဘက်ဆိုင်ရာ အတတ်ပညာသင်ကောလိပ် တစ်ခုအဖြစ်ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာရှိရှိ အစဉ်ရပ်တည်ကာ နိုင်ငံတော်အပေါ်ခေတ်ကာလအဆက်ဆက် ကျေးဇူးပြုလျက်ရှိနေမည်သာ ဖြစ်ပါတော့သည်။ ။
