ဒေသတစ်ခု ထုတ်ကုန်တစ်မျိုးဖြစ်သည့် ဟုမ္မလင်းခေါင်ခမ်း လက်ဖက်လုပ်ငန်း
ဒေါက်တာတင်မာမာဦး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ပြောင်းလဲနေသောခေတ်စနစ်နှင့်အညီ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးစသည့်ကဏ္ဍများ၏ တိုးတက်ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အပြင် ပုဂ္ဂလိကစီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
MSME လုပ်ငန်းများကို အားပေးဆောင်ရွက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက်သုံးရပ်အနက် “တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး”နှင့် “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” ဦးတည်ချက်များနှင့်အညီ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီး ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်မည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များကို အားပေးမြှင့်တင်လျက်ရှိပြီး တစ်ဖက်တွင်လည်း One Region One Product အရ ဒေသ၏နာမည်ကြီးထုတ်ကုန်များကို ထုပ်ပိုးမှုမှအစ ကုန်ပစ္စည်းအရည်အသွေးတိုးတက်ကောင်းမွန်စေရေးနှင့် ဈေးကွက်ကျယ်ပြန့်စွာ ဖြန့်ဖြူးရောင်းချနိုင်ရေး အဘက်ဘက်မှ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ဟုမ္မလင်းခရိုင် ဟုမ္မလင်းမြို့နယ်သည် မြန်မာနိုင်ငံ၏ မြောက်ပိုင်းတွင်တည်ရှိ၍ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် တည်ရှိပါသည်။
ဟုမ္မလင်းမြို့နယ်တွင် ကျေးရွာအုပ်စု ၇၈ အုပ်စုနှင့် ရပ်ကွက် ၁၁ ခုရှိပြီး လူဦးရေ၏ ၉၀ ရာခိုင်နှုန်းသည် ကျေးလက်နေတောင်သူလယ်သမားများဖြစ်ကာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ လက်ဖက်စိုက်ပျိုးရေးလုပ်ငန်းများဖြင့် အဓိကလုပ်ကိုင်အသက်မွေးကြသည်။
ဟုမ္မလင်းမြို့နယ်တွင် ရှေးနှစ်ပေါင်းများစွာ ကတည်းက လက်ဖက်စိုက်ပျိုးခဲ့ကြပြီး ဟုမ္မလင်းမြို့၏ အထက်ပိုင်းရှိ ချင်းတွင်းမြစ်ကမ်း ဝဲ/ ယာ ထမံသီ၊ မိုင်းဝယ်၊ နောင်ပင်၊ အုန်းဘက်၊ နောင်ရင်း၊ မိုင်းတောင်း၊ တဇုန်း၊ မောင်းခမ်း၊ ပေပင်၊ ပုတ်သို၊ ကောယား၊ ထိန်ကင်း၊ ခေါင်ခမ်းကျေးရွာအုပ်စုများတွင် နေထိုင်ကြသော ရှမ်းနီတိုင်းရင်းသားများသည် လက်ဖက်အများဆုံး စိုက်ပျိုးကြပြီး ကျေးရွာအုပ်စုများ၏ ကုန်းမြင့်ဧရိယာများတွင် စိုက်ပျိုးကြသည်။ အထက်ချင်းတွင်းမြစ်ရိုးတစ်လျှောက်မှ လက်ဖက်စိုက်ပျိုးထုတ်လုပ်ခြင်းကိုအစွဲပြု၍ ဟုမ္မလင်းလက်ဖက်ကို ချင်းတွင်းလက်ဖက်၊ အညာလက်ဖက်ဟုလည်း ခေါ်တွင်ကြသည်။
ရှေးယခင်အဆက်ဆက်မှ ယနေ့အချိန်အထိ အလှူမင်္ဂလာပွဲများ၊ ရိုးရာပွဲများနှင့် လူမျိုးစုများ၏ ဓလေ့ထုံးစံယဉ်ကျေးမှုရိုးရာပွဲများတွင် လက်ဖက် (သို့မဟုတ်) လက်ဖက်သုတ်သည် အရေးပါသောခဲဖွယ်တစ်ခုဖြစ်ရုံမက လွှတ်ရုံးများ၏ အဆုံးအဖြတ်၌ပင် လက်ဖက်စား၍ အမှုပြေငြိမ်းခြင်း၊ အမှုပြတ်ကင်းခြင်းတို့ကို ပြုလုပ်လေ့ရှိခဲ့ကြကြောင်း သိရှိရသည်။
ထီးသုံးနန်းသုံးစားတော်ကုန်
ရတနာပုံခေတ် မန္တလေးမင်းနေပြည်တော်ကို ထီးနန်းစိုးစံခဲ့သော မြန်မာဘုရင်များလက်ထက်တွင် လက်ဖက်ကို ထီးသုံးနန်းသုံးစားတော်ကုန်အဖြစ် သတ်မှတ်ခဲ့ပြီး အရှည်နှစ်တောင်၊ အကျယ်လက်လေးသစ်ခန့်ရှိသော လက်ဖက်ကျည်တောက်များကို အခွန်တော်အဖြစ်ဆက်သခဲ့ကြရာ ဟုမ္မလင်းမြို့နယ် မောင်းခမ်းရွာမှ လက်ဖက်ကျည်တောက်ကိုးခုနှင့် ကောယားကျေးရွာမှ ခြောက်ခုအသီးသီး ဆက်သခဲ့ရကြောင်း၊ ဟုမ္မလင်းလက်ဖက်လုပ်ငန်းသည် ရှေးယခင်က လက်ဖက်အရွက်လုပ်ငန်းနှင့် မျိုးစေ့ရောင်းဝယ်သောလုပ်ငန်းဟူ၍ရှိခဲ့ပြီး ၁၈၇၅ ခုနှစ်တွင် ဟုမ္မလင်းမြို့နယ်မှ လက်ဖက်သီးများကို အိန္ဒိယနိုင်ငံအာသံပြည်နယ်သို့ အများအပြား ရောင်းချခဲ့ကြကြောင်း အထောက်အထားများအရ လေ့လာသိရှိရသည်။
ယခုကဲ့သို့ ရှေးယခင်ကတည်းက နာမည်ကြီးခဲ့သည့် ဟုမ္မလင်းဒေသတွင် စိုက်ပျိုးထုတ်လုပ်ကာ လက်ရှိအချိန်အထိ နာမည်ရနေဆဲ ခေါင်ခမ်းလက်ဖက်အား စစ်ကိုင်းတိုင်းဒေသကြီး၏ ထူးခြားသောဒေသ ထွက်ကုန်တစ်မျိုးအဖြစ် ကျယ်ပြန့်စွာစိုက်ပျိုး ထုတ်လုပ်နိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိသည်။
ဟုမ္မလင်းမြို့နယ်အတွင်း လက်ဖက်ကို လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ချင်းတွင်းမြစ်အထက်ပိုင်း ဘေး၊ ဝဲယာကျေးရွာအုပ်စုများ၏ ကုန်းမြင့်ပိုင်းများတွင် တစ်ကွင်းတစ်စပ်တည်း ဧကအလိုက် စိုက်ပျိုးခဲ့ကြသည်။ ၂၀၂၃ -၂၀၂၄ ခုနှစ် အထိ ဟုမ္မလင်းမြို့နယ်အတွင်း ကျေးရွာအုပ်စု ၃၃ အုပ်စုတွင် တောင်သူပေါင်း ၂၇၆၆ ဦးဖြင့် လက်ဖက် ၉၄၁၃ ဧက စိုက်ပျိုးလျက်ရှိရာ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၃၉၄ ပိဿာနှုန်းဖြင့် လက်ဖက်ရွက်စိမ်း ပိဿာ ၃၇ သိန်းကျော် ထုတ်လုပ်နိုင်ခဲ့သည်။
ဟုမ္မလင်းမြို့နယ် ခေါင်ခမ်းကျေးရွာသည် ရှမ်းတိုင်းရင်းသားအများစု နေထိုင်ကြသည့် ကျေးရွာဖြစ်ပြီး တောင်ကုန်းတောင်စွယ်များ၌ လက်ဖက်စိုက်ခင်းများစိုက်ပျိုးကြပြီး မြေညီမြေပြန့်တွင် စပါးစိုက်ပျိုးကြကာ စိုက်ပျိုးရေးလုပ်ငန်းဖြင့် အေးချမ်းစွာအသက်မွေးကြသော ကျေးရွာဖြစ်သည်။ ခေါင်ခမ်းကျေးရွာတွင် စိုက်ပျိုးသည့် လက်ဖက်စိုက်ခင်းအများစုသည် အပင်သက်တမ်း ၂၀၀ ခန့်ရှိသော လက်ဖက်စိုက်ခင်းများဖြစ်ပြီး အာသံ (Camellia Assamica) မျိုးများဖြစ်ကာ ယခုလက်ရှိတွင် တောင်သူပေါင်း ၁၈၇ ဦးမှ လက်ဖက် ၆၈၇ ဧက စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။
ဟုမ္မလင်းဒေသတွင် လက်ဖက်စိုရိုးရိုး ပြုလုပ်ရောင်းချခြင်းအပြင် လက်ဖက်စိုနှင့် မက်လင်သီး၊ စောင်းလျားသီးများဖြင့် ရောနှောကာ လက်ဖက်ချဉ်နှပ် ပြုလုပ်ရောင်းချခြင်းများလည်းရှိသည်။ ထို့ပြင် လက်ဖက်အား လက်ဖက်အခါးခြောက်နှင့် အချိုခြောက်များလည်း ပြုလုပ်ရောင်းချလျက်ရှိပြီး ဈေးကွက်ဝင်ပန်းရနံ့ကူးလက်ဖက်ခြောက်နှင့် အချိုခြောက်များကိုလည်း နည်းပညာများရယူ၍ စမ်းသပ်ထုတ်လုပ်ကာ ရောင်းချနိုင်ရေးဆောင်ရွက်လျက်ရှိသည်။
ဟုမ္မလင်းလက်ဖက်ခြောက်သည် အရောင်အဆင်းကောင်းကာ ခါးသက်သောအရသာရှိသည့် အနံ့အရသာနှင့်ပြည့်စုံပြီး စိုက်ပျိုးရာတွင်လည်း ဒေသရေမြေသဘာဝကောင်းမွန်သည့်အလျောက် ဓာတ်မြေဩဇာနှင့် ဓာတုပိုးသတ်ဆေးများ သုံးစွဲရန်မလိုဘဲ သဘာဝအတိုင်းဖြစ်ထွန်းအောင်မြင်ပြီး ကုန်ချောထုတ်လုပ်ရာတွင်လည်း ရိုးရာနည်းများကိုသာ အသုံးပြုထုတ်လုပ်ကြသည်။
သဘာဝနည်းလမ်းများဖြင့် ပြုလုပ်
ခေါင်ခမ်းကျေးရွာတွင် ဘိုးစဉ်ဘောင်ဆက် လက်ဖက်စိုက်ပျိုး၍ ထုတ်လုပ်ရောင်းချလျက် ရှိသည့် လက်ဖက်တောင်သူ ဒေါ်ခင်နှင်းခိုင်က “လက်ဖက်ပင် စိုက်ပျိုးရာဒေသ၊ ရာသီဥတုအခြေ အနေနှင့် အပင်၏သန်စွမ်းမှုပေါ်မူတည်၍ လက်ဖက်ရွက်များကို တစ်နှစ်လျှင် အကြိမ်များစွာ ခူးယူနိုင်ကြောင်း၊ မတ်၊ ဧပြီ၊ မေလတို့တွင် ခူးယူသော လက်ဖက်ကို ‘ရွှေဖီဦး’ ဟုလည်းကောင်း၊ ဇွန်နှင့် ဇူလိုင်လတို့တွင် ခူးယူလျှင် ‘ခါးကန်’ဟုလည်းကောင်း၊ စက်တင်ဘာနှင့် အောက်တိုဘာလတို့တွင် ခူးယူသောလက်ဖက်ကို ‘မိုးညွန့်’ဟုလည်းကောင်း၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ခူးယူသောလက်ဖက်ကို ‘နှင်းတက်’ ဟုလည်းကောင်း အမျိုးမျိုးခေါ်ဝေါ် ကြကြောင်း၊ လက်ဖက်ခူးရာတွင် ရွက်နုနှင့် အညွန့်များကိုသာ ခူးယူကြပြီး လက်ဖက်စိမ်းမှ လက်ဖက်စို၊ လက်ဖက်ခြောက် ထုတ်လုပ်ရောင်းချရာတွင် မိရိုးဖလာသဘာဝနည်းလမ်းများဖြင့်သာ ပြုလုပ်ရောင်းချကြကြောင်း၊ လက်ဖက်ရွက်စိမ်းတစ်ပိဿာကို ရေနွေးငွေ့ဖြင့် ပေါင်းခံပြီး လက်ဖက်စိုပြုလုပ်ပါက လက်ဖက်စိုတစ်ပိဿာခန့်ရရှိပြီး လက်ဖက်စိမ်း လေးပိဿာလျှင် လက်ဖက်ခြောက်တစ်ပိဿာ ခန့်ထွက်ရှိကြောင်း၊ လက်ဖက်ခြောက်တစ်ပိဿာ၏ လက်ရှိဈေးနှုန်းမှာ လက်ဖက်ခြောက်အမျိုးအစားပေါ်မူတည်၍ ကျပ် ၁၀၀၀၀ မှ ၁၅၀၀၀ နှင့် လက်ဖက် အစိုတစ်ပိဿာလျှင် ကျပ် ၃၅၀၀ မှ ၅၀၀၀ ကျပ် ရောင်းချရကာ ဈေးကွက်အနေဖြင့် ဒေသတွင်းနှင့် မုံရွာ၊ မန္တလေးဈေးကွက်များသို့ တင်ပို့ရောင်းချကြောင်း” ပြောကြားသည်။
ဟုမ္မလင်းမြို့နယ်၏ လက်ဖက်စိုက်ပျိုး ထုတ်လုပ်မှုမြှင့်တင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေမှ ထုတ်ချေးလျက်ရှိရာ လက်ဖက်လုပ်ငန်းရှင် ၁၃ ဦးအား ချေးငွေကျပ် ၃၂၇ ဒသမ ၅၀ သန်း ထုတ်ချေးထားပြီး လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းနှင့် ခေါင်ခမ်းကျေးရွာ တောင်သူ ခြောက်ဦးကလည်း ချေးငွေကျပ် ၁၅၅ သန်းဖြင့် လုပ်ငန်းများ လည်ပတ်လျက်ရှိကြောင်း သိရသည်။
ဟုမ္မလင်းမြို့နယ် ခေါင်ခမ်းကျေးရွာထွက် လက်ဖက်စို၊ လက်ဖက်ခြောက်များအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဝယ်ယူသည့်လက်ဖက် အခြောက်ခံစက်များ၊ ပေါင်းခံစက်များ အသုံးပြုကာ လုပ်ငန်းလည်ပတ်လာနိုင်ခြင်းဖြင့် လုပ်သားရှားပါးမှုပြဿနာများဖြေရှင်းနိုင်ခြင်း၊ ထုတ်လုပ်သည့် ကုန်ပစ္စည်းအရည်အသွေး ကောင်းမွန်ခြင်း၊ လက်ဖက်အလေအလွင့်နည်းလာခြင်း၊ လုပ်ငန်းလည်ပတ်မှုလျင်မြန်ခြင်းနှင့် သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်နိုင်ခြင်းတို့ကြောင့် ကုန်ပစ္စည်းအရည်အသွေးများ ပိုမိုကောင်းမွန်လာသည့်အတွက် ဈေးကွက်ဝင်ထုတ်ကုန်များအဖြစ် ရောင်းချနိုင်သဖြင့် ဒေသခံလက်ဖက်တောင်သူများ ဝင်ငွေပိုမိုရရှိကာ ဒေသလူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာကြောင်း သိရှိရသည်။
သဘာဝအော်ဂဲနစ်ထုတ်ကုန်ဖြစ်
ခေါင်ခမ်းလက်ဖက် စိုက်ပျိုးထုတ်လုပ်ရာတွင် စိုက်ပျိုးသည်မှ ကုန်ချောထုတ်လုပ်သည်အထိ ဓာတုပစ္စည်းအသုံးပြုမှုမရှိဘဲ မိရိုးဖလာနည်းဖြင့်သာ ထုတ်လုပ်လျက်ရှိပြီး လက်ဖက်စိုက်ခင်းများတွင် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ သုံးစွဲမှုမရှိခြင်း၊ လက်ဖက်စို၊ လက်ဖက်ခြောက်ထုတ်လုပ်ရာတွင် တာရှည်ခံဓာတုဆေးများ၊ အရောင်ဆိုးဆေးများ အသုံးပြုထုတ်လုပ်မှုမရှိခြင်းတို့သည် ခေါင်ခမ်းလက်ဖက်အား သဘာဝအော်ဂဲနစ်ထုတ်ကုန်တစ်ခုအဖြစ် တန်ဖိုးမြင့်ထုတ်ကုန်ထုတ်လုပ်နိုင်ရန် အလားအလာကောင်းတစ်ရပ်ဖြစ်သည်။
ဟုမ္မလင်းဒေသထွက် ခေါင်ခမ်းလက်ဖက်၏ အလားအလာကောင်းမွန်မှုအရ အဆိုပါခေါင်ခမ်း လက်ဖက်အား နေပြည်တော်တွင် ကျင်းပသည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်း အမှတ် MSME ထုတ်ကုန်ပြပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ၏ One Region One Product ထုတ်ကုန်တစ်ခု အဖြစ် ဂုဏ်ယူဝင့်ကြွားစွာပြသနိုင်ခဲ့သည်။
ဟုမ္မလင်းမြို့နယ်၏ လက်ဖက်စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်နေသကဲ့သို့ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် သီးနှံသစ်တောရောနှောစနစ်ဖြင့် လက်ဖက်စိုက်ဧရိယာများ တိုးချဲ့စိုက်ပျိုးနိုင်ရေး စည်းရုံးဆောင်ရွက်ခြင်း၊ ခေတ်မီလက်ဖက်စိုက်ပျိုးနည်း စနစ်များအား ပညာပေးဆွေးနွေးခြင်း၊ လက်ဖက်စိုက်ခင်းများအတွင်း လက်ရှိစိုက်ပျိုးထားသည့် လက်ဖက်ပင်များအား စနစ်တကျကိုင်းဖြတ်ပြုပြင်ပေးခြင်း၊ ခေါင်နှိမ်ခြင်း၊ ပုံသွင်းခြင်း၊ သဘာဝမြေဩဇာကျွေးခြင်းနှင့် အပင်ပြုစုခြင်းများ နည်းပညာပေးဆောင်ရွက်နေသကဲ့သို့ တစ်ဧက အပင်ဦးရေပြည့်မီစေရန် ဖြည့်စွက်စိုက်ပျိုးခြင်း၊ အထွက်ကောင်းအရည်အသွေးကောင်းမျိုးများ တိုးချဲ့စိုက်ပျိုးခြင်းနှင့် စနစ်တကျလက်ဖက်ခူးဆွတ်နည်းများကိုလည်း ပညာပေးဆောင်ရွက်လျက်ရှိသည်။
ဟုမ္မလင်းမြို့နယ်၏ လက်ဖက်စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်ရေး ဘက်ပေါင်းစုံမှ ဆောင်ရွက်နေသကဲ့သို့ လက်ဖက်နှင့်ပတ်သက် သောလူသုံးကုန်ပစ္စည်း၊ လက်ဖက်ဆပ်ပြာ၊ လက်ဖက်ရွက်စိမ်း ခေါင်းလျှော်ရည်နှင့် အလှကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချနိုင်ရန်နှင့် ထုတ်ကုန်ဈေးကွက်ရရှိစေရန် ဖော်ဆောင်ပေးနိုင်ပါက စစ်ကိုင်းတိုင်းဒေသကြီး၏ ဒေသတစ်ခု ထုတ်ကုန်တစ်မျိုးလုပ်ငန်းဖြစ်သည့် ဟုမ္မလင်းမြို့နယ်မှ ခေါင်ခမ်းလက်ဖက်အနေဖြင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
