Skip to main content

အာဆီယံ-တရုတ် လူမှုဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးဖိုရမ်နှင့် လေ့လာရေး

ခန့်ဇော်(ကျေးလက်)

(ယမန်နေ့မှအဆက်)

မြန်မာနိုင်ငံမှာလည်း စိုက်ပျိုးမွေးမြူရေးဆိုင်ရာ စက်ရုံအလုပ်ရုံတွေ၊ အသေးစားစက်မှုလက်မှု လုပ်ငန်းတွေကို Research and Development ပိုင်းအတွက် တက္ကသိုလ်၊ ကောလိပ်တွေနဲ့ချိတ်ဆက် ဆောင်ရွက်နိုင်မယ်ဆိုရင် စက်မှုလက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်ကောင်းမွန်စေမှာဖြစ်သလို ပြည်သူတွေအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုရရှိလာမယ်လို့ သုံးသပ်မိပါတယ်။

စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ခြင်းမှ ကျေးလက်ဒေသ ပြန်လည်ဆန်းသစ်ရေး

ညနေပိုင်းလေ့လာမှုအနေနဲ့ ဥစားကြက် မွေးမြူရေးလုပ်နေတဲ့ The Fengji Liangshan Hens Industry Modern Demonstrations Zone ကို သွားရောက်လေ့လာခဲ့ပါတယ်။ ဧကပေါင်း ၂၈၀ ကျော် ကျယ်ဝန်းပါတယ်။ ကြက်မွေးမြူရေး Standard စက်ရုံ ၁၂ ရုံ (ကျွန်တော်တို့ နိုင်ငံမှာဆိုရင် တော့ ခြံပေါ့) ဒီမှာက အိမ်လို့ပြောလို့ရတယ်လေ၊ အစာစက်ရုံတစ်ရုံရှိတယ်။ အစာမဝယ်ရဘူးပေါ့။ မြန်မာနိုင်ငံမှာက အစာဝယ်ကြတာများတယ်၊ မထုတ်လုပ်ကြဘူး။ ဒါ့အပြင် ကြက်ချေးတွေကို အသုံးပြုပြီး မြေဩဇာထုတ်တဲ့ သဘာဝမြေဩဇာ စက်ရုံတစ်ရုံပါရှိတာတွေ့ရတယ်။ ဘေးထွက်စွန့်ပစ်ပစ္စည်း ကြက်ချေးတွေကို မြေဩဇာထုတ်တော့ ဘာမှစွန့်ပစ်ဖို့မလိုဘဲ ပြန်အသုံးပြုလို့ရတာပေါ့။ ထောင့်စေ့အောင် စီမံထားနိုင်တာ တွေ့ရပါတယ်။ ကြက်ဥစက်ရုံတည်ဆောက်ထားတဲ့ပုံစံက ကြက်ဥထုတ်လုပ်မှု၊ သန့်ရှင်းမှု၊ ထုပ်ပိုးမှုတွေအားလုံးကို လေ့လာသူတွေ မှန်ခန်းကနေ ကြည့်မြင်နိုင်အောင် လုပ်ထားပေးပါတယ်။ ရှင်းပြဖို့ပြင်ထားတဲ့နေရာတွေမှာလည်း ပြတိုက်လို ပြင်ဆင်ပြသထားတာ တွေ့ရပါတယ်။ R&D Center e-commerce logistics center တွေ ပါဝင်ဖွဲ့စည်းတည်ဆောက်ထားပြီး Full Industrial Chain Farming Model ဖြစ်တာ တွေ့ရပါတယ်။

ကြက်ဥထုတ်လုပ်မှု တစ်ခုတည်းမလုပ်ဘဲ ကြက်ဥနဲ့လုပ်တဲ့ မုန့်တွေလည်းထုတ်တာ တွေ့ရပါတယ်။ စက်ရုံရဲ့ရည်မှန်းချက်က Overall Process Automation digitization information resource utilization and ecological sustainability ဖြစ်တယ်။ ဥကြက် ဒသမ သန်း မွေးမြူထားပြီး ကြက်သားပေါက်သုံးသိန်း ဖောက်နိုင်ပါတယ်။ တစ်နေ့ကို ကြက်ဥတစ်သန်း ထုတ်လုပ် နိုင်ပါတယ်။ အစိုးရ၊ ပုဂ္ဂလိက၊ ပြည်သူ (ကျေးရွာ လယ်သမား) ပူးပေါင်းဆောင်ရွက်မှုပုံစံ (PPP Model) ဖြစ်ပြီး ယွမ် ဒသမ သန်းကို ရွာခြောက်ရွာရဲ့ ဆင်းရဲမှုလျှော့ချရေးရန်ပုံငွေမှ ထည့်ဝင်တာဖြစ်ပါတယ်။ အိမ်ထောင်စု ၁၀၄၇ စု ဆင်းရဲမှုလျှော့ချ နိုင်ပြီး ရွာသား ၈၆ ဦးကို အလုပ်ပေးထားနိုင်ပါတယ်။ ခြံလုပ်သား တစ်ဦးက တစ်လကို လစာ ယွမ် ၅၀၀၀ ရပါတယ်။ ယခုမြန်မာငွေနဲ့တွက်ရင် သိန်း ၂၀ ရှိပါတယ်။ အလုပ်သမား ၃၆၀၀ အလုပ်ပေးထားနိုင်ပါတယ်။ ကြက်ဥကို Yellow Swan Brand နဲ့ ထုတ်လုပ်ဖြန့်ဖြူးတာဖြစ်ပြီး ဂျပန်နိုင်ငံရဲ့နည်းပညာလို့ သိရပါတယ်။ ဈေးကွက်ရဲ့ ၇၀ ရာခိုင်နှုန်း ရရှိထားပါတယ်။

Industrialization ကို ဆောင်ရွက်ရာမှာ Private Sector အနေနဲ့ Seed Capital ဖြစ်တဲ့ ကုန်ထုတ်လုပ်မှုဆိုင်ရာ အခြေခံအဆောက်အအုံနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ရင်းနှီးမြှုပ်နှံဆောင်ရွက်ပေး၊ အစိုးရကလုပ်ငန်းလည်ပတ်ဖို့အတွက် အမျိုးသားအဆင့် ပြန်လည်ရှင်သန်ရေးရန်ပုံငွေ (Revitalization Fund) က တစ်ဆင့် သွင်းအားစုတွေရရှိအောင် ရန်ပုံငွေထောက်ပံ့၊ ပြည်သူကလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ပြီး အစိုးရ-ပုဂ္ဂလိက-ပြည်သူ ပူးပေါင်းဆောင်ရွက်တဲ့စနစ်ကို ကျင့်သုံး ဆောင်ရွက်တာဖြစ်ပါတယ်။ ဒါ့အပြင် ကျေးလက်ဒေသမှာ e-Commerce စနစ်ဖွံ့ဖြိုးတိုးတက်လာစေဖို့တင်မက Tourism နဲ့ logistics center တွေကိုပါ ပေါင်းစပ်ထားတာကို တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံမှာလည်း စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှု စက်ရုံတွေတည်ဆောက်ရာမှာ Industrial Commercial Tourism နဲ့ logistics center တွေ ပေါင်းစပ်ထားတဲ့ စီးပွားရေးဇုန်အဖြစ် ထုတ်လုပ်မှုကွင်းဆက်အားလုံး ပေါင်းစပ်ထားရှိပြီး E-Commerce Online ဈေးကွက်နဲ့ လက်လီလက်ကားရောင်းဝယ်နိုင်တဲ့ Offline ဈေးကွက် နှစ်မျိုးစလုံးကို ဆောင်ရွက်နိုင်ရင် စက်မှုကဏ္ဍဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှုပပျောက်ရေးအတွက် ပိုမိုချိတ်ဆက် ဆောင်ရွက်နိုင်မယ်လို့ သုံးသပ်မိပါတယ်။

ဂေဟစနစ်ကာကွယ်ထိန်းသိမ်းခြင်းနှင့် ဆင်းရဲမှုလျှော့ချရေး

Pingxin Bayi စံပြကျေးရွာကို သွားရောက် လေ့လာခွင့်ရခဲ့တော့ အိမ်ခြေ ၇၆ လုံး၊ လူဦးရေ ၃၀၅ ဦးပဲရှိတဲ့ ကျေးရွာသေးသေးလေးဟာ အတော်သဘောကျစရာပါပဲ။ စိုက်ပျိုးနိုင်တဲ့ မြေပိုင်ဆိုင်မှုအနေနဲ့လည်း သိပ်မများပါဘူး။ ၃၀၅ ဧကပဲရှိပါတယ်။ တစ်အိမ်ကို လေးဧကခန့် ပိုင်ဆိုင်တဲ့သဘောပါပဲ။ စိုက်ပျိုးရေအနေနဲ့ မြေအောက်ရေ ရတယ်လို့ပြောပါတယ်။ ကုန်ထုတ်လမ်းအားလုံးဟာ ကွန်ကရစ်လမ်းတွေပါ။ စပါးမစိုက်ပါဘူး။ Cash Crop ငွေရလွယ်တဲ့ သီးနှံတွေဖြစ်တဲ့ လိုင်ချီး၊ နဂါး မောက်၊ သခွားမွှေးစတဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို စိုက်တာတွေ့ရပါတယ်။ ၁၀၀ ရာခိုင်နှုန်း Green House စနစ်ကို ကျင့်သုံးစိုက်ပျိုးကြတာ တွေ့ရပါတယ်။ စပါးစိုက်သလို ရေအများကြီး မလိုအပ်ပါဘူး။ တစ်ရွာလုံး Green House စနစ်သုံးပြီး စိုက်တဲ့သီးနှံတွေဖြစ်တဲ့အတွက် ဈေးကွက်ချိတ်ဆက် မှုအဆင်ပြေတာတွေ့ရပါတယ်။ လယ်သမားတစ်ဦး တစ်နှစ်ဝင်ငွေ ယွမ် ၂၀၀၀၀ မှ ၂၅၀၀၀ တိုးတက် ရရှိခဲ့တာကို လေ့လာခဲ့ရပါတယ်။ မြန်မာငွေသိန်း ၁၀၀ ဝင်ငွေရှိတဲ့သဘောပေါ့။ အိမ်တွေကို အုပ်စုသုံးစုခွဲပြီး လေ့လာခဲ့ပါတယ်။ ကျွန်တော်တို့ လေ့လာခဲ့တဲ့အိမ်က သုံးထပ်အိမ်ဖြစ်ပြီး အိမ်ရှေ့မှာ မာစီဒီး(စ်)ကားတစ်စီးရှိတယ်။ စိုက်ပျိုးမြေလေး ဧကလောက်ပိုင်တယ်။ အိမ်ကောင်းရှိတယ်၊ တိုက်ကောင်းကောင်းပိုင်တယ်၊ ကားပိုင်တယ်၊ Green House ၈၀ လောက်ရှိတယ်။ အိမ်တိုင်း နှစ်ထပ်/ သုံးထပ်အိမ်များဖြစ်တယ်။ လှလှပပ၊ သန့်သန့်ရှင်းရှင်းရှိပါတယ်။ ဝင်ငွေကောင်းပြီး အားလုံးအဆင် ပြေပျော်ရွှင်နေကြတာတွေ့ရပါတယ်။ အိမ်တွေမှာ ခြံစည်းရိုးရယ်လို့မရှိဘူး။ အားလုံးအဆင်ပြေကြတော့ ပစ္စည်းမပျောက်၊ သူခိုးမရှိတဲ့သဘောပါပဲ။

ဆင်းရဲမှုလျှော့ချရေးစီမံကိန်းတွေ ထောက်ပံ့မှုနဲ့ ဒီလိုဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ စီမံကိန်းက လိုအပ်တဲ့နည်းပညာတွေ၊ သင်တန်းတွေ၊ ငွေကြေးအထောက်အပံ့တွေ ပေးခဲ့ပါတယ်။ ခုတော့ ပတ်ဝန်းကျင်ရွာတွေမှာလည်း ဧက ၆၀၀၀ ကျော် Green House တွေ တိုးချဲ့စိုက်ပျိုး ထုတ်လုပ်နေပါ ပြီ။ ဆိပ်ကမ်းနဲ့သိပ်မဝေးတော့ ထုတ်ကုန်တွေ ဈေးကွက်အရောက်ပို့ဖို့လည်း သိပ်မဝေးလှပါဘူး။ စံပြရွာက မြို့လိုပါပဲ၊ အစိုးရရဲ့အထောက်အပံ့ စီမံကိန်းတစ်ခုတည်းကြောင့်မဟုတ်ပါဘူး။ ရွာသားတွေရဲ့ကြိုးစား အားထုတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ကျေးရွာခေါင်းဆောင်ကောင်းမှု၊ မြေအပြည့်အဝ အသုံးချမှု၊ ဈေးကွက်ဝင်ငွေရလွယ်မှု၊ သီးနှံတွေစဉ်ဆက်မပြတ် စိုက်ပျိုးထုတ်လုပ်နိုင်မှု၊ သီးနှံထွက် စွမ်းအားကောင်းမှုတွေကြောင့် ဝင်ငွေတိုးလာကြတာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း သီးနှံတွေ စိုက်ပျိုးရာမှာ Green House စနစ်အသုံးပြုနိုင်ပါက သီးနှံအရည်အသွေးနဲ့ အထွက်နှုန်းကောင်းမွန်လာပြီး စိုက်ပျိုးရေးကဏ္ဍ အမြန်ဖွံ့ဖြိုးတိုးတက်လာစေဖို့ ‌‌ထောက်အကူပြုနိုင်မယ်လို့ သုံးသပ်မိပါတယ်။ သဘာဝဂေဟစနစ်ကိုလည်း တစ်ဖက် တစ်လမ်းက အထောက်အကူပြုရာ ရောက်ပါတယ်။

ကျေးလက်ဒေသများ၏ ခံနိုင်ရည်စွမ်းအား ကောင်းစေပြီး ကျေးလက်နေပြည်သူများ ဆင်းရဲ တွင်းသို့ ပြန်မကျရောက်စေရန် ကာကွယ်ရေး

မရှိ တောင့်တ၊ ရှိကြောင့်ကြဆိုသလို ဆင်းရဲချိန်က လွတ်မြောက်ဖို့ ကြိုးစားခဲ့ရသလို လွတ်မြောက်လာတဲ့အခါ အရင်ဘဝ ပြန်မရောက်စေဖို့ ပူတောင့်ပူပင်ကြိုးစားကြရပြန် ပါတယ်။ တရုတ်နိုင်ငံဟာ နိုင်ငံရဲ့ဆင်းရဲမှုရာခိုင်နှုန်း (Poverty Incidence)ကို ၁၉၇၈ ခုနှစ်မှာ ၃၁ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်မှာ သုညရာခိုင်နှုန်း အထိလျှော့ချနိုင် ခဲ့တာကြောင့် ဆင်းရဲတဲ့လူဦးရေ သန်း ၂၅၀ ခန့် ဆင်းရဲတွင်းက လွတ်မြောက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့တာတွေ့ရပါတယ်။ နိုင်ငံတွင်း ဆင်းရဲနွမ်းပါးမှုကို အပြီးတိုင် ပပျောက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပေမယ့် ဆင်းရဲနွမ်းပါးမှု အနေအထားကို ပြန်လည်မရောက်ရှိစေဖို့ (Slip Back) ကာလတို၊ ကာလရှည်အစီအစဉ်တွေ ရေးဆွဲဆောင်ရွက်နေကြပါတယ်။ အမြဲမပြတ်စောင့်ကြည့်စစ်ဆေး အကဲဖြတ်ရေးအစီအစဉ် (M&E)တွေ ဆောင်ရွက်နေတာတွေ့ရတော့ မြန်မာနိုင်ငံအနေနဲ့လည်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေရဲ့ကာလတို၊ ကာလရှည်အစီအမံတွေအပေါ် စဉ်ဆက်မပြတ် M&E စနစ်တွေထားရှိ ဆောင်ရွက်သင့်တယ်လို့ သုံးသပ်မိပါတယ်။

UN ရဲ့ဆင်းရဲမှုမျဉ်း(Poverty Line)သတ်မှတ် ချက်နဲ့အညီ တရုတ်နိုင်ငံဟာ absolute poverty (လူတစ်ဦးတစ်နေ့ဝင်ငွေ ဒသမ ဒေါ်လာ အောက်) လူထုအား ၂၀၂၀ ပြည့်နှစ်တွင် သုည ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ပြီး ဒုတိယအဆင့်အနေနဲ့ လက်ရှိတွင် extreme poverty (လူတစ်ဦးတစ်နေ့ ဝင်ငွေ ဒသမ ဒေါ်လာအောက်) လူထုအား လျှော့ချနိုင်ရေး ရည်မှန်းချက်ချမှတ်ဆောင်ရွက် လျက်ရှိသလို ဒီရည်မှန်းချက်အောင်မြင်ပြီးပါက လည်း relative poverty (လူတစ်ဦး တစ်နေ့ ဝင်ငွေ ဒသမ ဒေါ်လာအောက်) လူထုအား ဆက်လက်လျှော့ချနိုင်ဖို့ စီစဉ်ဆောင်ရွက်လျက် ရှိတာကို အားကျဖွယ်တွေ့မြင်ရပါတယ်။

တစ်ဦးချင်းဝင်ငွေတိုးပွားရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတိုးတက်မြင့်မားလာစေဖို့ စိုက်ပျိုးမွေးမြူရေးနည်းပညာသင်တန်းတွေ၊ ရွှေ့ပြောင်းလုပ်သားတွေ အလုပ်အကိုင် ရရှိရေးအတွက် ကျွမ်းကျင်မှုသင်တန်းတွေ၊ စိုက်ပျိုးရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်းသင်တန်းတွေ၊ အမျိုးသမီးတွေအတွက် ကျွမ်းကျင်မှုသင်တန်းတွေ ဖွင့်လှစ်ပေးသလို ဝေးလံခေါင်ဖျားကျေးလက်ဒေသတွေကို သိပ္ပံနှင့် နည်းပညာနှင့် အင်တာနက်ချိတ်ဆက် ဝန်ဆောင်မှုများ ဖြန့်ဝေပေးခြင်း၊ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်တွေ ဈေးကွက်ရရှိရေးနဲ့ လွယ်ကူလျင်မြန်စွာ ရောင်းဝယ်ဖောက်ကားနိုင်ရေးအတွက် E-Commerce စနစ်ထူထောင်ဆောင်ရွက်ပေးခြင်း၊ ဓာတုကင်းစင်သော အစိမ်းရောင်အစားအစာ ထုတ်လုပ်မှုတွေ တိုးတက်မြင့်မားလာအောင် စီစဉ်ဆောင်ရွက်ပေးခြင်းနဲ့ နည်းပညာဖြန့်ဝေပေးခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိတာ တွေ့ခဲ့ရပါတယ်။

ပေဟိုင်မှအပြန်….

၂၉--၂၀၂၃ ရက်နေ့မှာလည်း လေ့လာရေး အစီအစဉ်တွေရှိပြီး ညနေပိုင်းမှ နန်နင်းကို ကားနဲ့ ပြန်၊ နန်နင်းကနေ ကွမ်ကျိုးကို လေယာဉ်စီးရမှာ ဖြစ်ပေမယ့် လေယာဉ်က Cancel ဖြစ်လို့ လေ့လာ ရေးတွေ မသွားဖြစ်တော့ဘဲ ပေဟိုင်-ကွမ်ကျိုးကိုရထားနဲ့ တိုက်ရိုက်ပြန်ဖြစ်ခဲ့ပါတယ်။ တိုက်ရိုက် ရထားမဟုတ်လို့ကြားထဲမှာ ၁၀ ဘူတာကျော် ဖြတ်ခဲ့ရပါတယ်။ ရထားလမ်းတွေ ကောင်းပါတယ်၊ ငြိမ်ပါတယ်။ စာရေးလို့ရပါတယ်။ ပတ်ဝန်းကျင် ရှုခင်းစိုက်ခင်းတွေလေ့လာလို့ရပါတယ်။ မြေလွတ် မရှိအောင် မြင်မြင်သမျှ စိုက်ပျိုးထားတာ တွေ့ရပါတယ်။ မြေအသုံးချမှုမှာ ၁၀၀ ရာခိုင်နှုန်းနီးပါးဖြစ်တာ တွေ့ရတယ်။ ကျွန်တော်တို့နိုင်ငံမှာ မြေလွတ်တွေများတယ်၊ အကြောင်းကြောင်းကြောင့် မစိုက်နိုင်တာရှိတယ်။ မိုးရာသီပဲ စိုက်ပျိုးကြတာများတယ်။

ဒီမှာတော့ အုပ်စုလိုက် ကြီးမြန်သစ်ပင်တွေ စိုက်ထားတာတွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ဆီမှာ အမြန်လမ်းမကြီးတွေဘေး၊ ပြည်နယ်/တိုင်းဒေသ ကြီးဘက်သွားတဲ့လမ်းမကြီးတွေ (အဝေးပြေးလမ်း မကြီးများ) ဘေးမှာဆို သူ့အလိုအလျောက် သဘာဝပေါက်တဲ့အပင်ရိုင်းတွေက ခပ်များများ မြင်မြင်သမျှကို ကိုယ့်နိုင်ငံနဲ့ယှဉ်ပြီး တွေးဆကြည့်မိနေ တော့တာပါပဲ။

ရထားလမ်းဘေးတစ်လျှောက်က ရွာတွေရဲ့ ဖွံ့ဖြိုးတိုးတက်နေမှုကိုလည်း မြင်တွေ့ခဲ့ပါတယ်။ ရထားက ကျည်ဆန်ရထားလောက် မမြန်ပေမယ့် တစ်နာရီကို ကီလိုမီတာ ၂၅၀ ဝန်းကျင်လောက် ရှိပါတယ်။ မိုင် ၁၂၀ မှ ၁၅၀ ဝန်းကျင်မောင်းတဲ့သဘောပဲ။ ရထားတွဲတွေ ကောင်းတယ်၊ လမ်းကောင်းတယ်။ ဘူတာရုံတွေ ကောင်းတယ်၊သန့်ရှင်း သပ်ရပ်တယ်။ အမှိုက်မတွေ့ရဘူး။ ကျွန်တော်တို့ ဆီကရထားလမ်းဘေးတွေမှာ အမှိုက်တွေရှိနေသေးတယ်။ ကားရပ်နားစခန်းတွေမှာ အမှိုက်တွေရှိနေ သေးတယ်။

သူတို့ဆီမှာတော့ရထားလမ်းဘေးက မြို့တွေ၊ ရွာတွေ ဖြတ်သွားရာမှာ တချို့နေရာတွေက သစ်ပင်အုပ်နဲ့ ကာထားတယ်၊ တချို့နေရာတွေ ခြံစည်းရိုးအပိတ် ကာထားတာတွေ့တယ်။ အတုယူစရာတွေ အများကြီးရှိပါတယ်။ ရထားစီးရင်းနဲ့တွေးမိ၊ ငေးမိတာတွေအားလုံးကို ဆောင်းပါးရေး ဖြစ်ခဲ့ပါတယ်။ ရထားက လျှပ်စစ်ရထားပါ။ကျွန်တော်တို့မှာ အိမ်သုံး၊ စက်ရုံသုံးတောင် လျှပ်စစ်ကမလုံလောက်သေး။ လျှပ်စစ်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးရေးက အလွန်ပဲအရေးကြီးပါတယ်။ လျှပ်စစ်မရှိရင်၊ လမ်းတွေမကောင်းရင် ဖွံ့ဖြိုးရေးဆက်စပ်လုပ်ငန်းတွေ၊ စီးပွားရေးတွေ၊ ပို့ဆောင်ရေးတွေ မလုပ်နိုင်ပါဘူး။ လျှပ်စစ်စွမ်းအင်ရရှိမှုက ကဏ္ဍစုံဖွံ့ဖြိုးရေးအတွက် အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်လို့ ကျွန်တော်တို့ အများကြီးကြိုးစားကြရပါဦးမယ်။ နည်းလမ်းတွေ ရှာဖွေကြရပါဦးမယ်။

သုံးသပ်အကြံပြုချက်

တရုတ်နိုင်ငံဟာ ကျေးလက်ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းတွေကို ၁၉၈၀ ပြည့်နှစ်မှစတင်ပြီး အမျိုးသားအဆင့်ဖွံ့ဖြိုးရေး မဟာဗျူဟာမှာ ပထမဦးစားပေးလုပ်ငန်း ကဏ္ဍအဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့တဲ့အပြင် နောက်ပိုင်းနှစ်တွေမှာလည်း နှစ်ကာလအပိုင်းအခြားအလိုက် ဆင်းရဲမှုလျှော့ချရေး မဟာဗျူဟာနဲ့အစီအစဉ်တွေ စဉ်ဆက်မပြတ် ချမှတ်ဆောင်ရွက်နိုင်ခဲ့တာ တွေ့ရပါတယ်။ ဒီလို ဆောင်ရွက်နိုင်ဖို့ Leading Group of Poverty Reduction and Development (LGOP)ကို ဖွဲ့စည်း ခဲ့တာကြောင့် မူဝါဒပိုင်းမှာ များစွာအထောက်အကူ ဖြစ်စေခဲ့သလို ဌာန၊ အဖွဲ့အစည်းတွေအချင်းချင်း ပေါင်းစပ်ညှိနှိုင်းမှု၊ ပူးပေါင်းအကောင်အထည်ဖော် မှုပိုင်းမှာ များစွာအကျိုးသက်ရောက်စေခဲ့တာ တွေ့ရှိ ရပါတယ်။ မြန်မာနိုင်ငံမှာလည်း တရုတ်နိုင်ငံလိုနိုင်ငံရဲ့ကျေးလက်ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ အမျိုးသားအဆင့်ကော်မတီ ဖွဲ့စည်းဆောင်ရွက်နိုင် ရင် ယခုထက်ပိုပြီး ထိရောက် အောင် ဆောင်ရွက်နိုင်မယ်လို့ သုံးသပ်မိပါတယ်။

ဗဟိုအဆင့်မှချမှတ်တဲ့ ဆင်းရဲမှုလျှော့ချရေးဆိုင်ရာမူဝါဒတွေနဲ့အညီ နယ်မြေဒေသအလိုက်၊ လုပ်ငန်းနယ်ပယ်အလိုက် ပြည့်စုံကောင်းမွန်တဲ့မဟာ ဗျူဟာတွေ၊ အစီအစဉ်တွေ၊ စီမံကိန်းတွေ ရေးဆွဲချမှတ်ဆောင်ရွက်နိုင်ခဲ့တဲ့ သက်ဆိုင်ရာဌာနတွေ၊ ပြည်နယ်၊ စီရင်စု၊ ကောင်တီအစိုးရတွေရဲ့ ဖွံ့ဖြိုး ရေးအသိအမြင်နဲ့ စွမ်းဆောင်ရည်မြင့်မားမှုဟာလည်း မူဝါဒတွေ ထိရောက်အောင်မြင်စေဖို့များစွာ အထောက်အကူပြုတာ လေ့လာတွေ့ရှိရပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ဆင်းရဲမှုလျှော့ချရေး ဆိုင်ရာမဟာဗျူဟာတွေ၊ အစီအစဉ်တွေနဲ့ စီမံကိန်းတွေအပေါ် လေ့လာသုံးသပ်ပြီး မိမိနိုင်ငံနဲ့သင့်လျော် ကိုက်ညီတဲ့စီမံဆောင်ရွက်မှု၊ အကောင်အထည်ဖော်မှုစနစ်တွေကို ဖော်ထုတ်ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း အကြံပြုတင်ပြလိုက်ရပါတယ်။