Skip to main content

“ရွှေလီ၊ ရဲရွာ ရေအားလျှပ်စစ်စက်ရုံတွေကထွက်လာတဲ့ ဓာတ်အားတွေကို မြန်မာနိုင်ငံ တောင်ပိုင်းကို ပိုမိုလျင်မြန်စွာ ပို့လွှတ်နိုင်ရေးအတွက် ဒီစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်”

 

တွေ့ဆုံမေးမြန်းသူ - အေမင်းရည်စော(ပြန်/ဆက်)

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ ကံကောင်း (မိတ္ထီလာ) -စပါးကြွယ် (တောင်ငူ) ဓာတ်အားလိုင်း အပြီးသတ်ချိတ်ဆက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့်ပတ်သက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင် အား အုတ်တွင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တွေ့ဆုံမေးမြန်း ခဲ့သည်များကို ဖော်ပြအပ်ပါသည်။

မေး     ။        ။        ဆရာတို့ ၅၀၀ ကေဗွီ လျှပ်စစ်ဓာတ်အားလိုင်း စီမံကိန်းကို စတင် အကောင်အထည်ဖော်ခဲ့တာနဲ့ ပတ်သက် လို့ သိလိုပါတယ်။

ဖြေ     ။        ။        မြန်မာနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေ၊ အထူးသဖြင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံတွေက ထွက်ရှိတဲ့ လျှပ်စစ်ဓာတ်အားတွေကို လျှပ်စစ်ဓာတ်အားသုံးစွဲမှုများတဲ့ ရန်ကုန် မြို့နဲ့တကွ မြန်မာနိုင်ငံတောင်ပိုင်းကို ပို့လွှတ်ဖြန့်ဖြူးဖို့ ၅၀၀ ကေဗွီ ဓာတ်အားလိုင်းစီမံကိန်းကို ၂၀၁၃-၂၀၁၄ ခုနှစ်လောက်ကစပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ ယခင်ကတော့ ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီဓာတ်အားလိုင်းတွေနဲ့ ပို့လွှတ်ဖြန့်ဖြူးခဲ့ပေမယ့် လျှပ်စစ်ဓာတ်အား သုံးစွဲမှု နှစ်စဉ်တိုးတက်များပြားလာတဲ့အတွက် ၂၃၀ ကေဗွီဓာတ်အား လိုင်းတွေနဲ့ ဓာတ်အားပို့လွှတ်ရာမှာ ဒီဓာတ်အားလိုင်း‌တွေဟာ ဝန်အား နိုင်နင်းမှုမရှိတော့တဲ့အတွက် ၅၀၀ ကေဗွီဓာတ်အားလိုင်းနဲ့ ခွဲရုံတွေကို အကောင်အထည်ဖော် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ စီမံကိန်းတည်နေရာတွေကတော့ ကံကောင်း(မိတ္ထီလာ)မှာ ၅၀၀/၂၃၀ ကေဗွီ ဓာတ်အားခွဲရုံ တည်ဆောက်တယ်။ ဒီ ၅၀၀ ကေဗွီ ကံကောင်းခွဲရုံကနေ စပါးကြွယ်(တောင်ငူ) အထိ ၅၀၀ ကေဗွီဓာတ်အားလိုင်း ၁၄၆ မိုင် တည်‌ဆောက်သလို စပါးကြွယ်မှာ ၅၀၀/၂၃၀ ကေဗွီ ဓာတ်အားခွဲရုံ စီမံကိန်းတည်‌‌ဆောက်အကောင်အထည်‌ဖော်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ကံကောင်းဓာတ်အားခွဲရုံကနေ စပါးကြွယ်ခွဲရုံအထိ ၅၀၀ ကေဗွီဓာတ်အားလိုင်း တည်ဆောက် ပြီးစီးသွားပြီ ဖြစ်ပါတယ်။ အခု တည်ဆောက်ပြီးစီးသွားတဲ့ ၅၀၀ ကေဗွီဓာတ်အားလိုင်းကို လက်ရှိ နိုင်‌ငံတော်ဓာတ်အားစနစ်နဲ့ ချိတ်ဆက်ဖို့အတွက် မိတ္ထီလာအနီးမှာရှိတဲ့ ၂၃၀ ကေဗွီ သပြေဝဓာတ်အားခွဲရုံနဲ့ ၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံ ကြား ၂၃၀ ကေဗွီဓာတ်အားလိုင်း တည်ဆောက်ပြီးစီးသွားပြီ ဖြစ်ပါတယ်။ ထို့အတူ တောင်ငူဘက်မှာလည်း ၅၀၀ ကေဗွီ စပါးကြွယ်ဓာတ်အားခွဲရုံနဲ့ ၂၃၀ ကေဗွီ တောင်ငူဓာတ်အားခွဲရုံတွေကို ချိတ်ဆက်ဖို့အတွက် ၂၃၀ ကေဗွီဓာတ်အားလိုင်း တည်ဆောက်ပြီးစီးသွားပြီဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့က မြန်မာနိုင်ငံမြောက်ပိုင်းမှာ ရှိတဲ့ ရေအားလျှပ်စစ်စက်ရုံတွေ၊ အထူးသဖြင့် ရွှေလီ၊ ရဲရွာရေအား လျှပ်စစ်စက်ရုံတွေက ထွက်လာတဲ့ ဓာတ်အားတွေကို မြန်မာနိုင်ငံ တောင်ပိုင်းကို ပိုမိုလျင်မြန်စွာ ဓာတ်အားပို့လွှတ်နိုင်ရေးအတွက် ဒီစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။

မေး     ။        ။ ၂၃၀ ကေဗွီဓာတ်အားကို ဘယ်တော့လောက်စပြီး ပို့လွှတ်ပေးဖို့ စီစဉ်ထားပါသလဲ။

ဖြေ     ။        ။ ဒီ ၂၃၀ ကေဗွီဓာတ်အားကို မကြာမီပို့လွှတ်သွားမှာပါ။ ၂၃၀ ကေဗွီ သပြေဝဓာတ်အားခွဲရုံကနေ ကံကောင်း ဓာတ်အားခွဲရုံ၊ ကံကောင်းကနေတစ်ဆင့် စပါးကြွယ်၊ စပါးကြွယ်ကနေ တစ်ဆင့် တောင်ငူအထိ ၂၃၀ ကေဗွီ ပို့လွှတ်သွားမှာပါ။ ၅၀၀ ကေဗွီ ဓာတ်အားခွဲရုံတွေကို၂၀၂၃-၂၀၂၄ ခုနှစ်မှာ ပြီးစီးအောင်ဆောင်ရွက်နေပါတယ်။ ဒီ ၅၀၀ ကေဗွီဓာတ်အားခွဲရုံတွေပြီးရင်တော့ ကံကောင်းကနေ စပါးကြွယ်အထိ ၅၀၀ ကေဗွီဓာတ်အား ပို့လွှတ်သွားမှာပါ၊ တောင်ငူကို ၂၃၀ ကေဗွီနဲ့ ဆက်လက်ဖြန့်ဖြူးမှာပါ၊ ၂၀၂၃-၂၀၂၄ ဘတ်ဂျက်မှာ ၅၀၀ ကေဗွီဓာတ်အား ထုတ်လုပ်သုံးစွဲနိုင်ဖို့ စီမံချက်ချဆောင်ရွက်နေ ပါတယ်။

မေး     ။        ။        ၅၀၀ ကေဗွီဓာတ်အားလိုင်းစီမံကိန်းနဲ့ ပတ်သက်ပြီး ဆောင်ရွက်ဖို့ ကျန်ရှိနေတဲ့အပိုင်းလေးတွေလည်း သိချင်ပါတယ်။

ဖြေ     ။        ။ ၅၀၀ ကေဗွီဓာတ်အားလိုင်း စီမံကိန်းတွေက အခုထိ ကံကောင်းကနေ စပါးကြွယ် ၅၀၀ ကေဗွီဓာတ်အားလိုင်း ၁၄၆ မိုင် တည်ဆောက်ပြီးစီးသွားပါပြီ။ ကံကောင်းကနေ စပါးကြွယ်၊ စပါးကြွယ်ဓာတ်အားခွဲရုံကနေ ဘုရားကြီးအထိ ဓာတ်အားလိုင်း ၁၀၈ မိုင် တည်ဆောက်နေဆဲဖြစ်ပါတယ်။ ကြိုးတွေဆွဲနေပါပြီ။ ၂၀၂၃မှာ ပြီးစီးအောင် ဆောင်ရွက်နေပါ တယ်။ ဘုရားကြီးမှာ ၅၀၀ ကေဗွီဓာတ်အား ခွဲရုံတစ်ရုံနဲ့ ရန်ကုန်လှိုင်သာယာအနောက်ပိုင်း တက္ကသိုလ်အနီး ၅၀၀ ကေဗွီဓာတ်အားခွဲရုံတစ်ရုံ တည်ဆောက်ဖို့ စီမံကိန်း စတင် ဆောင်ရွက်နေပါတယ်။ ဘုရားကြီးကနေ ရန်ကုန် လှိုင်သာယာအထိ မိုင် ၆၀ ရှိပြီး ဒီစီမံကိန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ ပြီးစီးအောင်ရည်မှန်း ချက်ထား တည်ဆောက်အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ စပါးကြွယ်-ဘုရားကြီး-လှိုင်သာယာအထိ အားလုံးတည်ဆောက်ပြီး သွားရင် ကံကောင်း(မိတ္ထီလာ)ကတစ်ဆင့် ရန်ကုန်အထိ တိုက်ရိုက် ၅၀၀ ကေဗွီ ဓာတ်အား ပို့လွှတ်ပြီး ဗို့အားပြည့်မီစွာ ဖြန့်ဖြူးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် Interconnection လိုင်းတွေတည်ဆောက်ပြီး သက်ဆိုင်ရာပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကို ၅၀၀ ကေဗွီဓာတ်အားခွဲရုံ တွေကနေ ဖြန့်ဖြူးဓာတ်အားပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအထက်ပိုင်းမှာရှိတဲ့ ဓာတ်အားပေး စက်ရုံတွေ၊ ရေအားလျှပ်စစ်ဓာတ်အား‌ပေးစက်ရုံတွေနဲ့ ဆိုလာစီမံကိန်း တွေဆီက ထွက်ရှိလာတဲ့ ဓာတ်အားတွေကို ရန်ကုန်မြို့နဲ့တကွ မြန်မာနိုင်ငံတောင်ပိုင်းမှာရှိတဲ့ ပြည်သူတွေ ဆီ လျှပ်စစ်မီး လုံလုံလောက်လောက်ပေးသွားနိုင်မှာ ဖြစ်ပါတယ်။ ဓာတ်အားလိုင်းစီမံကိန်းတွေ၊ ဓာတ်အားခွဲရုံစီမံကိန်းတွေ အားလုံးပြီးစီးသွားပြီဆိုရင် ဓာတ်အားထုတ်လုပ်ပေးသမျှကို ဓာတ်အားပို့လွှတ်ရေးစီမံကိန်းဌာနအနေနဲ့ ဓာတ်အားလိုင်းကြီးများမှတစ်ဆင့် ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးနိုင်မှာ ဖြစ်ပါတယ်။

မေး     ။        ။ ဒီစီမံကိန်းရဲ့ လုပ်ငန်းဆောင်ရွက်မှုနဲ့ပတ်သက်ပြီး တခြားပြင်ပကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုအခြေအနေကိုလည်း ပြောပြပေးပါ။

ဖြေ     ။        ။ ၅၀၀ ကေဗွီဓာတ်အားလိုင်းပစ္စည်း တာဝါတိုင်တွေ၊ ကြိုးတွေကို ဆားဘီးယားချေးငွေနဲ့ ၂၀၁၃-၂၀၁၄ ကစပြီး ဝယ်ယူစုဆောင်းထားတာပါ၊ ၂၀၁၄ မှာ နိုင်ငံတော် ဘတ်ဂျက်နဲ့ ကြိုးဆွဲလုပ်ငန်းတွေ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ ၅၀၀ ကေဗွီဓာတ်အားလိုင်း Foundation လုပ်ငန်းတွေ၊ တိုင်ဆင်လုပ်ငန်းတွေကို ပြင်ပကုမ္ပဏီအဖွဲ့ ၁၀ ဖွဲ့နဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ကြိုးဆွဲလုပ်ငန်းကို ဌာနတွင်းကျွမ်းကျင်လုပ်သားနဲ့ နိုင်ငံတွင်း ပြင်ပကျွမ်းကျင်လုပ်သား အင်အား ၅၀၀ ခန့်နဲ့ ၅၀၀ ကေဗွီဓာတ်အား လိုင်း စီမံကိန်းကို တည်ဆောက်အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၃၀ ရက်မှာ အားလုံး ပြီးသွားပါပြီ။ အခု ဆက်လက်ဆောင်ရွက် နေတာက Interconnection ပိုင်းပါ။ မကြာမီ သပြေဝမှ တောင်ငူအထိ တိုက်ရိုက်မီးပေးလို့ရပါပြီ။ အရင်ကဖြစ်ပေါ်နေတဲ့ ဝန်အားမမျှတမှု ကင်းဝေးပြီး ပြည်သူတွေအတွက် များစွာအထောက်အကူပြုပေးသွားမှာ ဖြစ်ပါတယ်။

မေး     ။        ။        အခုတည်ဆောက်နေတဲ့စီမံကိန်း ပြီးသွားပြီဆိုရင် ပြည်သူတွေအတွက် လျှပ်စစ်သုံးစွဲမှုက ဘယ်လောက်အတိုင်း အတာအထိ အကျိုးရှိသွားနိုင်မလဲ။

ဖြေ     ။        ။        ဟုတ်ကဲ့၊ ဒီဓာတ်အားလိုင်းကြီး ပြီးစီးသွားတဲ့အတွက် မြန်မာနိုင်ငံ မြောက်ပိုင်းမှာ လက်ရှိပြင်ဆင်ပြီး၊ တည်ဆောက်ပြီးဖြစ်တဲ့ ရွှေလီဓာတ်အားပေးစက်ရုံက လျှပ်စစ်ဓာတ်အားတွေ၊ ရဲရွာစက်ရုံက လျှပ်စစ်ဓာတ်အားတွေအပြင် နောက်ထပ်တည်ဆောက် မယ့်စီမံကိန်းတွေ ရှိပါတယ်။ အထက်ရဲရွာလို စီမံကိန်းတွေ၊ အခြား ရေအား လျှပ်စစ်စီမံကိန်း တွေလည်း ရှိပါတယ်။ နောက်ပြီး သဘာဝဓာတ်ငွေ့ ဓာတ်အားပေးစက်ရုံ စီမံကိန်းတွေလည်း ရှိပါတယ်။ အဲဒီကထွက်လာတဲ့ ဓာတ်အားတွေကို ၂၃၀ ကေဗွီ သပြေဝဓာတ်အားခွဲရုံကတစ်ဆင့် ၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံကို ပို့လွှတ်မှာ ဖြစ်ပါတယ်။ ထို့အတူ ကံကောင်း ဓာတ်အားခွဲရုံအနီးမှာ ဆိုလာနဲ့ Plant တွေ ဓာတ်အားပေးဆက်နေတဲ့ တည်ဆောက်မှုမှာပါတဲ့ စီမံချက်တွေရှိပါတယ်။ အဲဒီဓာတ်အားတွေကလည်း ကံကောင်းဓာတ်အားခွဲရုံကို ရောက်ရှိ လာမှာဖြစ်ပြီး ကံကောင်းဓာတ်အားခွဲရုံကြီး ပြီးစီးသွားရင် အဲဒီကတစ်ဆင့် မြန်မာနိုင်ငံ တောင်ပိုင်း တောင်ငူကို ၅၀၀ ကေဗွီ ဓာတ်အားလိုင်းနဲ့ ပို့လွှတ်နိုင်မှာဖြစ်ပါတယ်။ ၅၀၀ ကေဗွီနဲ့ ကံကောင်းကနေ တောင်ငူ-စပါးကြွယ်ကို ရောက်မယ်။ တောင်ငူ - စပါးကြွယ်မှာလည်း ၅၀၀ ကေဗွီ၊ ၂၃၀ ကေဗွီ ဓာတ်အားခွဲရုံကြီးထိုင်ထားတယ်။ ကံကောင်းမှာလည်း ၅၀၀ ကေဗွီ၊ ၂၃၀ ကေဗွီ ဓာတ်အားခွဲရုံထိုင်တယ်။ ပြီးတော့မှ ၂၃၀ ကေဗွီ ကနေ ၅၀၀ ကေဗွီကို မြှင့်မယ်။ ၅၀၀ ကေဗွီနဲ့ စပါးကြွယ်ကို ဓာတ်အား ပို့မယ်။ စပါးကြွယ်ကနေတစ်ဆင့် ၅၀၀ ကေဗွီမှ ၂၃၀ ကေဗွီကို ထရန် စဖော်မာအနေနဲ့ Voltage ချပြီး တောင်ငူကို ချိတ်ဆက်ထားတယ်။ ၅၀၀ ကေဗွီ ခွဲရုံကြီးတွေပြီးသွား မယ်ဆိုရင်တော့ ၅၀၀ ကေဗွီ ဓာတ်အားလိုင်း ပို့မှာပါ။ ဒါပေမယ့် ၂၃၀ ကေဗွီ ဓာတ်အားလိုင်းတော့ ပြီးသွားပြီ။ ၅၀၀ ကေဗွီ ဓာတ်အားခွဲရုံတွေက မပြီးသေးဘူး။ လက်ရှိ တည်ဆောက်ဆဲဖြစ်တဲ့အတွက် ဒါကို အကျိုးရှိရှိအသုံးချဖို့ လောလောဆယ်တော့ ၂၃၀ ကေဗွီဓာတ်အားကို သပြေဝခွဲရုံကနေ တောင်ငူအထိ တိုက်ရိုက်ပို့လွှတ်သွားမှာ ဖြစ်ပါတယ်။ အဲဒီလို ပို့လွှတ်လိုက်တဲ့အတွက် ဘယ်လိုအကျိုးရလဒ်တွေဖြစ်လာလဲ ဆိုတော့ ယခင်တုန်းက မြန်မာနိုင်ငံတောင်ပိုင်းကို ပို့လွှတ်နေတာက ၂၃၀ ကေဗွီ သ‌ပြေဝဓာတ်အားခွဲရုံကနေ တောင်တွင်းကြီးဓာတ်အားခွဲရုံကို တစ်လိုင်းပို့တယ်။ တောင်တွင်းကြီးကနေ ရွှေတောင်၊ မြောင်းတကာကတစ်ဆင့် ရန်ကုန်ကို ဝန်အားစီးဆင်းပါတယ်။ နောက်တစ်ခုကတော့ သပြေဝကနေတစ်ဆင့်သာစည်၊ ရွှေမြို့၊ ပျဉ်းမနား၊ သဲဖြူကနေတစ်ဆင့် တောင်ငူကို ရောက်လာတာပေါ့။ မြန်မာနိုင်ငံတောင်ပိုင်းမှာက ဝန်အားသုံးစွဲမှုများတဲ့အခါ သုံးစွဲတဲ့လိုင်း တွေမှာ ဝန်အားမမျှ ဖြစ်တယ်။ အဲဒီအခါ ဝန်အားကိုထိန်းညှိပြီးတော့ ပို့လွှတ်ရတယ်။ ပို့လွှတ်သမျှ ဓာတ်အားကို မပို့ပေးနိုင်ဘူး။ ဒါကြောင့် ၅၀၀ ကေဗွီ ဓာတ်အားလိုင်းကို မဖြစ်မနေ အကောင်အထည်ဖော် တည်ဆောက်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီဓာတ်အားလိုင်းပြီးသွားတဲ့အတွက် ဓာတ်အားတွေ ပြည့်ပြည့်ဝဝရရှိလာမယ်ဆိုရင် ဒီဓာတ်အားလိုင်းမှာ ကန့်သတ်ချက်တွေ မရှိတော့ဘဲနဲ့ ဓာတ်အားရှိသမျှ မြန်မာနိုင်ငံတောင်ပိုင်းကို ပို့လွှတ်သွားနိုင်မှာ ဖြစ်ပါတယ်။ ရေအားစက်ရုံတွေ၊ ဓာတ်အားစက်ရုံတွေ ထပ်တိုးပြီး ထုတ်နိုင်ရင် ဓာတ်အားလိုင်းတွေကလည်း အလွယ်တကူ ပို့လွှတ်ဖြန့်ဖြူး ပေးနိုင်မှာဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေအတွက် အများကြီး အကျိုးရှိစေပါတယ်။ ဒါ့အပြင် ဓာတ်အားလိုင်းကြီး ပြီးသွားတဲ့အတွက် ဓာတ်အားလေလွင့် ဆုံးရှုံးမှုလည်း လျော့နည်းသက်သာသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့က မလိုအပ်ဘဲနဲ့ ဓာတ်အားလေလွင့်ဆုံးရှုံးမှု ဖြစ်ပေါ်နေတာကို လျှော့ချနိုင်မယ်၊ တစ်ဖက်တစ်လမ်းက နိုင်ငံ့ ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှုတွေကို လျော့နည်းစေပြီး ဓာတ်အား လေလွင့်မှု‌ဖြစ်ပေါ်တာတွေ လျော့သွားရင် မဂ္ဂါဝပ်တွေတိုးလာမယ်။ ဒါဆိုရင် ပြည်သူတွေအတွက် ဓာတ်အားတွေ ပိုမိုဖြန့်ဖြူးပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဓာတ်အားလိုင်းကြီးပြီးသွားရင် ကျွန်တော်တို့ ပြည်သူတွေအတွက် အများကြီး အကျိုးရှိစေပါတယ်။ အထောက်အကူ ဖြစ်စေပါတယ်။

ယခု အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ၂၃၀ ကေဗွီ စပါးကြွယ် - တောင်ငူ ဓာတ်အားလိုင်း ဆောင်ရွက်ပြီးစီးပါက လျှပ်စစ်ဓာတ်အားများကို တောင်ငူခွဲရုံမှတစ်ဆင့် ရန်ကုန်မြို့နှင့်တကွ မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ ဓာတ်အားပြည့်ဝစွာ ပို့လွှတ် ဖြန့်ဖြူးပေး နိုင်မည့်အပြင် ဓာတ်အားလိုင်းတွင်ဖြစ်ပေါ်နေသည့် ဓာတ်အားပျောက်ဆုံးမှုများ လည်း လျော့နည်းသက်သာသွားမည်ဖြစ်သဖြင့် ပြည်သူများသို့ လျှပ်စစ်ဓာတ်အား ပိုမိုပို့လွှတ် ဖြန့်ဖြူးပေးသွားနိုင်တော့မည်ဖြစ်သည်။ မကြာမီ ၅၀၀ ကေဗွီလိုင်းဖြင့် ၂၃၀ ကေဗွီဓာတ်အား စတင်ပို့လွှတ်နိုင်‌တော့မည်ဖြစ်ပြီး ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ၅၀၀ ကေဗွီ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးနိုင်ရေး စီမံချက်ချ၍ ဆောင်ရွက်နေပါကြောင်း ရေးသားဖော်ပြအပ်ပါသည်။ ။