ကမ္ဘာမြေ အစဉ်အမြဲတည်တံ့စေရေး လုပ်နိုင်သည်ကစ၍ ပါဝင်ဆောင်ရွက်ပေး
ကမ္ဘာမြေကြီး၏ပေးစွမ်းမှု (Source and Sink)
ကျွန်ုပ်တို့ လူသားများအပါအဝင် သက်ရှိသတ္တဝါအားလုံးသည် ကမ္ဘာကြီး၏အထောက်အပံ့ကိုရယူပြီး ရှင်သန်ရပ်တည်လာကြသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်လာပြီဖြစ်ပါသည်။ ကမ္ဘာကြီးသည် ကျွန်ုပ်တို့ ကျန်းမာပျော်ရွှင်စွာ ရှင်သန်ရပ်တည်နိုင်ရန် လုပ်ငန်းကြီးနှစ်ခုကို အစဉ်သဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။ တစ်ခုမှာ သက်ရှိများ ရှင်သန်နေထိုင်ရေးအတွက် ရေ၊ လေ၊ မြေ၊ ရုပ်ကြွင်း လောင်စာ၊ သစ်ပင်၊ သစ်တောကဲ့သို့သော သယံဇာတများ ထုတ်လုပ်ပေးခြင်း(Source)ဖြစ်ပြီး ကျန်တစ်ခုမှာ ယင်းသယံဇာတများကို အသုံးပြုပြီး စွန့်ထုတ်လိုက်သည့် စွန့်ပစ်အရာများ စုပ်ယူလက်ခံပေးခြင်း(Sink) ဖြစ်ပါသည်။
ကမ္ဘာကြီးက ထုတ်လုပ်ပေးသည့် သယံဇာတများကို အသုံးပြုပြီး လူသားတို့သည် ကျန်းမာပျော်ရွှင်စွာ အသက်ရှင်နေထိုင်နိုင်ခြင်း၊ လူမှုရေး၊ စီးပွားရေးများဆောင်ရွက်နိုင်ခြင်း စသည့် အသက်ရှင် ရပ်တည်ရေး အကျိုးကျေးဇူးများ ရရှိလျက်ရှိပါသည်။ ထို့အတူလူသားများ၏ နေ့စဉ်အသုံးပြုပြီးထွက်ရှိလာသည့် မီးခိုးငွေ့များ၊ အမှိုက်သရိုက်များ၊ စွန့်ပစ်ပစ္စည်းများ၊ အညစ်အကြေးများကို စွန့်ပစ် လျက်ရှိရာ ကမ္ဘာမြေကြီးက လက်ခံစုပ်ယူပေးနေခြင်းကြောင့်လည်း လူသားများသည် ဤကမ္ဘာမြေကြီးပေါ်တွင် ကျန်းမာ၊ သန့်ရှင်းစွာ နေထိုင်ခွင့်ရရှိနေပါသည်။
သဘာဝသယံဇာတများဆိုရာဝယ် ရေ၊ မြေ၊ လေ၊ ရုပ်ကြွင်း လောင်စာများ၊ သစ်တော၊ သစ်ပင်များ၊ ဓာတ်သတ္တုများ၊ သဘာဝ ဓာတ်ငွေ့များ စသည်တို့ပါဝင်ပါသည်။ အဆိုပါ သယံဇာတများကို ရေ၊ မြေ၊ လေ၊ သစ်တော၊ ငါး အစရှိသည်တို့ပါဝင်သည့် အသစ်တစ်ဖန် ပြန်လည်ဖြစ်ပေါ်လာစွမ်းရှိသော ပြန်လည်ပြည့်ဖြိုးနိုင်သည့် သယံဇာတ များ(Renewable Resources) နှင့် ရုပ်ကြွင်းလောင်စာ၊ သတ္တုကဲ့သို့ သော အသစ်တစ်ဖန် ပြန်လည်မပြည့်ဖြိုးနိုင်သည့် သယံဇာတများ (Non-renewable Resources)ဟူ၍ နှစ်မျိုးခွဲခြားနိုင်ပါသည်။
အကန့်အသတ်ကျော်လွန်၍ထုတ်ယူခြင်းနှင့် မဆင်မခြင်စွန့်ပစ်ခြင်း
နေ့စဉ်တိုးပွားလာသောလူသားတို့၏ သယံဇာတများ အလွန်အကျွံထုတ်ယူခြင်းနှင့် ထုတ်ယူအသုံးပြုပြီး ထွက်ရှိလာသည့်ပစ္စည်းများကို စွန့်ပစ်ခြင်းတို့သည် ကမ္ဘာကြီးက ထုတ်ပေးနိုင်သည့် ပမာဏ၊ စုပ်ယူလက်ခံပေးနိုင်သည့်ပမာဏထက် ကျော်လွန်နေပြီဖြစ်ကြောင်းကို ယနေ့လူသားတို့ရင်ဆိုင်ကြုံတွေ့နေရသော ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများက မီးမောင်းထိုးပြနေပါသည်။ ထို့ကြောင့် ကမ္ဘာကြီး၏ သယံဇာတများထုတ်လုပ်ပေးခြင်းစွမ်းရည်နှင့် စွန့်ပစ်ပစ္စည်းစုပ်ယူ လက်ခံထားရှိနိုင်မှုစွမ်းရည်မှာ အကန့်အသတ်(Limitation) ရှိကြောင်း သတိပြုရမည်ဖြစ်သည်။ လက်ရှိတွင် ကမ္ဘာကြီးက ထုတ်လုပ်ပေးနိုင်သော သယံဇာတဖြစ်ပေါ်မှုထက် တစ်နှစ်လျှင် ၃၀ ရာခိုင်နှုန်း ပိုမိုထုတ်ယူနေကြောင်း သိရှိရပါသည်။ (Source; Global footprint network)။ ထိုသို့ ထုတ်ယူမှုကြောင့် ကမ္ဘာကြီး၏ မြေ၊ လေ ကြံ့ခိုင်မှုမှာ ၂၀၁၀ ပြည့်နှစ်တွင် ၁၉၇၀ ပြည့်နှစ်ကထက် ၄၀ ရာခိုင်နှုန်း ကျဆင်းလာကြောင်း မှတ်သားရပါသည်။ လက်ရှိပမာဏ အတိုင်းသာ သယံဇာတများကို ဆက်လက်ထုတ်ယူသုံးစွဲပြီး စွန့်ပစ် ပစ္စည်းများ မဆင်မခြင်စွန့်ပစ်ပါက ၂၀၅၀ ပြည့်နှစ်တွင် ဤကမ္ဘာ မြေကြီးကဲ့သို့ ကမ္ဘာမြေကြီးတစ်ခု ထပ်မံလိုအပ်လာမည်ဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုသော် ကမ္ဘာမြေကြီးက ဆောင်ရွက်ပေးနိုင်သည့် အကန့်အသတ်ထက်ကျော်လွန်၍ (Beyond the Limit) ထုတ်ယူသုံးစွဲ နေပါက သယံဇာတများ ပျောက်ကွယ်သွားမည်ဖြစ်ပါသည်။
လူသားတို့နေ့စဉ်စားသုံးနေသည့် ဆန်နို့ဆီဘူးတစ်ဘူး ရရှိရန်ရေချိုဂါလန် ၂၀၀ ကျော် ထုတ်ယူသုံးစွဲရပါသည်။ ထို့ကြောင့် စားနိုင်ရုံသာချက်ခြင်း၊ ကုန်စင်အောင်စားခြင်းတို့သည် ရေချိုသယံဇာတများ ထိန်းသိမ်းရာရောက်ပါမည်။ စက္ကူတစ်တန်ထုတ်လုပ်ရန် ရေချိုဂါလန် ၇၀၀၀ လိုအပ်သည့်အတွက် ရုံး၊ ကျောင်း၊ ဌာနများအနေဖြင့် တစ်နှစ်လျှင် ပျမ်းမျှ A4 စက္ကူထုပ် ၁၀၀ သုံးစွဲခြင်းသည် ရေချိုဂါလန် ၁၇၀၀ ခန့် အသုံးပြုလိုက်ခြင်းဖြစ်ပါသည်။ အဆိုပါ ရေချိုဂါလန် ၁၇၀၀ ပမာဏသည် လူတစ်ဦးအနေဖြင့် တစ်ရက်လျှင် ရေချို သုံးလီတာ သောက်သုံးပါက ရက်ပေါင်း ၂၅၅၀ ခန့် သောက်သုံးနိုင်သည့် ပမာဏ ဖြစ်ပါသည်။ နေ့စဉ်အမှတ်မထင် ဂရုမပြုမိသော ကိစ္စရပ်များသည် တန်ဖိုးဖြတ်မရသည့် သယံဇာတများကို ဖြုန်းတီးနေသည်ကိုလည်းသတိပြုရမည် ဖြစ်ပါသည်။ စိမ့်ကျနေသော ရေပိုက်များကို မပြုပြင်ဘဲထားရှိရာမှ တစ်စက္ကန့်လျှင် ရေတစ်ပေါက်နှုန်းဖြင့် တစ်နှစ်ကြာလျှင် ရေဂါလန် ၈၈၀ ဆုံးရှုံးလျက်ရှိပါသည်။ ထို့ကြောင့် မိမိတို့ နေ့စဉ်သုံးစွဲ နေရသောအရာများသည် သယံဇာတအမြောက်အမြား သုံးစွဲထားရသဖြင့် အလေအလွင့်မဖြစ်အောင်သုံးစွဲခြင်း၊ ချွေတာသုံးစွဲခြင်း၊ လျှော့ချသုံးစွဲခြင်းဖြင့် သယံဇာတများကို မိမိတို့ တစ်နိုင်တစ်ပိုင် ထိန်းသိမ်းကာကွယ်နိုင်မည် ဖြစ်ပါသည်။
သတိပြုရမည့် ကမ္ဘာကြီး၏အကျပ်အတည်းများ
ယနေ့ကမ္ဘာကြီးသည် ရာသီဥတုပြောင်းလဲမှုအကျပ်အတည်း၊ သဘာဝနှင့် ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးမှုအကျပ်အတည်း၊ စွန့်ပစ်ပစ္စည်းနှင့် ညစ်ညမ်းမှုအကျပ်အတည်း ဟူသော Triple Planetary Crisis ကြီးကို ရင်ဆိုင်နေရပြီး အဆိုပါ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာ များသည် တစ်ခုနှင့်တစ်ခု ဆက်နွှယ်လျက်ရှိပါသည်။ တစ်ခုဖြစ်လျှင် ထိုတစ်ခုနှင့်သာ ရပ်တန့်သွားသည် မဟုတ်ပေ။ သစ်တောသယံဇာတများ အလွန်အကျွံထုတ်ယူသုံးစွဲမှုကြောင့် သစ်တောများပြုန်းတီးလာကာ ဇီဝမျိုးစုံမျိုးကွဲများ မျိုးသုဉ်းပျောက်ကွယ်လာခြင်း၊ ကာဗွန်စုပ်ယူနိုင်မှု လျော့နည်းလာကာ လေထုညစ်ညမ်းလာခြင်း၊ မြေအောက်ရေ လျော့နည်းလာခြင်း၊ မြေဆီလွှာပျက်စီးလာခြင်း စသည့်မရေတွက်နိုင်သော နောက်ဆက်တွဲပြဿနာများစွာ စီတန်းလျက်ရှိပါသည်။ ထိုမှတစ်ဆင့် ရာသီဥတုပြောင်းလဲလာခြင်း၊ ကမ္ဘာကြီးပူနွေးလာခြင်းစသည့် တစ်ကမ္ဘာလုံးအတိုင်းအတာ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကိုပါ ရင်ဆိုင်လာကြရပါသည်။ မြင်သာအောင် ပြောရမည်ဆိုလျှင် ဆူးကိုင်းတွေတင်ပြီး ရွာထဲဝင်လာသည့် အညာဆူးလှည်းကြီးက ဟိုခြံစည်းရိုးနဲ့ မလွတ်၊ သည်ခြံစည်းရိုးက အဝတ်တွေနဲ့ငြိ၊ ကောက်ရိုးပုံလည်း ငြိသလိုပင် ပတ်ဝန်းကျင်ပြဿနာတစ်ခုဖြစ်ပြီဆိုလျှင် နောက်ဆက်တွဲ ဟိုငြိသည်ငြိပြဿနာများ ပေါ်ပေါက်လာသည်ကို သတိပြုကြရမည် ဖြစ်ပါသည်။
ဖွံ့ဖြိုးတိုးတက်ရေးဆိုရာဝယ်
ယခုအခါ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူနေမှုပုံစံပြောင်းလဲလာပြီး မြို့ပြနေထိုင်သူလူဦးရေကလည်း တိုးပွားလျက်ရှိပါသည်။ မြို့ပြများတွင် လောင်စာဆီဖြင့် မောင်းနှင်သော မော်တော်ယာဉ် အသုံးပြုမှုပမာဏများပြားလာကာ အဆိုပါမော်တော်ယာဉ်မှ Carbon Dioxide ကဲ့သို့ ဓာတ်ငွေ့အမြောက်အမြား ထုတ်လွှတ်ပြီး လေထုညစ်ညမ်းမှုများ ဖြစ်စေပါသည်။ လေထုညစ်ညမ်းခြင်း၊ မသန့် ရှင်းခြင်းတို့ကို လူသားတို့ခံစားလာရခြင်းသည် ကမ္ဘာကြီးက စုပ်ယူလက်ခံပေးနိုင်သည့်ပမာဏကို ကျော်လွန်နေပြီဖြစ်ကြောင်း သတိပေးနေခြင်း ဖြစ်ပါသည်။ မော်တော်ယာဉ်များနှင့် အခြားစက်တပ်ပစ္စည်းများ လည်ပတ်ရန်အတွက် ပြန်လည်မပြည့်ဖြိုးနိုင်သည့် လောင်စာများကို အသုံးပြုနေရခြင်းဖြစ်ပြီး အဆိုပါအကန့်အသတ်ရှိသည့် သယံဇာတများကို အလွန်အကျွံ ထုတ်ယူသုံးစွဲရာမှ ကြီးမားသော ပတ်ဝန်းကျင်ပြဿနာများကို ရင်ဆိုင်လာရသည့်အပြင်ယခုအခါ လောင်စာဆီရှားပါးလာတော့မည့်အရေးပါ ကြုံလာရပါသည်။
ဖွံ့ဖြိုးတိုးတက်ရေးဆိုရာဝယ် တိုက်ကြီးတာကြီးများ ဆောက်လုပ်ခြင်း၊ စက်ရုံအလုပ်ရုံများတည်ထောင်ခြင်း၊ ကျယ်ဝန်းသောလမ်းမကြီးများဖောက်လုပ်ခြင်း၊ မိုးပျံတံတားများဆောက်လုပ်ခြင်းဆိုသည့် အမြင်သည် တဖြည်းဖြည်းကွယ်ပျောက်လာပြီဖြစ်ပါသည်။ အကြောင်းမှာ မိမိတို့စီးပွားရေးကောင်းမွန်အောင်နှင့် ဝင်ငွေများတိုးပွားလာရန် အတွက် ကမ္ဘာကြီး၏ သယံဇာတများကို အလွန်အကျွံထုတ်ယူရာမှ ပတ်ဝန်းကျင်ပျက်စီးလာသည်ကို သတိပြုမိလာကြသဖြင့် မိမိတို့ ဆောင်ရွက်နေသည့် စီးပွားရေး၊ လူမှုရေးလုပ်ငန်းများ အောင်မြင်တိုးပွားဖို့ရန် ကောင်းမွန်သောပတ်ဝန်းကျင်ရှိရမည်၊ သယံဇာတများကို ထိန်းသိမ်းစောင့်ရှောက်ရမည်ဆိုသည့်အသိ ထွန်းကားလာသောကြောင့်ပင် ဖြစ်ပါသည်။ တစ်ဖက်တွင်လည်း သဘာဝသယံဇာတများကို မှီခိုအားထားနေရသော လူသားတို့အဖို့ သယံဇာတများ ထုတ်ယူသုံးစွဲရင်း အကန့်အသတ်ရှိသော ထိုသယံဇာတများ ရှားပါးလာခြင်းကို သတိထားမိကြသော်လည်း ရေရှည်သုံးစွဲနိုင်စေရန် မည်သို့ထိန်းသိမ်းကြမည် အရေးကိုမူမေ့လျော့နေကြပါသည်။ သို့သော်လည်းလူသားများအနေဖြင့် ကမ္ဘာကြီးက ထုတ်လုပ်ပေးလျက်ရှိသည့် သယံဇာတများကို လုံးဝအသုံးမပြုဘဲ ရှင်သန်၍မရသည့်အတွက်ကြောင့် သယံဇာတများ ရေရှည်တည်တံ့ရေးနှင့် မျိုးဆက်သစ်များထံသို့ လက်ဆင့်ကမ်းနိုင်ရေးတို့ကို ရှေးရှု၍ စနစ်တကျမှန်ကန်စွာ အသုံးပြုနိုင်ရမည် ဖြစ်ပါသည်။
ထုတ်ယူခြင်းနှင့် စွန့်ပစ်ခြင်း စီမံခန့်ခွဲမှုနည်းလမ်းသုံးသွယ်
ပြန်လည်မပြည့်ဖြိုးနိုင်သည့် သယံဇာတများအပေါ်အသုံးပြုခြင်းကို တဖြည်းဖြည်း လျှော့ချသွားရမည်ဖြစ်သည်။ ပြန်လည်ပြည့်ဖြိုးနိုင်သည့် သယံဇာတများကိုအသုံးပြု၍ လျှပ်စစ်ထုတ်လုပ်ခြင်း၊ လုပ်ငန်းများလည်ပတ်ခြင်း စသည့်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ရမည်ဖြစ်သည်။ ဥပမာ- ဒေသအမွေအနှစ်များကို မပျက်စီးစေဘဲ စီးဆင်းနေသော မြစ်ချောင်းများမှတစ်ဆင့် လျှပ်စစ်ထုတ်လုပ်ခြင်း၊ ပင်လယ်ဒီရေအသုံးပြု၍ လျှပ်စစ်ထုတ်လုပ်ခြင်း၊ လေဒဟတ်များ အသုံးပြု၍ လျှပ်စစ်ထုတ်လုပ်ခြင်း စသည့်ကဏ္ဍများဖွံ့ဖြိုးတိုးတက် အောင် အားပေးရမည့်အပြင် အဆိုပါကဏ္ဍများတွင် ပိုမိုရင်းနှီးမြှုပ်နှံ ရမည်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ပြန်လည်မပြည့်ဖြိုးနိုင်သည့် သယံဇာတများအပေါ်မှီခိုအားထားခြင်းကိုလျှော့ချပြီး ပြန်လည် ပြည့်ဖြိုးနိုင်သည့် သယံဇာတများကို စနစ်တကျသုံးစွဲခြင်းအပေါ် အားပေးကာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ အကန့်အသတ်ဖြင့်သာရရှိနိုင်သော သယံဇာတများထုတ်လုပ်ပေးရာ အရင်းအမြစ်(Source) နှင့် စုပ်ယူလက်ခံပေးရာ(Sink)တို့ ရေရှည်တည်တံ့စေရန် သဘာဝသယံဇာတများ ထုတ်ယူခြင်းနှင့် စွန့်ပစ်ပစ္စည်းများ စွန့်ပစ်ခြင်းတို့ကို နည်းလမ်းသုံးသွယ်ဖြင့် စီမံခန့်ခွဲသွားရ မည်ဖြစ်ပါသည်-
(၁) သစ်တောများ၊ ရေ၊ ငါး အစရှိသော ပြန်လည်ပြည့်ဖြိုးနိုင်သည့် သယံဇာတများကို ထုတ်ယူသုံးစွဲရာတွင် နှစ်စဉ် ထုတ်ပေးနိုင်သော အတိုးပမာဏကိုသာ ထုတ်ယူသုံးစွဲရန် ဖြစ်ပါသည်။ ဥပမာ - လက်ရှိ ရေချို၊ ရေငန် ငါးပမာဏကို သိရှိပြီး ၎င်းတို့နှစ်စဉ်မွေးထုတ်ပေးနိုင်မည့် ပမာဏထက် ကျော်လွန်၍ မထုတ်ယူမိစေရန် ဖြစ်ပါသည်။
(၂) ရုပ်ကြွင်းလောင်စာ၊ သတ္တုအစရှိသော ပြန်လည်မပြည့်ဖြိုး နိုင်သည့် သယံဇာတများကို ထုတ်ယူသုံးစွဲရာမှ ရရှိလာသော အကျိုးအမြတ်များကို ပြန်လည်ပြည့်ဖြိုးနိုင်သည့် သယံဇာတတိုးတက်လာရေးအတွက် အသုံးပြုရန်ဖြစ်ပြီး အဆိုပါသုံးစွဲမှုမှ ရရှိလာမည့် စွမ်းအင်ပမာဏအတွင်းသာ ထုတ်ယူသုံးစွဲရန် ဖြစ်ပါသည်။ ဥပမာ- ရေနံရောင်းချ၍ ရရှိလာသည့် အကျိုးအမြတ်ကို သစ်တောများပြန်လည်ပြုစု ပျိုးထောင်ခြင်း၊ နေရောင်ခြည်စွမ်းအင်သုံးပစ္စည်းများ ထုတ်လုပ်ခြင်းကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံပြီး ထွက်ရှိလာမည့် ပမာဏအတွင်း အသုံးပြုခြင်းဖြစ်ပါသည်။
(၃) စွန့်ပစ်ညစ်ညမ်းပစ္စည်းများစွန့်ပစ်ရာတွင် ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးချနိုင်သည့် ပမာဏထက် ကျော်လွန်၍ အသုံးမပြုခြင်း ဖြစ်သည်။ ဥပမာ- ကြွပ်ကြွပ်အိတ်အသုံးပြုရာမှ ထွက်ရှိလာမည့် စွန့်ပစ်ကြွပ်ကြွပ်အိတ်များကို အသုံးပြု၍အမှိုက်ပုံးများ ပြုလုပ်နိုင်သည့် ပမာဏကိုကျော်လွန်၍ ကြွပ်ကြွပ်အိတ်ကို အသုံးမပြု ခြင်းဖြစ်သည်။
ပူးပေါင်းကာကွယ်စောင့်ရှောက်ပေး
ကမ္ဘာကြီးက ပေးစွမ်းနေသောအရာများ ရေရှည်တည်တံ့စေရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ရေရှည် ဆောင်ရွက်သွားနိုင်စေရန်ရည်ရွယ်ပြီး ၁၉၈၃ ခုနှစ်တွင် ကျင်းပသော ကုလသမဂ္ဂညီလာခံက World Commission on Environment and Development (WCED)ကို ဖွဲ့စည်းခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် အဆိုပါ ကော်မရှင်က “ကမ္ဘာမြေကြီး၏ သယံဇာတထုတ်လုပ်ပေးခြင်း (Source)နှင့် စွန့်ပစ်အရာများ စုပ်ယူလက်ခံပေးခြင်း (Sink) တို့သည် အကန့်အသတ်ရှိကြောင်း”ကို အသိအမှတ်ပြုဖော်ပြထားသည့် “Our Common Future” အမည်ရှိသည့် စာအုပ်ကို ထုတ်ဝေခဲ့ပါသည်။ Our Common Future အမည်ရှိ သည့် Brunt land Report ဟု လူသိများသည့် အဆိုပါစာအုပ်တွင် ကမ္ဘာကြီးရေရှည်တည်တံ့ရေးအတွက် ပတ်ဝန်းကျင်အစဉ်သဖြင့် တည်တံ့ရေး၊ စီးပွားရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဟန်ချက်ညီစွာပေါင်းစပ်ဆောင်ရွက်ရမည်ဟူသည့် “စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး- Sustainable Development” ကို စတင်အသိအမှတ်ပြု မိတ်ဆက်ခဲ့ပါသည်။
စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး- Sustainable Development ဆိုသည်မှာ လက်ရှိ လူသားများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်စေပြီး နောင်မျိုးဆက်သစ်တို့အတွက် ၎င်းတို့ လူမှုစီးပွား ဘဝလုပ်ကိုင်စားသောက်နိုင်သော ပတ်ဝန်းကျင်အခြေအနေရှိအောင် ဆောင်ရွက်ခြင်းကို ဆိုလိုပါသည်။ ၁၉၉၂ ခုနှစ်၊ ဘရာဇီးနိုင်ငံ Rio de Jeneiro တွင် ကျင်းပခဲ့သည့် UN Conference on Environmental and Development(UNCED)(ခေါ်) Earth Summit- ကမ္ဘာမြေ ထိပ်သီးညီလာခံက Rio ကြေညာစာတမ်းကို ကြေညာနိုင်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်များ လက်မှတ်ရေးထိုးရန် အခြေတည်ခဲ့ပါသည်။
မြန်မာနိုင်ငံအနေဖြင့်လည်း သယံဇာတများနှင့် ဇီဝမျိုးစုံမျိုးကွဲများပေါကြွယ်ဝသည့် နိုင်ငံအဖြစ် ထင်ရှားသည့်နိုင်ငံဖြစ်ပြီး သယံဇာတများရေရှည်တည်တံ့ရေး၊ ကောင်းမွန်သော ပတ်ဝန်းကျင်အစဉ်သဖြင့် တည်ရှိရေးတို့အတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည့် အားလျော်စွာနိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာစာချုပ်များတွင် သဘောတူညီ လက်မှတ်ရေးထိုးကာ ကတိကဝတ်များအတိုင်း အကောင်အထည်ဖော်လျက်ရှိပါသည်။ ယင်းအပြည်ပြည်ဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး သဘောတူစာချုပ်များအရမဖြစ်မနေ အကောင်အထည်ဖော်ရမည့် လုပ်ငန်းများကြောင့် မြန်မာ့ပတ်ဝန်းကျင်ကို အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းနိုင်ခဲ့သည်ကို မှတ်သားရပါသည်။ Convention on Biological Diversity (CBD)နှင့် ASEAN Centre for Biodiversity(ACB)အဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုးခဲ့မှု ကြောင့် ဇီဝမျိုးစုံမျိုးကွဲ သယံဇာတများ ထိန်းသိမ်းရေးလုပ်ငန်းစဉ်များအတွက် အကူအညီများ ရယူဆောင်ရွက်နိုင်ခဲ့ပါသည်။ Basel Convention တွင် ပါဝင်ခဲ့မှုကြောင့် ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများ ထိန်းချုပ်ရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်သလို Stockholm Convention တွင် ပါဝင်ခဲ့မှုကြောင့်လည်း သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်စေပြီး ကြာရှည်စွာ မပျောက်မပျက် တည်မြဲနေနိုင်သည့် အော်ဂဲလ်နစ် ဓာတုဒြပ်ပစ္စည်းများ (Persistent Organic Pollutants- POPs)၏ အန္တရာယ်မှကာကွယ်စောင့်ရှောက် နိုင်ရေးကဏ္ဍများတွင် ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။
လုပ်နိုင်သည်ကစ၍
ကမ္ဘာမြေကြီးက ပေးစွမ်းထားသည့် အကန့်အသတ်ရှိသော သဘာဝသယံဇာတများ၊ အရင်းအမြစ်များနှင့် သန့်ရှင်းသော၊ ကောင်းမွန်သော ပတ်ဝန်းကျင်ကို ယခုမျိုးဆက်အပြင် နောင်လာမည့် မျိုးဆက်ပါ အသုံးပြုနိုင်ရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်မှုများကို ကမ္ဘာအရပ်ရပ်က နိုင်ငံများအားလုံးသည် တူညီသောဘုံရည်မှန်းချက်ဖြင့် အရှိန်အဟုန်ပြင်းစွာ အတူတကွ လုပ်ဆောင်ရပါမည်။ တစ်ကမ္ဘာလုံးအတိုင်းအတာဟု ဆိုလိုက်လျှင် “တို့နဲ့ အလှမ်းဝေးပါတယ်၊ တို့ရပ်ကွက်မှာ အပင်တွေလည်း စိမ်းစိမ်းစိုစိုနဲ့ ပတ်ဝန်းကျင် ကောင်းမွန်လှတယ်၊ သက်ဆိုင်ရာအဖွဲ့တွေက ဆောင်ရွက်လိမ့်မယ်”ဟု ယူဆလို့မရပေ။ တစ်ဦးတစ်ယောက်ချင်းစီက အိမ်မှာနေရင်း၊ အလုပ်လုပ်ရင်း၊ ရုံးသွားရင်း၊ ခရီးသွားရင်း သဘာဝ သယံဇာတထိန်းသိမ်းရေးလုပ်ငန်းများတွင် ပါဝင်နိုင်ပါသည်။ မိမိကိုယ်တိုင် သဘာဝသယံဇာတများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် တစ်နိုင်တစ်ပိုင်ပါဝင်လို့ရမည့် နည်းလမ်းများကို ဝေမျှပါရစေ -
(၁) အစားအသောက်များကို စားနိုင်ရုံပမာဏလောက်သာ ချက်ပြုတ်စားသုံးပြီး ပိုလျှံပါက လိုအပ်သည့်နေရာများသို့ ပြန်လည်မျှဝေပေးခြင်း၊ ဆန်ဆေးရည်များကို အပင်ရေ လောင်းခြင်း၊ ထမင်း၊ ဟင်းပန်းကန်များ အကြမ်းဆေးကြောရာတွင် အသုံးပြုခြင်းတို့ဖြင့် ရေသယံဇာတကို ချွေတာနိုင်သလို အိမ်တွင်းစွန့်ပစ်ပစ္စည်းလည်း လျှော့ချပြီးသားဖြစ်ပေမည်။
(၂) ထို့အပြင် အိမ်တွင်းရေပိုက်များ ပျက်စီးနေပါက ချက်ချင်း ပြုပြင်ခြင်း၊ မလိုအပ်ဘဲ ရေပိုက်ခေါင်းဖွင့်ကာ အသုံးမပြုခြင်း (ဥပမာ- ရေပိုက်ခေါင်းဖွင့်၍ သွားတိုက်ခြင်း၊ ဆပ်ပြာတိုက်ခြင်း၊ ရေပိုက်ခေါင်းလုံအောင် မပိတ်ခြင်း)၊ မိုးရေ စုဆောင်းသုံးစွဲခြင်း၊ အပင်များကို နံနက်စောစောနှင့် ညနေစောင်းများတွင်သာ ရေလောင်းခြင်း(နေ့လယ်နေအပူရှိန် ပြင်းသည့်အချိန်တွင် ရေလောင်းပါက လောင်းလိုက်သည့်ရေသည် အလျင်အမြန် ရေငွေ့ပြန်သွားသည်) စသည့် နည်းလမ်းများဖြင့် ရေသယံဇာတကို ထိန်းသိမ်းနိုင်ပါသည်။
(၃) ဈေးဝယ်ထွက်ရာတွင် ကြွပ်ကြွပ်အိတ်အစားထိုးအိတ်များ အသုံးပြုခြင်း(နံနက်ခင်း ပဲပြုတ်သည်များသည်လည်း ဖက်ရွက်အသုံးပြုထုပ်ပိုးရာမှ အလွယ်တကူရရှိနိုင်သည့် ကြွပ်ကြွပ်အိတ်များ အသုံးပြုလာသည်ကို မြင်တွေ့ရပါသည်။ ဖက်ရွက်အသုံးပြုသော ဈေးသည်များကလည်း ဖက်ရွက်ကို ကြွပ်ကြွပ်အိတ်ဖြင့် ထပ်မံထုပ်ပိုးပေးသည်ကို သတိပြုမိပါသည်။)၊ ကြွပ်ကြွပ်အိတ်များ အသုံးပြုပါကလည်း ထပ်တလဲလဲ ပြန်လည်အသုံးပြုခြင်းတို့ဖြင့် ကြွပ်ကြွပ်အိတ် အသုံးပြုမှုများ လျော့ကျလာပြီး ပတ်ဝန်းကျင်ကို အန္တရာယ်ရှိသောပစ္စည်းများ စွန့်ပစ်နှုန်းလည်း လျော့ကျလာပါမည်။
(၄) တစ်နေရာမှ တစ်နေရာသွားလာရာတွင် ခရီးနီးပါက လမ်းလျှောက်ခြင်း၊ စက်ဘီးဖြင့်သွားခြင်း၊ ခရီးအဝေးသွားပါက ရထား၊ အများသုံးဘတ်စ်ကားများဖြင့် သွားခြင်း စသည့် အလေ့အကျင့်များ ဆောင်ရွက်ပါက လေထုထဲသို့ ကာဗွန်ထုတ်လုပ်မှုပမာဏ နည်းသွားမည့်အပြင် လောင်စာ ဆီထုတ်ယူသုံးစွဲမှု ချွေတာပြီးသား ဖြစ်သလို ကုန်ကျစရိတ် ပါ သက်သာစေမည်ဖြစ်ပါသည်။
(၅) အိမ်၊ ရုံး၊ ကျောင်းများတွင် အသုံးပြုသောပစ္စည်းများကို ထိရောက်စွာအသုံးပြု (Resource Efficiency) နိုင်ရပါမည်။ ထိရောက်စွာအသုံးပြုခြင်းဆိုရာဝယ် အသုံးပြုသော ပစ္စည်းသည် သယံဇာတအနည်းဆုံးကိုအသုံးပြု၍ ထုတ်လုပ်ထား ရမည်၊ ကြာရှည်ခံရမည်၊ မိမိအသုံးပြုလိုသည့် အတိုင်း အတာအထိ ရောက်ရှိမည်။ ဥပမာ- အိမ်၌သုံးစွဲထားသော (အရပ်ခေါ်) လေးပေချောင်း၊ နှစ်ပေချောင်း၊ မီးဟောင်းများ နေရာတွင် LED မီးများ အစားထိုးသုံးစွဲပါက ပိုမို၍လည်း လင်းအားရရှိမည်၊ ကြာရှည်လည်းခံမည်၊ မီးအားသုံးစွဲမှု လည်းနည်းပါးသဖြင့် မီတာခလည်း သက်သာမည်ဖြစ်သည်။ ထို့အပြင် လျှပ်စစ်ပစ္စည်းများ အသုံးပြုပြီးလျှင် မမေ့မလျော့ ပိတ်ထားခြင်းသည်လည်း စွမ်းအင်နှင့် မီတာကုန်ကျစရိတ်ပါ သက်သာစေပါမည်။
(၆) အိမ်တွင်းသီးပင်စားပင်များ စိုက်ပျိုးခြင်းဖြင့် ကျန်းမာရေး နှင့်ညီညွတ်သော အသီးအနှံများ စားသုံးနိုင်ပါမည်။ အရိပ်ရအပင်များ၊ အလှပင်များ စိုက်ပျိုးခြင်းဖြင့်လည်း နေထိုင်သည့် ပတ်ဝန်းကျင်သန့်ရှင်းသာယာပြီး စိတ်ရွှင်လန်းစေမည့်အပြင် ဇီဝမျိုးစုံတို့အတွက် နားခိုရာ အိမ်သဖွယ်ဖြစ်စေပါမည်။
(၇) 5 R (Reuse, Reduce, Recycle, Reject and Repair) နည်းဖြင့် သယံဇာတများကို ချွေတာသုံးစွဲပါ၊ လျှော့သုံးပါ၊ ပြန်လည်သုံးပါ။ ငြင်းပယ်ပါ။ ပြန်ပြင်သုံးစွဲပါ။ မိမိမလိုအပ် တော့သည့် အချိန်တွင် လိုအပ်နေသူများကို မျှဝေသုံးစွဲပေးခြင်းဖြင့် သယံဇာတအသုံးပြုမှု ချွေတာနိုင်မည်ဖြစ်သည်။
(၈) အကောင်းဆုံးနည်းလမ်းမှာ မိမိအသက်ရှင်နေထိုင်မှုပုံစံသည် အသက်ရှင်ခွင့်ပေးထားသည့် ကမ္ဘာကြီးအပေါ် အဘယ်မျှအကျိုးသက်ရောက်စေသနည်းဟု သုံးသပ်ပြီး နေထိုင်မှုပုံစံပြောင်းသင့်လျှင် ပြောင်းလိုက်ခြင်းဖြစ်ပေသည်။
လာမည့် မျိုးဆက်သစ်များကလည်း အသုံးပြုကြမည်ဖြစ်သည်။ သို့ရာတွင် လက်ရှိမျိုးဆက်က စနစ်တကျ မသုံးစွဲဘဲ နောင်လာမည့် မျိုးဆက်သစ်များကို လက်ဆင့်မကမ်းနိုင်ပါက ၎င်းတို့ကမ္ဘာမြေအပေါ် ရှင်သန်နေထိုင်ဖို့ရာ အကျပ်အတည်း အခက်အခဲများစွာကို ရင်ဆိုင် ကြရမည်ဖြစ်ပါသည်။ ယနေ့ခေတ် လူသားများအဖို့ သယံဇာတများကို အကန့်အသတ်ကျော်လွန်၍ များများနှင့် မြန်မြန်ထုတ်ယူသုံးစွဲခြင်း ကြောင့် အရှုံးအမြတ်အနေဖြင့် အမြတ်ရှိနေနိုင်သော်လည်း နောင်မျိုး ဆက်များအတွက်တော့ အမွေဆုံးရှုံးမှုနှင့်သာ ရင်ဆိုင်ကြရပေမည်။ ကျွန်ုပ်တို့သည် ကမ္ဘာကြီးဆိုသည့် သစ်ပင်က သီးပွင့်လာသော အသီးအပွင့် သယံဇာတများကို ကောင်းစွာစားသုံးပြီး နောင်မျိုးဆက်သစ် အတွက် ထိုအသီးအပွင့်များကို ချန်မထားသည့်အပြင် အပင်တစ်ပင်လုံး အမြစ်ပါမကျန်နုတ်ယူသုံးစွဲလိုက်မည်ဆိုလျှင် ကျွန်ုပ်တို့၏ လုပ်ရပ်သည်မတရားမှု မြောက်သွားပြီဖြစ်သည်။
ကမ္ဘာမြေကြီးရေရှည်တည်တံ့ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်ရာတွင် နယ်မြေသတ်မှတ်ချက်မရှိပါ။ မိမိနှင့်အလှမ်းဝေး သောနေရာတွင် သစ်တောသယံဇာတများပြုန်းတီးပါက ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲပြဿနာများကို ထိုနေရာရှိ သက်ရှိသတ္တဝါများသာ ခံစားကြရမည်မဟုတ်ဘဲ တစ်ကမ္ဘာလုံးက ခံစားကြရမည်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းလုံးရှိ သယံဇာတများသည် မိမိနှင့်မိမိမျိုးဆက် ရှင်သန်ရေးအတွက် မရှိမဖြစ်လိုအပ်ပြီး မည်သည့် သယံဇာတကိုမဆို နယ်စည်းမခြားထားဘဲ အတူလက်တွဲ၍ ထိန်းသိမ်းစောင့်ရှောက်ရမည်မှာ မိမိတာဝန်ဖြစ်သည်ဟု ခံယူထားရမည်ဖြစ်ပါသည်။
၂၀၂၂ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်ဖြစ်သော “တစ်ခုတည်းသော ကမ္ဘာမြေ- Only One Earth” ဆိုသည့်အတိုင်း ဤကမ္ဘာနှင့် အလား သဏ္ဌာန်တူသည့် နောက်ထပ်ကမ္ဘာမြေတစ်ခုရစရာမရှိပါ၊ လက်ရှိ ကမ္ဘာမြေကြီးသည်သာလျှင် သက်ရှိသတ္တဝါအားလုံး ရှင်သန်နိုင်ရေး တာဝန်ကြီးကို ထမ်းဆောင်ပေးထားသော ကျေးဇူးကြီးမားသည့် တစ်ခုတည်းသောကမ္ဘာကြီး (Only One Earth) ဖြစ်ပါသည်။ အခြားမရှိသော ကမ္ဘာမြေကြီးပေါ်တွင် လူသားများအပါအဝင် သက်ရှိသတ္တဝါ အားလုံးနှင့် အနာဂတ်မျိုးဆက်သစ်များ ကျန်းမာ၊ ပျော်ရွှင်စွာ ရှင်သန် နေထိုင်နိုင်ရေး လက်ရှိလူသားများအနေဖြင့် သဘာဝသယံဇာများကို စနစ်တကျ အကျိုးရှိစွာအသုံးပြုခြင်း၊ စနစ်တကျ စွန့်ပစ်ခြင်းဖြင့် ကမ္ဘာကြီး၏ သယံဇာတထုတ်လုပ်ပေးခြင်း ယန္တရားကြီးနှင့် စွန့်ပစ် ပစ္စည်းများ လက်ခံစုပ်ယူပေးခြင်းယန္တရားကြီး ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ပါသည်။ သာယာလှပသော၊ သန့်ရှင်း သော၊ ကောင်းမွန်သော၊ အဖိုးထိုက်တန်သော ဤကမ္ဘာမြေကြီးကို နောင်အနာဂတ် မျိုးဆက်သစ်တို့ထံ လက်ဆင့်ကမ်းနိုင်ဖို့ မိမိတို့အနေဖြင့် သဘာဝနှင့်ဟန်ချက်ညီစွာနေထိုင်ကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို လုပ်နိုင်သည်ကစ၍ လုပ်ဆောင်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။ ။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန
ကျမ်းကိုး-
(က)
ဒေါက်တာစန်းဝင်း (၂၀၁၆)၊ “လုပ်နိုင်သည်ကစ၍ အပါ အဝင် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဆောင်းပါး ပေါင်းချုပ်”
(ခ)
World Commission on Environment and Development Our Common Future. Oxford: Oxford University Press, 1987
(ဂ)
United Nations Environment Programme (UNEP) Executive Director Reports
(ဃ) Photos from Google
